Search This Blog

Showing posts with label Literature. Show all posts
Showing posts with label Literature. Show all posts

Saturday, April 12, 2008

Valentine Poems

Valentine's day နဲ့ ဆက်စပ်ပြီး အရင်တုန်းက သူငယ်ချင်းတွေစုပြီး ထုတ်ခဲ့ဖူးတဲ့ ကဗျာစာအုပ်လေးကို သတိရမိတယ်။ ကဗျာတော့ သိပ်မရေးတတ်ပါဘူး။ ကဗျာတွေကိုတော့ တော်တော်လေး စိတ်ဝင်စားနှစ်သက် ခဲ့ဘူးတယ်။ မောင်စိန်ဝင်း (ပုတီးကုန်း) တို့၊ ခိုင်ဝင်း (ပုဏ္ဏဝတီ) တို့ ဆိုတာတော့ အသည်းစွဲတွေပါ။ ၉၉ တုန်းက သူငယ်ချင်းတွေက ချစ်သူများနေ့မှာ "ချစ်သူများရဲ့ရက်ရာဇာ" ဆိုတဲ့ ကဗျာစာအုပ်လေး ထုတ်ကြမယ်ဆိုပြီး ရေးဖို့တိုက်တွန်းတာနဲ့ တိုတိုလေး တစ်ပုဒ်တော့ ရေးဖြစ်သွားတယ်။


အဲဒီတုန်းက အခုလို email တွေ၊ blog တွေ မရှိကြတော့လဲ စာအုပ်တွေနဲ့ပဲ ရေးကြ၊ထုတ်ကြတယ်။ ကဗျာစာအုပ်လေးကတော့ မရှိတော့ဘူး။ အဖုံးတွေ ဘာတွေကတော့ သူများနဲ့ မတူတဲ့ handmade ပန်းချီပုံလေးတွေပါ။

ဒီလိုနဲ့ ၂၀ဝ၀ ခုနှစ်မှာလည်း handmade ပန်းချီပုံ အဖုံးလေးတွေနဲ့ပဲ ချစ်သူများရဲ့ ရက်ရာဇာ ကို ဆက်ထုတ်ကြပါတယ်။ တိုင်ပင်ဖော် တိုင်ပင်ဖက်၊ သွားအတူ လာအတူ သူငယ်ချင်းတွေကို အော့ဖ်ဆက် အပ်တာတွေ ဘာတွေကို ဝိုင်းလုပ်ပေး ရတာပါပဲ။ အော့ဖ်ဆက် ကလည်း state ကျောင်းတုန်းက သူငယ်ချင်း မြတ်ဝတ်ရည် တို့ဆိုင်ပါ။ သူတို့ကလည်း စိတ်ရှည်ရှည် သဘောကောင်းကောင်းနဲ့ စိတ်တိုင်းကျ လုပ်ပေးရှာပါတယ်။ ကဗျာရေးဖို့ အတွက်လည်း ရေးဖို့ ရည်ရွယ်ချက်မရှိ၊ ရေးထားပြီးသား မရှိပေမယ့် သူငယ်ချင်းတွေ ပြောလွန်းတာနဲ့ ဝင်ရေးဖြစ်ပြန်ရော။ စာအုပ်ကလေး တွေကို ပလစ်စတစ်အိပ်နဲ့ ထုတ်ပြီး အသည်းပုံ စတစ်ကာ ကပ်တာတွေက အစ လုပ်ကြပါတယ်။ စတစ်ကာ ပေါ်မှာ ပုံမိတ္တူကူးတာ ဆန်းလင်းတို့ဆိုင်မှာ။ စာအုပ်လေးတွေကို Eternal ရေမွှေး ပုလင်းလေးတွေနဲ့တောင် ရေမွှေးတွေလဲ ဆွတ်ကြသေး။ ပြီးတော့ အတန်းထဲက၊ မိန်းထဲက သူငယ်ချင်းတွေကို ရောင်းကြတယ်။ တချို့ကိုလည်း အမှတ်တရပေးကြတယ်။ ကဗျာဆန်ခဲ့၊ စိတ်ကူးယဉ်ဆန်ခဲ့ ကြတာတွေပေါ့။ ဒီကဗျာ စာအုပ်လေးကလည်း ကျွန်တော့် ဆီမှာ မရှိတော့ဘူး။ နောက်တော့မှ သူငယ်ချင်းတစ်ယောက် ဆီမှာ တစ်အုပ်ရှိတာ ရတာနဲ့ blog မှာ အမှတ်တရ တင်ဖြစ်ပါတယ်။ တောင်းထားတာတော့ ကြာပြီ အခုမှ တင်ဖြစ်တာ။