ဤသုံးယောက်သာလျှင် မိသားစုဖြစ်ပါသလားဟု ဟန်ကမေးလိုက် သောအခါ လယ်သူမကြီးသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူတို့တွင် သားတစ်ယောက်လည်းရှိကြောင်း၊သို့သော် စစ်ကြီးဖြစ်စတွင် စစ်ထဲမလိုက်မနေရသဖြင့် တပ်ထဲသို့ပါ၍သွားရှာကာ သေဆုံးခဲ့ပြီဖြစ် ကြောင်း၊ ထိုသားသည် တိုက်ပွဲတွင်ကျဆုံးသည် မဟုတ်ဘဲ နမိုးနီးယားရောဂါဖြင့် နန်စီမြို့ဆေးရုံတွင် သေဆုံးသည့်အကြောင်းများကို ပြောပြရှာလေသည်။
“ကျွန်တော်ဝမ်းနည်းပါတယ်ခင်ဗျာ” ဟု ဟန်ကဆိုလိုက်၏။
“သေသွားတာလည်းခပ်အေးအေးပဲထင်ပါရဲ့ကွယ်။ အဲဒီ သားက အင်နက်တာနဲ့ စရိုက်ချင်း တော်တော်ကြီးတူတယ်။ စစ်ရှူံး ရတာကို သူအင်မတန်အသည်းနာရှာတယ်။ အေးလေ စင်စစ်စစ်ရှူံး ရတာဟာလည်း သစ္စာအဖောက်ခံရလို့ပေါ့ကွယ်” ဟု ညည်းညူ နေပြန်လေသည်။
“နေပါဦး...အဒေါ်တို့ပြင်သစ်တွေက ဘာဖြစ်လို့ ပိုလန်ပြည် အတွက်ဝင်ပြီး တိုက်ကြရတာလဲ။ ပိုလန်ပြည်နဲ့ အဒေါ်တို့နဲ့ ဘာဆိုင်လို့လဲ”
“အေးကွယ် မောင်ရယ် မောင်ပြောတာမှန်ပါတယ်။ တကယ်လို့သာမောင်တို့ရဲ့ ဟစ်တလာက ပိုလန်ပြည်ကို ယူတာ တို့က ကြည့်နေလိုက်လို့ရှိရင် ပြင်သစ်နဲ့ဂျာမန်စစ်တောင် ဖြစ်မှာမဟုတ် ဘူးကွယ်”
စကားပြောကြပြီးသည့်နောက်တွင် ဟန်သည် ထိုင်ရာမှထ၍ ပြန်ရန်နှုတ်ဆက်လေသည်။ မကြာမီတစ်ခေါက် လာပါဦးမည်ဟုလည်းး ကတိပြု၍သွား၏။
“ကျွန်တော်လာလို့ရှိရင် ဝက်သားမမေ့ခဲ့ပါဘူးဗျာ”
ယင်းသည့်နောက်တွင် ဟန်၏ကံဇာတာမှာ တက်ကြွ၍ လာလေရော့သလားမသိ။ ဟန်တွင် တာဝန်သစ်တစ်ခု ကျလာ၏။ ထိုတာဝန်သစ်မှာ လယ်တောကို ဖြတ်၍ဖြတ်၍ အနီးရှိ မြို့တစ်မြို့သို့ : တနင်္ဂနွေတစ်ပတ်လျှင် နှစ်ကြိမ် စာပို့သွားရသောတာဝန် ဖြစ်လေရာ လယ်တောသို့မကြာခဏ ဝင်နိုင်ခွင့်ရ၍နေလေသည်။ ဟန်မှာ လယ်တောသို့လာတိုင်း စားစရာ သောက်စရာ တစ်ခုခုကို အမြဲသဖြင့် မပါပါအောင် ယူ၍လာခဲ့၏။ သို့သော် အင်နက်တာနှင့် ဆက်ဆံရာ တွင်မူကား ဟန်သည်မည်သို့မျှ တိုးတက်မှုမရသေးချေ။ အင်နက် တာက သူ့ အပေါ်တွင် ကျေးဇူးတင်၍ ခင်မင်လာအောင် ဟန်သည် နည်းလမ်းအမျိုးမျိုးတို့ဖြင့် ကြိုးစား၏။ ထိုနည်းလမ်းများမှာ ယခင်က သူ့ အပေါ်တွင် မိန်းမများအလွယ်တကူ သဘောကျစေသော နည်းလမ်းဖြစ်လေသည်။ သို့သော် အင်နက်တာနှင့် ယခုကဲ့သို့ တွေ့ကြုံ၍ ထိုနည်းလမ်းများကိုသုံးတိုင်း အင်နက်တာသည်ဟန်၏ အပေါ်၌ ပို၍ပို၍သာ မုန်းတီးလာသည်ကို အံ့သြဘွယ်ရာ တွေ့ရလေ တော့သည်။
အင်နက်တာသည် နှုတ်ခမ်းပါးကလေးနှင့် မျက်နှာကိုတင်းမာ စွာထား၏။ မျက်လုံးများကလည်း ဟန်ကိုကြည့်လိုက်တိုင်း မိလ္လာပုံးကို ကြည့်ရသလို စက်ဆုတ်ရွံရှာသော အမူအရာများကို အမြဲသဖြင့် ပြလေသည်။ တစ်ခါတုန်းက အင်နက်တာသည် ဟန်အားလွန်စွာ နာကျည်းစေသော စကားလုံးများဖြင့် ပက်ပက်စက်စက် ပြောဖူး လေရာ ဟန်မှာ အင်နက်တာအား ပုခုံးကို ကိုင်လှုပ်၍ အသက်ပြုတ်ပြုတ် ထွက်သွားအောင် ဆောင့်ပစ်လိုက်ချင်အောင်ပင် ခံရခက်ခဲ့ဖူးလေသည်။
သို့နေရင်းကပင် လယ်တောသို့ တစ်ခေါက်ရောက်သည်၌ ကံအားလျော်စွာ ဟန်သည် အင်နက်တာအား တစ်ယောက်တည်း တွေ့ ရပေသည်။ . ဟန်လာတာကို မြင်သည်နှင့်တစ်ပြိုင်နက် အင်နက်တာသည် အိမ်မှထွက်သွားရန် နေရာမှထလိုက်၏။ ထိုအခါ ဟန်က တံခါးပေါက်ကို ဆီးကြို၍ ပိတ်ထားရင်း “မင်းခဏထိုင်ဦး ငါမင်းကို ပြောစရာရှိတယ်” ဟု ဆိုလိုက်၏။
“ပြောလေ ငါဟာမိန်းမသား အားနွဲ့ တဲ့ မိန်းမသား၊ ခုခံကာ ကွယ်မဲ့သူလဲ မရှိလေတော့ ကဲပြောချင်ရာ ပြောပေတော့”
“ငါပြောချင်တာကတော့ ဟောဒါပဲ ငါဒီနယ်ကိုရောက်လာတဲ့ ဥစ္စာဟာ အတော်ကြီးကိုကြာပြီ၊ မင်းတို့ပြင်သစ်လူမျိုးတွေရဲ့ အဖို့မှာ အခုလို ကျပ်ကျပ်တည်းတည်း နေတဲ့အခြေအနေဟာ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး၊ ပိုပိုပြီးတော့သာ ဆိုးလာမှာ။ အဲဒီတော့ မင်းတို့အဖို့ ငါ့အကူအညီကို ရလို့ရှိရင် အသက်ရှူချောင်တန် သလောက် ချောင်ပါလိမ့်မယ် မင်းအဖေနဲ့ အမေလို မင်းဘာဖြစ်လို့ စဉ်းစဉ်းစားစား မနေတတ် မပြောတတ်တာလဲကွယ်၊ အဲဒါကို ငါ သိပါရစေ”
ဟန်ပြောသည့်အတိုင်းပင်မှန်၏။ လက်ဦးက ဟန်၏အပေါ် တွင် လိုလိုချင်ချင် မဆက်ဆံဘဲနေခဲ့သော အင်နက်တာ၏ဖခင်မာစီယာ ပေရီယေးပင်လျှင် ယခုအခါ၌ ဟန်နှင့် အလွမ်းသင့်စပြုနေပေပြီ။ မာစီယာပေရီယေးသည် ဟန်အား ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ပြုသည်ဟုကား မဆိုသာ။ ဟန်ကို ဆက်ဆံရာ၌ အင်းမလုပ် အေးအေးစက်စက် လေသံမာမာနှင့် ဆက်ဆံလျက် ရှိနေသေးသည်၊ သို့သော် ရိုင်းကားမရိုင်းတော့။ ယဉ်ကျေးစွာဆက်ဆံ၏။ ဟန်အား သူ့အတွက် စီးကရက်များ ဆေးတံသောက်ဆေးများ ယူလာရန်ပင် မှာကြားတတ်သော အခြေသို့ရောက်၍ နေလေပြီ။ ဆွာဆွန်မြို့တွင် ဖြစ်ပွားနေသော သတင်းများကို ဟန်မှတစ်ဆင့် ကြားသိရသောအခါ တွင် အငမ်းမရ နားထောင်တတ်၏။ ဆွာဆွန်မြို့သို့ ရောက်လာသော ပြင်သစ်သတင်းစာများကို ဟန်ယူလာသည့်အခါတွင် အားရပါးရယူ၍ ဖတ်တတ်ပေသည်။ ဟန်သည် သူ ကိုယ်တိုင်က လယ်သမား၏သား ဖြစ်၏။ ထို့ကြောင့် လယ်တောနှင့်ပတ်သက်၍ ဆီဆိုင်သောစကားလုံး များကို လိမ္မာကျွမ်းကျင်စွာ ပြောတတ်သူလည်း ဖြစ်လေသည်။
အင်နက်တာတို့၏ လယ်တောမှာ မကြီးလွန်း၊ မသေးလွန်း အလောတော် ကျယ်ဝန်းသော လယ်တောဖြစ်၏။ အတော်ရေအောင်သော စမ်းချောင်းကလေးသည် လယ်တောကိုဖြတ်သန်းလျက် စီးဆင်း နေလေရာ ရေရရန်အတွက် ပူစရာဘာမျှမရှိ။ ထို့အပြင် ကြီးမားသော သစ်ပင်များရှိသောကြောင့် ထင်းအတွက်လည်းမပူရ၊ စားသီးစားနှံ များကို စိုက်ပျိုးနိုင်သော မြေပြန့်များလည်းရှိ၏။ သိုးများ နွားများ အတွက် မြက်ရနိုင်သော စားကျက်များလည်း ရှိလေသေးသည်။ လယ်သမားကြီးသည် မိမိ၌ ဤမျှအနေသင့်သော လယ်တောကို ပိုင်ဆိုင်ပါလျက်နှင့် အလုပ်သမားမရှိ၊ မြေသြဇာမရှိ၊ ခိုင်းစရာတိရစ္ဆာန် များမရှိ ဖြစ်နေရသည့်အတွက် လယ်တောမှာအကျိုးစီးပွား ဖြစ်ထွန်းအောင် မလုပ်နိုင် မကိုင်နိုင် ဖြစ်၍နေသည်ကို တညည်းညည်း တညူညူ ပြောပြနေသောအခါမျိုးတို့တွင် ဟန်သည် လယ်သမားသားပီပီ လယ်တောအကြောင်း နားလည်သူဖြစ်သည့်အလျောက် စိတ်ပါ လက်ပါ ကရုဏာဖြင့် နားထောင်၍ နေတတ်ပေသည်။
“အမယ် နင်ကမေးတယ် ငါ့အမေနဲ့ ငါ့အဖေလို စဉ်းစားဉာဏ် ရှိသင့်တယ်လို့ နင်ကဆိုတယ်၊ နင်ဘာဆိုလိုတာလဲဟင်၊ နင်သိရဲ့လား နင်သိရဲ့လား” အင်နက်တာသည် ဒေါသသံကလေးဖြင့် ပြောကာ သူ့ဂါဝန်ကို ကျောဘက်မှ စုသိမ်းဆုပ်ကိုင်၍ တင်းတင်းရင်းရင်းဆွဲကာ သူ၏ကိုယ်လုံးကိုယ်ဟန်ကား ပြလိုက်လေသည်။ မြင်ရသောအချင်း အရာကြောင့် ဟန်၏အသဲနှလုံးများနှင့် ဝိညာဉ်တို့မှာ ဦးစောက် ပြောင်းပြန်လန်၍ သွားကြရလေတော့သည်။ တစ်ခါမှ ဤမျှလောက် စိတ်တွင် မထိခိုက်ဘူးခဲ့။ ဟန်၏ပါးများသို့ သွေးများတဟုန်ထိုး တက်လာကြ၏။
“ဟင် မင်းမှာ ကိုယ်ဝန်ကြီးနဲ့ပါကလား” အင်နက်တာသည် ကုလားထိုင်ပေါ်၌ ပျော့နွဲ့စွာပြန်၍ထိုင်ချလိုက်ပြီးလျှင် စားပွဲပေါ်တွင် တင်ထားသော လက်များပေါ်၌ ခေါင်းငိုက်စိုက်ချပြီးလျှင် အသည်း ကွဲအံ့ကဲ့သို့ ချုံးပွဲချ၍ ငိုရှာပြန်တော့သည်။ “ရှက်စရာကောင်း လိုက်လေခြင်းဟယ်....ရှက်စရာကောင်းလိုက်လေခြင်း”စသည်ဖြင့်လည်း တတွတ်တွတ် ရေရွတ်မြည်တမ်း၍နေရှာ၏။
ဘာလုပ်ရမှန်းမသိမီပင် ဟန်သည် အင်နက်တာ၏ အနားကို ရုတ်တရက် ပွေ့ပိုက်ယုယရန် ကြိုးစားရင်း “အမယ်လေး နှမလေး ရယ်” ဟု ပါးစပ်မှ ရေရွတ်လိုက်မိလေသည်။
သို့သော် အင်နက်တာသည် ထိုင်ရာမှ ခုန်၍ထလိုက်ပြီးလျှင် ဟန်အား အဝေးသို့ရောက်သွားအောင် အတင်းတွန်းလိုက်ပြီးနောက် “မထိနဲ့… မထိနဲ့ ငါ့ကိုနင်မထိနဲ့... သွား... သွား နင်ငါ့ကိုနှိပ်စက်လို့ အားမရသေးဘူးလား ဟင်” ဟု ရှိုက်ကြီးတငင် အော်ဟစ်ကာ ပြေး၍ထွက်သွားလေတော့သည်။
ဟန်သည် တစ်ယောက်တည်းကြောင်၍ ငူငူကြီးရပ်ကာ ကျန်ရစ်ခဲ့ရရှာ၏။ အံ့အားသင့်ခြင်းမက သင့်၍လည်း မဆုံးတော့ပေ သူ၏တွေးလုံးများမှာ တာပတ်ရိုက်၍နေကြ၏။ ထို့ကြောင့် ဆွာဆွန် သို့ပြန်လာရာတွင် မော်တော်ဆိုင်ကယ်ကို ခပ်ဖြေးဖြေးစီးကာ တစ်လမ်း လုံး လာခဲ့မိပြန်လေသည်။ အိပ်ရာသို့ဝင်ပါသော်လည်း ဟန်မှာ နာရီပေါင်းများစွာကြာအောင် အိပ်၍မပျော်တော့ပေ။ အင်နက် တာ၏ စုံစုံကလေးမို့ကြွနေသော ဝမ်းပြင်ကလေးမှလွဲ၍ အခြား ဘာကိုမှ တွေး၍မရ။ စားပွဲတွင်ထိုင်ကာ မျက်လုံးများပင် ကျွတ်ကျမတတ် ငိုနေရှာသော အင်နက်တာ၏ပုံကို မျက်လုံးထဲတွင်တဝဲလည်လည် တရေးရေး ထင်ယောင် မြင်ယမ်းဖြစ်၍နေ၏။ အင်နက်တာ၏ ဝမ်းဗိုက်၌ ကိန်းအောင်းနေသော သန္ဓေသားမှာ မိမိ၏သွေးပေတကား။
တစ်ချက်တစ်ချက်တွင် ဟန်သည် ငိုက်မြည်း၍သွား၏။ သို့ငိုက်မြည်းရာမှ ဟန်သည် ဆတ်ကနဲ လန့်၍နိုးလာ၏။ အိပ်ချင် စိတ်မှာ ပျောက်၍သွား၏။ ညအချိန်တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သော အမြောက်သံကဲ့သို့ အသိဥာဏ်တစ်ခုသည် ဗြုံးခနဲ ပြင်းထန်လှသော အရှိန်ဖြင့် ဟန်၏ဦးနှောက်ထဲသို့ တိုးဝင်၍လာခဲ့လေသည်။ ထိုအသိဉာဏ်မှာကား မိမိသည်အင်နက်တာကို ချစ်၍နေပြီဟူသော အသိဉာဏ် ပင် ဖြစ်လေသည်။
အင်နက်တာကိုချစ်၍နေပြီဟု သူ့ ကိုယ်သူ သိလိုက်ရခြင်းမှာ ရုတ်တရက်ဖြစ်သောကြောင့်၊ သူ့ကိုယ်သူပင် အံ့အားသင့်၍နေမိ၏။ သူ့စိတ်ကိုပင်သူတော့ အမှန်အားဖြင့် ဟန်သည်အင်နက်တာအကြောင်း ကို အကြိမ်ပေါင်းများစွာ တွေး၍တွေးနေခဲ့ဖူးသည်ကား မှန်၏။ သို့သော် ချစ်သည်မဟုတ်။ အင်နက်တာသည် မိမိအား ချစ်၍လာလျှင် မိမိအဖို့၌ ရယ်ရွှင်ဘွယ်မျက်လုံး ပြက်လုံးကြီးတစ်ခု ဖြစ်ပေလိမ့်မည်ဟု ခပ်ရွှင်ရွှင်တွေးခဲ့၏။ မိမိယခင်အတင်းအဓမ္မ ယူခဲ့သောပစ္စည်းကို အင်နက်တာက ဇနီးဖြစ်သောအခါတွင် မိမိအား ကြည်ဖြူစွာပေးအပ်ပါက မိမိ၏အဖို့တွင် အောင်ပွဲကြီးပင်ဖြစ်လိမ့်မည်ဟုလည်း ယခင်က တွေးတောမိခဲ့လေသည်။ သို့သော်ဟန်သည် အင်နက်တာမှာ မိမိအဖို့၌ မိန်းမတစ်ယောက်သာဖြစ်သည်၊ အခြားမိန်းမများ နည်းတူသာ ဖြစ်သည်ဟုတွေးခဲ့၏။ တစ်ခါမျှချစ်မည်ဟု စိတ်မကူးခဲ့၊ အင်နက်တာ သည် မိမိနှင့်စရိုက်ချင်းမတူ၊ အင်နက်တာသည် အလှကြီးလှသူလည်း မဟုတ်။ အင်နက်တာမှာ ဘာမှမက်မောစရာလည်းမရှိ။ သို့ပင်ဖြစ် လျက် အဘယ့်ကြောင့်မိမိသည် အင်နက်တာအပေါ် ဤကဲ့သို့ချစ်သော စိတ် ပေါ်ပေါက်လာရခြင်း ဖြစ်သနည်း စသဖြင့် ဟန်သည်အမျိုးမျိုး တွေး၏။ သို့တွေးရာ၌ တွေးလုံးတို့မှာ စိတ်ကိုချမ်းသာစေသော တွေးလုံးတို့မဟုတ်ဘဲ စိတ်ကိုနာကျင်စေသော . တွေးလုံးတို့သာ ဖြစ်၍နေကြလေတော့သည်။ သို့သော် ဟန်သည် သူ့ စိတ်ကို သူသိ၏။ အင်နက်တာအပေါ်တွင် မိမိထားမိသောစိတ်မှာ အခြားမည်သည့် စိတ်မျှမဟုတ်၊ အချစ်စိတ်ဖြစ်ကြောင်းကား သေချာလေပြီ။ ဤကဲ့သို့ အချစ်နှင့်တွေ့ရပြီဟု သိရသော ခဏတွင် ဟန်မှာဝမ်းသာသလိုကြီးပင် ဖြစ်၍နေမိသည်။ ဟန်သည် အင်နက်တာအား ပွေ့ပိုက်ယုယလို၏။ ဖျောင်းဖျနှစ်သိမ့်လို၏။ မျက်ရည်ကလေးများစို၍နေသော မျက်လုံး ကလေများကို နမ်းရှုတ်ကာ ဖြေသိမ့်ပေးလိုပေသည်။ မိန်းမတစ်ယောက် ကို ယောကျ်ားတစ်ယောက်က သွေးသားအားဖြင့် အလိုရှိသည့် နည်းမျိုးနှင့် မိမိသည် အင်နက်တာအား အလိုမရှိ။ အင်နက်တာ စိတ်ချမ်းသာအောင် ယုယလိုသည်။ အင်နက်တာက မိမိအားပြုံးရောင် ခြယ်သော မျက်လုံးလေးများဖြင့် ကြည့်သည်ကို ဟန်များစွာခံယူ လိုသည် ယခုအထိမူ အင်နက်တာသည် မိမိအားတစ်ခါမျှ ပြုံး၍ မကြည့်ခဲ့ဖူးသေး။ အင်နက်တာ၏ မျက်လုံးများသည် အလွန်တရာ လှပသော မျက်လုံးများဖြစ်ကြသည်။ သို့သော် ထိုမျက်လုံးများ၌ ဒေါသရောင်ကိုသာ အမြဲတစေတွေ့ခဲ့ရသည်။ ယခုမူဟန်သည် အင်နက်တာ၏ မျက်လုံးများတွင် ဝေရီ၍သိမ်မွေ့နေသော အရိပ် အရောင်များသန်းကာ မိမိအားကြည့်သည်ကို ခံယူလိုသောဆန္ဒ တဖွားဖွား ပေါ်ပေါက်၍ နေရှာလေတော့သည်။
သုံးရက်မျှကြာအောင် ဆွာဆွန်မြို့မှ ခရီးမထွက်နိုင်အောင် ဟန်သည် အလုပ်များ၍ နေပြန်၏။ ယင်းသည် သုံးရက်လုံးလုံး သုံးနေ့နှင့် သုံးညတိုင်တိုင် ဟန်သည် အင်နက်တာနှင့် အင်နက်တာ မှ ဖွားမည်ဖြစ်သော ကလေး၏အကြောင်းကိုသာ အထပ်ထပ်တွေး တော၍ နေမိလေတော့သည်။ သုံးရက်လွန်သောအခါမှာ ဟန်သည် လယ်တောသို့ သွားနိုင်ပြန်လေသည်။
ဟန်သည်မဒမ်ပေရီးယေးအား တစ်ယောက်တည်းတွေ့ရလျှင် ကောင်းလိမ့်မည်ဟု တွေး၍ လာခဲ့၏။ ကံကောင်းထောက်မသဖြင့် သူ့ဆန္ဒရှိသည့်အတိုင်းပင်လျှင် မဒမ်ပေရီယေးအား အိမ်နှင့် ခပ်ဝေးဝေး တစ်နေရာ လမ်းပေါ်တွင် အခန့်သင့်တွေ့ရလေသည်။ လယ်သူမကြီး သည် တောထဲ၌ ထင်းခွေပြီးသည့်နောက် ထင်းစည်းကြီးကို ကျောတွင် ပိုးကာ အိမ်သို့အပြန်တွင် တွေ့ရခြင်းဖြစ်၏။
ဟန်သည် သူ၏မော်တော်ဆိုင်ကယ်ကို ရပ်လိုက်၏။ မဒမ်ပေရီ ယေးက သူ့အပေါ်တွင် မိတ်ဆွေသဘောမျိုးဖြင့် ပြောဆိုဆက်ဆံ သည်မှာ မိမိယူ၍ ယူ၍လာသော အစားအသောက်များအတွက်သာ လျှင်ဖြစ်သည်ဟု ဟန်နားလည်၍ထား၏။ သို့သော် မိတ်ဆွေဟု အမှတ်ထားမထားကို ဟန် ယခုအခါ၌ ဂရုမစိုက်နိုင်တော့။ မိမိအား ရန်သူညှိုးဘက်သဖွယ် မပြုလျှင်တော်ပြီဟု စိတ်ကိုဆုံးဖြတ်ထား လိုက်၏။ မိမိပေးနိုင် ကျွေးနိုင်လျှင် ထိုလယ်သူမကြီးသည် မိမိနှင့် သင့်တင့်အောင် အလိုက်အထိုက်ပေါင်းမည်မှာကား သေချာ၍နေလေ သည်။ နှစ်ဦးဆုံမိကြသောအခါ၌ ဟန်က “ကျွန်တော်နဲ့ နှစ်ယောက် တည်း စကားပြောချင်လို့ပါ။ ထင်းစီးကြီးကို ချပါအုန်းလား” ဟု ဆိုလိုက်၏။ မဒမ်ပေရီယေးသည် ဟန်ပြောသည့်အတိုင်းပင် ကျော၌ ပိုးလာသော ထင်းစီးကိုချလိုက်၏။ ထိုနေ့သည်ကား ကောင်းကင်တွင် ပြာမွဲရောင်ထလျက် မိုးသားများ အုံ့ဆိုင်းနေသောနေ့ဖြစ်၏။ သို့သော် များစွာမချမ်းအေးလှပေ။
“ကျွန်တော် အင်နက်တာရဲ့အကြောင်းကို အားလုံးသိပြီးပါပြီ” ဟု ဟန်ကပြောလိုက်၏။
မဒမ်ပေရီယေးသည် ဆတ်ကနဲလန့်၍သွား၏။ “မောင် ဘယ့်နှယ်လုပ်ပြီး သိသွားပါသလဲ၊ သူကမောင့်ကို အသိမပေးရဘူးလို့ သေသေချာချာ ပိတ်ထားတာ”
“သူကိုယ်တိုင်ပဲကျွန်တော့်ကိုပြောတယ်”
“ဟိုနေ့ကဖြစ်ပုံကဖြင့် ဆန်းပါပေ့ကွယ်”
“ကျွန်တော်လည်းအခုမှသိရတယ်၊ ဘာပြုလို့ အစကတည်းက ဒီအကြောင်းသိကတည်းက ကျွန်တော့်ကို ဘာပြုလို့မပြောတာလဲဟင်”
ဤတွင် မဒမ်ပေရီယေးက အကြောင်းစုံကို ဇာတ်လှန်၍ ခင်းလေတော့သည်။ မဒမ်ပေရီယေး၏ အသံတွင် နာကျည်းသောအသံ မပါ၊ ဟန်အား မပြောချင်သောအသံလည်း မပါပေ။ သူ၏အသံမှာ နွားကလေးမွေးရင်း နွားမတစ်ကောင် သေဆုံးရသည့်အကြောင်းကို ပြောနေဘိသကဲ့သို့ ၎င်းအသံမှာ လေးလေးမှန်မှန်နှင့်ပင် ပြောပြ၍နေ လေသည်။ သူ၏အသံမှာ မနုဿလူသားတို့ တွေ့ကြုံကြရသော ကံဆိုးကြမ္မာတစ်ခု၏ အကြောင်းကို စိတ်မတုန်လှုပ်ဘဲပြောပြနေပုံမျိုး ဖြစ်၏။ ကံဆိုးကြမ္မာဆိုသည်မှာ ရှောင်လွဲ၍ ရကောင်းသည်မဟုတ်၊ ဝမ်းနည်းကြေကွဲနေကာမျှဖြင့်လည်း ပြီးနိုင်သည်မဟုတ်၊ သို့ဖြစ်၍ ပေါ်ပေါက်လာသော ကံဆိုးကြမ္မာကို ခေါင်းငုံ့၍ ခံရမည်ဟူသော အယူအဆကို လက်ကိုင်ထားသော လေသံပင် ဖြစ်နေလေသည်။ မဒမ်ပေရီယေးမှ သိရသည်မှာကား-
ဟန် ပထမအကြိမ် လယ်တောအိမ်သို့ ရောက်၍ရမ်းကားသွား သောည လွန်ခဲ့သောအခါတွင် အင်နက်တာသည် ရက်ပေါင်းများစွာ ကြာအောင် အိပ်ရာထဲတွင် သေကောင်ပေါင်းလဲအဖျားကြီး ဖျား၍ နေခဲ့ရလေသည်။ ဖျားနေရာက အင်နက်တာသည် နာရီပေါင်း များစွာကြာအောင် အသံကုန်ထ၍ထ၍ အော်ဟစ်နေလေရာ ရူး၍သွား တော့မည်လားဟုပင် မိဘများက စိုးရိမ်ခဲ့ကြပေသည်။ ဆရာဝန် ခေါ်စရာကလည်းမရှိ။ ရွာကဆရာဝန်မှာ စစ်တပ်အမိန့်ဖြင့် တပ်ထဲသို့ လိုက်သွားရလေပြီ။ ဆွာဆွန်မြို့တွင်ပင်လျှင် ဆရာဝန်နှစ်ယောက်သာ ကျန်ရစ်ခဲ့၏။ ထိုဆရာဝန်များမှာ နှစ်ယောက်စလုံးပင် အသက်အရွယ် အိုမင်းနေသော ဆရာဝန်ကြီးများ ဖြစ်ကြလေသည်။ ထိုဆရာဝန်များ အား သွားခေါ်ရန် ယာဉ်ရထားရဖို့မှာလည်း အတော်ပင်ခဲယဉ်း၏။ ထို့ပြင်စစ်ဘက်အမိန့်အရ ထိုဆရာဝန်များမှာမြို့မှခွာ၍ ဘယ်ကိုမှ သွားခွင့်မရကြပေ။
အဖျားကြီးဖျားပြီးသည့်နောက် အင်နက်တာသည် အဖျားကျ၍ သွား၏။ အဖျားကျ၍သွားသော်လည်း အိပ်ရာထဲမှာရက်ပေါင်းအတော် ကြာအောင် မထနိုင်ဘဲရှိရပြန်၏။ အိပ်ရာမှ ထနိုင်သောအခါ တွင်လည်း အလွန်တစ်ရာ အင်အားနည်းပါးလျက် သနားစရာကောင်း၍ နေရှာလေ တော့သည်။ ထို့သို့ နှလုံးတုံလှုပ်ဖွယ်ရာ အကြုံကြီးကြုံတွေ့ လိုက်ရသော အဖြစ်ဆိုးကြီးကြောင့် အင်နက်တာသည် ချုံးချုံးကျ၍သွားရ၏။ သို့နှင့် တစ်လပြီးတစ်လ ကုန်လွန်ခဲ့ရာ၊ နှစ်လခန့်ကြာသော အခါတွင် မဒမ်ပေရီယေးမှာ သမီးအတွက် စိုးရိမ်မကင်းဖြစ်စပြု၍ လာခဲ့၏။ လက်ဦးတွင်ကား များစွာစိုးရိမ်ခြင်းမရှိသေး။ အင်နက်တာသည် အပျိုကလေးဖြစ်သည်မှစ၍ အလွန်သွေးသားညီညွတ်သောသူဖြစ် သည်။ နှစ်လကြာ၍လာသောအခါတွင်မူကား မဒမ်ပေရီယေးသည် တစ်ခုခုဖြစ်ပြီဟူ၍ ထင့်ခနဲစိတ်ပူ၍လာပေတော့သည်။ ထို့ ကြောင့် သမီးဖြစ်သူအင်နက်တာအား တိုးတိုးတိတ်တိတ်ကြိတ်၍မေးရှာ၏။ အင်နက်တာကာဘာမျှမပြောတတ်ရှာပေ။ တဖြေးဖြေးပို၍ပို၍ အသည်း ထိတ်စရာဖြစ်၍လာသောကြောင့် ဖခင်ဖြစ်သူ မာစီယာပေရီယေး အား ဘာမျှမပြောသေးဘဲ ကြိတ်၍အသာ အချိန်ကိုစောင့်၍ ကြည့်နေ ကြရလေသည်။ သုံးလလွန်မြောက်၍ လာသောအခါတွင်မူကား ဘာမျှသံသယ ဖြစ်စရာမလိုတော့ပြီ၊ အင်နက်တာတွင် ပဋိသန္ဓေ ရှိနေခဲ့ပေပြီ။
ပေရီယေးတို့၏ လယ်တောတွင် စစ်မဖြစ်ခင်အခါက ဆွာဆွန် မြို့စျေးကို သီတင်းတစ်ပတ်တွင် နှစ်ကြိမ်၊ နံနက်အချိန်၌ လယ်တော မှထွက်သော ကုန်စည်တို့ကိုသွားပို့သော စစ်ထရွန်းမော်တော်ကား အဟောင်းကြီးတစ်စင်းရှိ၏။ သို့သော် ဂျာမန်တို့ ပြင်သစ်ပြည်ကို သိမ်းပိုက်လိုက်ကြသည့်အချိန်မှစ၍ ယာတောမှပစ္စည်း လုံးဝမပို့နိုင် အောင်ဖြစ်၍ သွားရလေရာ၊ ထိုကားကြီးမှာ အလုပ်မရှိဘဲဖြစ်၍သွား၏။ ထို့ပြင်ဓာတ်ဆီမှာလည်း ရှားပါးလွန်းလှပေသည်။ ယခုကဲ့သို့ အင်နက်တာ၏ ကိစ္စကြီးပေါ်ပေါက်လာသောအခါတွင် မဒမ်ပေရီယေးသည် ထိုကားကြီးကိုထုတ်စေ၍ အင်နက်တာကိုပါခေါ်ကာ ဆွာဆွန် မြို့သို့လာခဲ့ကြလေသည်။ လမ်းတွင်တွေ့ ရသော အခြားကားများမှာ ဂျာမန်တို့၏ စစ်ကားများသာလျှင် ဖြစ်၏။ လမ်းဘေးတွင် ဂျာမန် စစ်သားများ အပျင်းထူ၍နေကြသည်ကို တွေ့ရ၏။ လမ်းများတွင် ဂျာမန်တို့ကပ်ထားသော စာတမ်းများကိုတွေ့ရ၏။ အများပြည်သူ လူထုနှင့် ဆိုင်သောအဆောက်အဦးများတွင် မြို့သိမ်းဗိုလ်မှူးကြီး၏ လက်မှတ်ထိုးထားသော ကြော်ငြာစာတမ်းအမျိုးမျိုးတို့ကို ပြင်သစ် ဘာသာဖြင့် တွေ့ရလေသည်။ ဆိုင်ပေါင်းများစွာတို့ပင်လျှင် ပိတ်၍ ထားကြ၏။ မဒမ်ပေရီယေးတို့လူစုသည် သူတို့ သိကျွမ်းသော ဆရာဝန်အိုကြီးထံ သွားကြ၏။ ဆရာဝန်ကြီးက သူတို့အား သင်္ကာယန မကင်းသည့်အတိုင်း အင်နက်တာတွင် သန္ဓေရှိနေသည့်အကြောင်း အခိုင်အမာပြောဆိုလေသည်။ မဒမ်ပေရီယေးက ထိုသန္ဓေကို တား၍ ပေးပါရန် ဆရာဝန်ကြီးအားတောင်းပန်၏။ သို့သော် ဆရာဝန်ကြီး မှာဘာသာအားဖြင့် ကက်သလစ်ဂိုဏ်းဝင်ဖြစ်သောကြောင့် ထို တောင်းပန်ချက်မှာ အလဟဿဖြစ်ရှာလေတော့သည်။ သားအမိနှစ်ယောက် ခေါင်းချင်းဆိုင်၍ ငိုကြသောအခါတွင် ဆရာဝန်ကြီးက ပုခုံးကိုတွန့်၍ “တစ်ပြည်လုံးမှာ မင်းတစ်ယောက်တည်း ဒီလိုဒုက္ခ တွေ့ရတာ မဟုတ်ပါဘူးကွယ်၊ တစ်ပြည်လုံး တစ်မျိုးသားလုံး ဒုက္ခ တွေ့နေရတာပဲ” ဟု ဆိုလိုက်လေသည်။
မဒမ်ပေရီယေးတို့သည် အခြားဆရာဝန်ထံသို့ ဆက်၍သွားကြ ၏။ ဆရာဝန်ကြီးအိမ်သို့ရောက်၍ လူခေါ်ခေါင်းလောင်းကို တီးလိုက် သောအခါ အတော်ကြီးကြာအောင် မည်သူမျှ တံခါးလာ၍မဖွင့်ပေ။ နောက်ဆုံးကျမှ အဝတ်နက်ဝတ်၍ထားသော မျက်နှာအိုအိုနှင့် မိန်းမတစ်ယောက်သည် တံခါးကို လာ၍ဖွင့်လေသည်။ “ဆရာဝန်တွေ့ ပါရစေ” ဟု မဒမ်ပေရီယေးက ပြောလိုက်သောအခါတွင် ထိုမိန်းမ သည် တုန်ရီလှုပ်ရှား၍ ငိုလေတော့သည်။ ဆရာဝန်မှာ ဖရီးမေဆင် အသင်းသားဖြစ်သောကြောင့် ဂျာမန်တို့ကဖမ်းဆီး၍ ဓားစာခံအဖြစ်ဖြင့် ထားသည်ဟု သိကြရ၏။
ဤကဲ့သို့ ဓားစာခံခေါ်၍ထားခြင်းမှာ အခြားကြောင့်မဟုတ်၊ ဂျာမန်စစ်ဗိုလ်များ မကြာခဏလာရောက်၍ အရက်သောက်သော အရက်ဆိုင် တစ်ဆိုင်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့၏။ သို့ပေါက်ကွဲသည့် ဒဏ်ချက်ကြောင့် ဂျာမန်စစ်ဗိုလ်နှစ်ယောက်သေဆုံးကာ အများအပြား ပင် ဒဏ်ရာရခဲ့ကြလေသည်။ (ထိုဗုံးကိုတိတ်တဆိတ်ထား၍ ဖောက်ခွဲ သူတရားခံများကို အရပ်ကရှာဖွေပေးရမည်။ ချိန်းထားသောရက်တွင် ရှာဖွေ၍မပေးနိုင်ခဲ့သော် ဆရာဝန်အား သေနတ်နှင့်ပစ်သတ်မည်။ ဟု ဂျာမန်စစ်တပ်က ကြေညာ၍ထား၏။ ယင်းသည့်အဖြစ်အပျက်ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်ဖြင့် အနက်ရောင်အဝတ်များကို ဝတ်ဆင်ထားသောမိန်းမကြီးက ပြောပြသဖြင့်သိကြရ၏။ မိန်းမကြီး သည် သနားကြင်နာသော စိတ်ထားရှိပုံပေါ်လေရာ မဒမ်ပေရီယေးက မိမိတို့၏ ဒုက္ခကို ဖွင့်ဟ၍ တိုင်ပင်ရှာလေတော့သည်။ ထိုအခါတွင် မိန်းမကြီးသည် အင်နက်တာအား ကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်ရှာပြီးလျှင် “ခွေး ခွေး ခွေးကောင်တွေကြောင့် ငါ့သမီးလေး သနားစရာဖြစ်ရရှာပြီ” ဟု ဆိုလိုက်သေးလေသည်။
မိန်းမကြီးသည် အင်နက်တာတို့အား မြို့ထဲ၌ရှိသော ဝမ်းဆွဲ ဆရာမတစ်ယောက်၏ လိပ်စာကိုပေးပြီးလျှင် မိမိကလွှတ်လိုက်သည့် အကြောင်းကိုပါပြောပြဖို့ မှာလိုက်လေသေးသည်။ ဝမ်းဆွဲဆရာမ ထံသို့ အင်နက်တာတို့သွားကြသောအခါ ထိုဆရာမက ဆေးတစ် ပုလင်းကို ပေးလိုက်လေသည်။ ထိုဆေးကို အင်နက်တာသောက်သော အခါတွင် အကြီးအကျယ် ဝေဒနာခံစားရရှာလေတော့သည်။ သေလု မျောပါးပင် ခံစားရရှာလေ၏။ သို့သော် ထိုဆေးသည် ဝေဒနာခံစားရရုံမှ အပ ဘာမှထိရောက်ခြင်းမရှိ၊ အင်နက်တာတွင် ကိုယ်လေးလက်ဝန် ဆက်လက်၍ ရှိမြဲရှိနေလေတော့သည်။
ယင်းသည့်အဖြစ်အပျက်များကို မဒမ်ပေရီယေးက ဟန်အား ပြောပြလေရာ ဟန်သည် အတန်ကြာအောင်ပင် တိတ်ဆိတ်ငြိမ်သက်စွာ စဉ်းစား၍နေလေသည်။ ပြီးမှ-
“နက်ဖြန်ခါဟာ တနင်္ဂနွေနေ့ပဲအဒေါ် ကျွန်တော့်မှာဘာမှ လုပ်စရာ တာဝန်မရှိဘူး၊ အဲဒီတော့ ကျွန်တော်လာခဲ့ပါဦးမယ်။ ဒီတော့ ကျွန်တော် အင်နက်တာနဲ့စကားပြောမယ်၊ လက်ဆောင်လဲယူ ခဲ့ပါ့မယ်” ဟု ပြောလိုက်လေသည်။
“တို့မှာလက်ချုပ်အပ်မရှိဘူးကွဲ့၊ လက်ချုပ်အပ်ကလေးများ ရနိုင်မလားဟင်”
“ကျွန်တော်ကြိုးစားပြီးရှာခဲ့ပါ့မယ်”
မဒမ်ပေရီယေးသည် ထင်းစီးကြီးကို ကျောပေါ်ပြန်၍ ပိုးလိုက်ပြီးနောက် လမ်းအတိုင်းထွက်ခွာ၍ သွားလေတော့သည်။ ဟန်သည် ဆွာဆွန်မြို့သို့ပြန်၍သွား၏။ နောက်တစ်နေ့မှာ တနင်္ဂနွေနေ့ ဖြစ်လေရာ ဟန်သည် အလုပ်တာဝန်မရှိသဖြင့် မော်တော်ဆိုင်ကယ် ကို တပ်မှထုတ်၍မစီးဝံ့ဘဲ၊ စက်ဘီးတစ်စင်းကိုငှားကာ အင်နက်တာတို့ လယ်တောသို့ လာခဲ့ပြန်လေသည်။
စက်ဘီးနောက်ခုံပေါ်တွင် အစားအစာအထုပ်ကို တင်၍လာ၏။ ထိုအထုပ်မှာ ယခင့်ယခင်အထုပ်များထက် ပို၍ကြီးနေလေ တော့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအထုပ်ထဲ၌ ရှန်ပိန်အရက် ပုလင်းတစ်လုံး ပါလာသောကြောင့် ဖြစ်လေသည်။ ဟန်သည် ညနေဆည်းဆာအချိန်ကျမှ အင်နက်တာတို့ လယ်တောသို့ ရောက်ခဲ့ ၏။ အချိန်မှာ မှောင်လုဆဲဆဲဖြစ်နေလေရာ သားအမိ, သားအဖ သုံးယောက်စလုံးကိုပင် အလုပ်မှအပြန် အိမ်တွင်တွေ့လိမ့်မည်ဟု ဟန်နားလည်၍ထားပေသည်။
ဟန်ဝင်၍လာသောအခါတွင် မီးဖိုဆောင်မှာ ထွေးထွေးနွေး နွေးရှိ၍ နေ၏။ မဒမ်ပေရီယေးသည် မီးဖို၌ ချက်ပြုတ်၍နေပြီးလျှင် မာစီယာပေရီယေးမှာမူ “ပဲရစ်ညနေ” သတင်းစာတစ်စောင်ကို ဖတ်လျက်ရှိ၏။ အင်နက်တာကမူခြေအိတ်အပြဲများကို ဖာထေး၍ နေရှာလေသည်။ “ဟောဒီမှာအဒေါ် ကျွန်တော်အပ်ရလာခဲ့ပြီ” ဟု ပြောလိုက်ပြီးနောက် အင်နက်တာဘက်သို့ လှည့်၍ “အင်နက်တာ ငါမင်းဖို့အထည်စကလေးတွေ ယူလာခဲ့တယ်” ဟု ဆိုလိုက်လေသည်။
“နင့်အထည်စတွေကို ငါမလိုချင်ပါဘူး”
ထိုအခါတွင် ဟန်ကပြုံး၍ “ဘယ့်နှယ်မလိုချင်ရမှာလဲ အင် နက်တာရဲ့၊ ကလေးအတွက် အင်္ကျီလေးဘာလေးချုပ်ဖို့ မလိုပေ ဘူးလား” ဟု ခပ်ပြုံးပြုံးနှင့် ဆိုလိုက်ရှာသည်။
ဤတွင် မိခင်ဖြစ်သူမဒမ်ပေရီယေးကလည်း “သူပြောတာ ဟုတ်တယ်အင်နက်တာ တို့မှာ ဘာမှမရှိဘဲ” ဟု ထောက်လိုက်၏။
အင်နက်တာသည် ခြေအိတ်ဖာနေရာမှာ မျက်မွေးထော်ကာ မော်၍မျှမကြည့်ပေ။
မဒမ်ပေရီယေး၏ လောဘဇောတက်နေသော မျက်လုံးများသည် ဟန် ယူလာသော အထုပ်တွင်းရှိ ပစ္စည်းများကို အငမ်းမရ ကြည့်နေမိပြီးနောက် “အမယ် ရှိန်ပိန်ပုလင်းတစ်လုံးတောင် ပါပါ ကလား” ဟု အားရဝမ်းသာဆိုလိုက်လေရာ ဟန်က တစ်ချက် ရယ်လိုက်၏။ ပြီးလျှင် “ကျွန်တော်အကြံတစ်ခုရပြီအဒေါ် အဲဒီရှန် ပိန်ပုလင်းဟာ အခုကျွန်တော်တို့ ဘာအတွက် သုံးရမယ်ဆိုတာကို ကျွန်တော်အကြံရပြီ” ဟုဆိုလိုက်၏။ ထို့နောက်ဟန်သည် စကား မပြောဖြစ်ဘဲ ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ကုလားထိုင်တစ်လုံး ကိုဆွဲကာ အင်နက်တာနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီးလျှင် “ကိုယ်တော့ ဘာကစပြောရမှန်း မသိတော့ပါဘူးကွယ်၊ ဟိုနေ့ညက ကိုယ်လုပ်မိတဲ့ကိစ္စအတွက် ကိုယ်အများကြီးပဲဝမ်းနည်းပါတယ် အင်နက်တာ၊ ဒါဟာ ကိုယ့်အပြစ်တော့ မဟုတ်ပေဘူး၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေက ဖန်တီးလာလို့ဖြစ်ရတယ်၊ အင်နက်တာမင်း ကိုယ့်ကို ခွင့်မလွှတ်နိုင်ဘူးလားဟင်” ဟု မေးလိုက်၏။ ထိုအခါအင်နက်တာ သည် ဟန်အား မုန်းတီးရွံရှာစွာဖြင့် မျက်စောင်းတစ်ချက် ခဲလိုက်လေ သည်။
“နင့်ကိုငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ နင် ဘာဖြစ်လို့ ငါ့ ဟာငါ နေတာကို လာပြီးတော့ နှောင့်ယှက်နေရတာလဲဟင် နင်ငါ့ဘဝ ကို အညွန့်တုံးအောင် လုပ်ပြီးတာတောင် နင်မကျေနပ်နိုင်သေးဘူး လား”
“အဲဒါကိုပဲကိုယ်က ပြောချင်နေတာပါ အင်နက်တာရယ် မင်းကို ကိုယ်ဟာ မင်းဘဝကို အညွန့်တုံးအောင်လုပ်တယ်လို့ ယူဆနေတယ်။ မင်းဘဝအညွန့်မတုံးစေရပါဘူး အင်နက်တာရယ် မင်းမှာပဋိသန္ဓေရှိနေတယ်လို့လဲ ကိုယ်သိရရော ကိုယ့်စိတ်ထဲမှာလေ တစ်မျိုးကြီးပဲ၊ အရင်ကစိတ်တွေ အကုန်လုံးပျောက်ပြီး အခုစိတ် သစ်တစ်မျိုးပေါ်လာတယ်။ ကိုယ်ကလေးရတော့မယ်ဆိုတော့ ကိုယ့်စိတ်ထဲမှာလေ အားရဝမ်းသာ ဖြစ်နေရပါတယ် အင်နက်တာ”
ထိုစကားများကို ကြားရသောအခါတွင် အင်နက်တာသည် မျက်လုံးများ ဝင်းဝင်းတောက်လာပြီးလျှင် “ဘာ….ဘာ… ဘာပြော တယ် အားရတယ်ဟုတ်လား၊ ဝမ်းသာတယ်ဟုတ်လား”ဟု ကက်ကက် လန်အောင် ဒေါသမာန်ဖြင့် မေးလိုက်ပြန်လေတော့သည်။
“တို့ကလေးကို ကောင်းကောင်းမွန်မွန် ဖွားစေချင်တယ် အင်နက်တာ မင်းဒီကလေးကို ဖျက်ပစ်လို့မရတာကို ငါတော့ တကယ်ကို ဝမ်းသာတယ်”
“ခွေးကောင် တိတ်”
“နေဦး အင်နက်တာ ငါပြောတာ နားထောင်စမ်းပါဦး ဒီကလေးရှိမှန်းလည်းသိရော ကိုယ်ဖြင့်လေ ဒီကလေးအကြောင်းကို ချည်းဘဲတွေးနေမိတယ်၊ စစ်ကြီးဟာနောက်ခြောက်လကြာရင် ပြီးတော့ မယ် အခုနွေဦးပေါက်ပြီဆိုလို့ရှိရင်တော့ အင်္ဂလိပ်တွေဟာ ကိုယ်တို့ ဂျာမန်တွေကို ဒူးထောက်ပြီး ရှိခိုးရတော့မယ် ဒီအကောင်တွေမှာ နိုင်လမ်း လုံးလုံးမရှိတော့ဘူး၊ အဲဒီအခါကျလို့ရှိရင် ကိုယ်စစ်ထဲက ထွက်ရမယ်၊ စစ်ထဲက ထွက်ရတာနဲ့ တစ်ပြိုင်နက်တည်း ကိုယ်မင်းကို လက်ထပ်ပါ့မယ်”
“ဘာ…ဘာ….ဘာပြောတယ်...နင်ကငါ့ကိုဘာဖြစ်လို့လက်ထပ် ရမှာလဲ” ဟု အင်နက်တာသည် အံ့သြခြင်းမက အံ့သြသောအသံဖြင့် မေးလိုက်၏။
ဟန်သည် သူဆက်ပြောရမည့်စကားကို မပြောရဲဘဲ မျက်နှာတွင်ရှက်ကိုးရှက်ကန်း ဖြစ်၍နေ၏။ ပါးစပ်မှ ပြင်သစ်စကားဖြင့် ပြောရန် စိတ်မရဲသောကြောင့် ဂျာမန်စကားဖြင့်ပြောရ၏။ ဂျာမန်စကား ကို အင်နက်တာနားလည်ကြောင်း ဟန်သိပြီးဖြစ်၏။
“ကိုယ်မင်းကို ချစ်နေပြီ”
ဂျာမန်စကားနားမလည်သော မဒမ်ပေရီယေးက ကြားဖြတ်၍ “သူဘာပြောတာလဲသမီးရဲ့” ဟု မေးလိုက်၏။
“ဒီအကောင်က ကျွန်မကိုချစ်တယ်တဲ့” ပြောရင်းဆိုရင်းပင် အင်နက်တာသည် ပိုးလိုးပက်လက်လန်ကာ ဝါးလုံးကွဲရယ်၍ နေရှာ လေတော့သည်။ အင်နက်တာ၏ရယ်သံမှာ တဖြည်းဖြည်းကျယ်လောင် သည်ထက် ကျယ်လောင်လာပြီးလျှင် အရယ်မရပ်နိုင်ရှာဘဲ မျက်လုံးများ မှာလည်း မျက်ရည်များ အဖြိုင်ဖြိုင်စီးဆင်း၍ နေလေရာ မဒမ်ပေရီယေး သည် အင်နက်တာ၏ ပါးနှစ်ဘက်ကို တစ်ဘက်တစ်ချက်စီ ခပ်နာနာ ကလေးရိုက်လိုက်သောအခါတွင်မှ အင်နက်တာမှာ သူ့စိတ်သူပြန်၍ ချုပ်တည်းနိုင်ရှာလေတော့သည်။
မဒမ်ပေရီယေးက “သူပြောတာတွေကို ဂရုမစိုက်ပါနဲ့ကွယ် သူ့စိတ်ကို သူလွတ်သွားတာပါ၊ ကိုယ်ဝန်ဆောင်ဆိုတာ ဒီလိုပဲကွဲ့” ဟု ပြောနေသည့်အခိုက် အင်နက်တာသည် အသက်ကို ရှိုက်ကာ ရှိုက်ကာ ရှူလိုက်ပြီးလျှင် သူ့ ကိုယ်သူပြန်၍ ဣန္ဒြေဆည်လိုက်လေ တော့သည်။
ထိုအခိုက်အတန့်တွင်ဟန်က “ကျွန်တော်ဒီရှန်ပိန်ပုလင်းကို ယူလာတာဟာ ကျွန်တော်တို့နှစ်ယောက် စေ့စပ်ကြောင်းလမ်းရေး အတွက် အထိမ်းအမှတ်ကလေး လုပ်ဖို့ပါပဲ” ဟု ပြောလိုက်ရာ အင်နက်တာကမူ “ရှက်စရာကောင်းလိုက်လေခြင်းနော်၊ ဒါလောက်တောင် အသိဉာဏ်နည်းတဲ့ ခွေးတွေကို တို့စစ်ရှုံးရတာဟာ ရှက်စရာ ကောင်းလိုက်လေခြင်း” ဟု ရေရွတ်မြည်တမ်း၍ နေပြန်လေသည်။ ဟန်သည် အင်နက်တာအား ကြည့်ကာ ဂျာမန်ဘာသာဖြင့်ပင် ဆက်လက်၍ ပြောနေပြန်၏။
“မင်းကလေးရှိနေမှန်းကို ငါသိရတဲ့နေ့အထိ ကိုယ်ဟာမင်းကို ချစ်နေမှန်း ကိုယ့်စိတ်ကို ကိုယ်သိတာကလဲဘဲ မိုးကြိုးများထစ်လိုက် သလို ဗြုံးခနဲဆို အသိဉာဏ်ထဲမှာပေါ်ပေါက်လာခဲ့ပါတယ်။ ကိုယ်ဟာ လေ မင်းကိုမြင်ကတည်းကစပြီးတော့ ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ခဲ့ ပါဘူး”
ဂျာမန်ဘာသာကို နားမလည်သူမဒမ်ပေရီယေးက “သူဘာ ပြောနေတာလဲသမီးရဲ့” ဟု မေး၍ နေပြန်၏။
“အလကားစကားတွေပါအမေရယ်”
ထိုအခါတွင် ဟန်သည် သူပြောလိုသော စကားများကို အင်နက်တာ၏ မိဘများပါ နားလည်စေလိုသောကြောင့် ဂျာမန်စကားမှ ပြင်သစ်စကားသို့ ပြောင်း၍ပြောပြန်လေသည်။
တပ်ထဲမှာနေရတာမို့ပေါ့ အင်နက်တာရယ်။ အထက်က ခွင့်မပြုလို့သာ၊ တကယ်လို့များ သူတို့ဆီက ခွင့်ရမယ်ဆိုရင် ကိုယ်ခုချက်ချင်းတောင် မင်းကို လက်ထပ်ပါတယ်ကွယ်၊ ပြီးတော့ ကိုယ်ဟာ ခေခေမာမာလူတန်းစားလဲမဟုတ်ပါဘူးကွယ် ကိုယ့် အဖေကချမ်းသာတယ် ကိုယ်တို့ရပ်ရွာမှာဆိုလို့ရှိရင်လည်း ကိုယ်တို့ဟာ မျက်နှာဖုံးတွေပါပဲ။ ပြီးတော့ ကိုယ်ကအကြီးဆုံးသား မင်းကို လှလှပပကြီးထားနိုင်ပါတယ် အင်နက်တာရယ်”
ဤတွင် မဒမ်ပေရီယေးက “ဪဒါထက် မင်းဟာကက်သလစ်(ခ်)ဂိုဏ်းဝင်လား” ဟု မေးလိုက်ပြန်လေ၏။
“ဟုတ်ကဲ့ ကျွန်တော်ဟာ ကက်သလစ်(ခ်)ဂိုဏ်းဝင်ပါ”
“ဒါဖြင့် တော်ပါသေးရဲ့ ကွယ်”
“ကျွန်တော်တို့နေတဲ့အရပ်ဟာ အင်မတန်ကိုရှုခင်းသာယာ လှတဲ့ အရပ်ပါပဲအဒေါ်၊ ပြီးတော့ မြေဩဇာကလည်း အင်မတန် ကောင်းတယ်၊ မြူးနစ်မြို့နဲ့ အင်းစတရပ်မြို့ကြီးမှာဆိုလို့ရှိရင် ကျွန်တော် တို့လယ်တောလောက်ကောင်းတဲ့ လယ်တောဘယ်မှာမှမရှိပါဘူး ပြီးတော့ အဲဒီလယ်တောဟာ ကျွန်တော်တို့ငှားပြီးလုပ်တာမဟုတ်ပါ ဘူး ကိုယ်ပိုင်မြေပါ။ အဲဒီမြေကို ထောင့်ရှစ်ရာ ခုနစ်ခုပြည့်နှစ် စစ်ကြီးအပြီးမှာ ကျွန်တော်တို့အဖိုးက ဝယ်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့မှာ မော်တော်ကားလဲရှိတယ်။ ရေဒီယိုလဲရှိတယ်၊ ပြီးတော့ အိမ်မှာလည်းတယ်လီဖုန်းသွယ်ထားပါတယ်”
အင်နက်တာသည် သူ့ဖခင်ဘက်သို့လှည့်ကာ နှုတ်ခမ်းကလေး ရွဲ့ရင်း “ဒီလူကြီးလူကောင်းကတော့ဖြင့် ပရိယာယ် အင်မတန်ကောင်း တယ် အဖေရေ့သတိသာထားပေရော့” ဟု ခပ်ငေါ့ငေါ့ ပြောလိုက်ပြီးမှ ဟန်ဘက်သို့တစ်ချက်ကြားဖြတ်ကာ “ဒီလိုဆိုရင် သိပ်ပြီးဟန်ကျမှာ ပေါ့ဟယ်.. တယ်ပြီးဟန်ကျမှာပေါ့၊ စစ်ရှူံးတဲ့နိုင်ငံတစ်နိုင်ငံက နိုင်ငံခြားသူဖြစ်တဲ့ငါဟာ လက်မထပ်ရဘဲနဲ့ လူ့စည်းကမ်းအပြင်ဘက် မှာ မွေးတဲ့ခလေးကလေးနဲ့ နင့်တိုင်းပြည်ကိုလိုက်ပြီး နေရမယ်ဆိုတာ သိပ်ဟန်ကျမှာပေါ့ဟုတ်လား၊ ငါတော့ပျော်မှာပဲဟေ့ သောက်ရမ်းပျော် မှာပဲဟ မဟုတ်ဘူးလားဟင် ဟဲ့ကောင်” ဟု ခါးခါးသီးသီး ပြောလိုက်ရှာပြန်လေသည်။
နှုတ်နည်းလှသော အဖိုးကြီးပေရီယေးသည် ဤအခါတွင်မှ ပထမအကြိမ် ဝင်၍စကားပြောလေတော့သည်။
“မောင်က အားလုံးချောချောမောမောဖြစ်အောင် အခုလိုပြော နေတာဟာ ကျုပ်တို့နားလည်ပါတယ်။ မောင့်စေတနာကိုလည်း ကျုပ်တို့ ယုံကြည်ပါတယ် လွန်ခဲ့တဲ့ပထမစစ်ကြီးအတွင်း တုန်းက ကျုပ်ကိုယ်တိုင်ဟာလည်း စစ်သားပေါ့၊ အဲဒီတုန်းကဆိုရင် ငြိမ်းချမ်းတဲ့ ခေတ်မှာ ဘယ်နည်းနှင့်မှ လုပ်နိုင်မှာမဟုတ်တဲ့ ဒီအလုပ်မျိုးတွေကို ကျုပ်တို့စစ်သားအားလုံးပဲ လုပ်ခဲ့ကြတယ်။ လူ့သဘာဝဟာ လူ့ သဘာဝပါပဲ၊ ဒါပေမယ့် တို့မှာဆိုရင် အခုအခါ တို့သားကသေသွားပြီ။ အဲဒီတော့ ကျောထောက်နောက်ခံဆိုလို့ အင်နက်တာတစ်ယောက်ပဲ ရှိတော့တယ်။ ဒီတော့တို့အင်နက်တာကို ခွဲပြီးတော့ မောင်တို့နိုင်ငံကိုဖြင့် မထည့်နိုင်ဘူးကွယ့်” ဟု ပြောလိုက်လေသည်။
အဲဒီအခြေအနေကိုလည်း ကျွန်တော်စဉ်းစားပြီးပါပြီခင်ဗျာ ဒီပြဿနာရဲ့အဖြေကိုလည်းပဲ ဆုံးဖြတ်လို့ရခဲ့ပါပြီ။ စစ်ကြီးပြီးရင် ကျွန်တော်ဂျာမနီကို မပြန်တော့ပါဘူး၊ ကျွန်တော်ဒီမှာပဲနေပါ တော့မယ်”
အင်နက်တာသည် ဟန်အား ဖျတ်ခနဲလှမ်း၍ ကြည့်လိုက်လေ သည်။ မဒမ်ပေရီယေးကလည်း “ဘာပြောတယ် ဘာပြောတယ်” ဟု အံ့ဩသောမျက်နှာနှင့် ဆင့်ကဲဆင့်ကဲမေးလိုက်လေသည်။
“ဒီလိုပါခင်ဗျာ ကျွန်တော့်မှာ ညီတစ်ယောက်ရှိပါသေးတယ် အဲဒီညီဟာ ကျွန်တော်တို့လယ်တောမှာ ကျွန်တော့်အဖေနဲ့အတူတူ ကူညီညာပြီး အလုပ်လုပ်နေနိုင်ပါတယ်။ ကျွန်တော်ကတော့ ဟောဒီပြင် သစ်ပြည်ကို အတော်ပဲသဘောကျနေပါပြီ။ လုပ်အား၊ ကြံအား ဖန်အားနဲ့ ဉာဏ်စွမ်းသာ ရှိမယ်ဆိုလို့ရှိရင် အဒေါ်တို့မှာ ဒီလယ်တောကို စီးပွားအများကြီး ဖြစ်ထွန်းအောင် လုပ်နိုင်ကိုင်နိုင်ပါလိမ့်မယ် စစ်ပြီး သွားပြီဆိုလို့ရှိရင် ဂျာမန်လူမျိုးအများပဲ ပြင်သစ်ပြည်မှာ အမြဲချရပ် ပြီးတော့ နေကြပါလိမ့်မယ်။ ပြစ်သစ်ပြည်မှာမြေပေါပေမယ့် အလုပ် လုပ်မဲ့ ယောက်ျားမရှိလို့ စိုက်ပျိုးလို့ရနိုင်တဲ့ မြေတွေကို အားလုံးကုန် မစိုက်ပျိုးရဘူးဆိုတာကို လူတိုင်းအသိပဲမဟုတ်လား ဆွာဆွန်မှာ တစ်နေ့တုန်းက ကျွန်တော်တို့ကို သင်တန်းပေတဲ့ လူတစ်ယောက်က ဒီအကြောင်းကိုပြောသွားပါသေးတယ်။ သူ့အပြောအရဆိုရင် အလုပ် လုပ်တဲ့ ယောကျ်ားမားမား ပြင်သစ်ပြည်မှာ နည်းပါးလေတော့ ရှိရှိသမျှ မြေတွေရဲ့ သုံးပုံတစ်ပုံဟာ သီးနှံဖြစ်ထွန်းနိုင်ရဲ့သားနဲ့ အလကား ကောနေရတယ်လို့ ပြောသွားပါတယ်”
မာစီယာပေရီယေးနှင့် ဇနီးသည် လယ်သူမကြီးတို့သည် ထိုစကားကို ကြားရသောအခါတွင် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်မိကြသည်။ ဤသို့ကြည့်လိုက်ကြပုံကို ထောက်ခြင်းအားဖြင့် မိမိ၏မိဘတို့သည် သမီးကလေးအား ဂျာမန် တစ်ယောက်နှင့်ပေးစားရန် သင့်သည်ဟူသောဘက်သို့ ယိမ်းယိုင်စပြုနေ ကြသည်ကို အင်နက်တာသတိထားမိလေသည်။ မိဘများသည် မိမိ၏အစ်ကိုဖြစ်သူ သူတို့၏သားသေဆုံးကတည်းက အင်အားသန် စွမ်း၍ အကြမ်းပတမ်း အလုပ်ကိုလုပ်နိုင်သော သားမက်တစ်ယောက် ကို အလိုရှိ၍နေခဲ့ကြသည်။ မိမိတို့ယခုထက်ပို၍ အိုမင်းကာ လယ်တောတွင် အလုပ်မလုပ်နိုင်သောအခါ၌ ထိုလယ်တောကို ဆက်လက်အလုပ်လုပ်သွားမည့်သူ ရှိစေချင်ကြသောကြောင့်ဖြစ် သည်ကို အင်နက်တာ နားလည်ပြီးဖြစ်သည်။
ဟန်၏စကားကို ကြားရသောအခါတွင် မဒမ်ပေရီယေးက
“မောင့်စကားအရဆိုရင်တော့ အခြေအနေဟာ တစ်မျိုးဖြစ်လာပြီပေါ့ ကွယ် မောင့်စကားဟာ အဒေါ်တို့စဉ်းစားသင့်ကြတဲ့ စကားတစ်ရပ် ပါဘဲ” ဟု ဆိုလိုက်သခဏ၌ အင်နက်တာက ကြမ်းတမ်းလှသော အသံဖြင့် “တိတ်စမ်းပါအမေရယ်”ဟု ငေါက်လိုက်လေ၏။ ထို့နောက် အင်နက်တာသည် သူ့ကိုယ်ကိုရှေ့သို့ကိုင်း၍ ဂျာမန်စစ်သား၏ မျက်နှာကို အလျှံတပြောင်ပြောင်တောက်လောင်နေသော မျက်လုံးများ ဖြင့် စူးစူးဝါးဝါးကြီးကြည့်ရင်း “နားထောင် ငါဟာလေ ငါဆရာမလုပ်ခဲ့ တဲ့ မြို့ကျောင်းက ကျောင်းဆရာလေးတစ်ယောက်နဲ့ လက်ထပ်ကြဖို့ သဘောတူထားခဲ့ပြီးပြီ နားလည်လား စစ်ပြီးလို့ရှိရင် တို့နှစ်ယောက် လက်ထပ်ဖို့ စီစဉ်ထားတယ် သူဟာနင့်လိုအားကောင်းပြီး ကိုယ်လုံး ကိုယ်ထည်ကြီးမားတဲ့လူမဟုတ်ဘူး။ နင့်လိုလှလဲမလှဘူး။ သူဟာ ပိန်ပိန်ပါးပါးဘဲ၊ ဒါပေမယ့် သူ့ အလှဟာ သူ့မျက်နှာမှာ အမြဲအလျှံ ဝေနေတဲ့ အသိဉာဏ်ဘဲ။ သူ့ရဲ့အင်အားဟာလည်း အင်မတန်သဘော သကာယ ကောင်းတဲ့ဝိညာဉ်ရဲ့ အင်အားဘဲ။ သူဟာ နင့်လိုအရိုင်းအစိုင်း မဟုတ်ဘူး၊ သူဟာ ယဉ်ကျေးတဲ့လူတစ်ယောက်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်က ပြင်သစ်လူမျိုးတွေရဲ့ယဉ်ကျေးမှုတွေဟာ သူ့ မှာရှိနေ တယ်။ ငါသူ့ကိုချစ်တယ်။ ချစ်သမှ ငါ့အသည်းနှလုံးနဲ့ ငါ့ဝိညာဉ်နဲ့ အားလုံးပုံပြီးတော့ ချစ်တယ်သိရဲ့လား” ဟု ပြောချလိုက်လေ တော့သည်။
ဟန်သည် တဖြည်းဖြည်း မျက်နှာပျက်၍လာ၏။ အင်နက်တာသည် တစ်ခါမှ ချစ်သူထားခဲ့ဘူးလိမ့်မည်မဟုတ်ဟု ဟန်၏စိတ်၌ ထင်မှတ်၍ နေခဲ့မိသည်မှာ အမှားကြီးမှား၍ နေခဲ့လေပြီ။
“ဒါဖြင့် အဲဒီလူက ဘယ်မှာလဲကွယ်”
“သူဘယ်မှာလို့ နင်ထင်သလဲ၊ နင်မသိဘူးလားဟင်၊ သူ ဂျာမနီမှာဟဲ့ ဂျာမနီမှာ စစ်သုံးပန်းဘဝနဲ့ ငတ်ပြီးနေရှာတယ်လေ နင်တို့က တို့မြေပြင်ပေါ်မှာလာပြီး တို့မြေကြီးကထွက်တဲ့ အစား အသောက်တွေကို ပါးဖြဲနားဖြဲစားနေကြတုန်းမှာ ငါ့ချစ်သူဟာ နင်တို့ ဂျာမန်အကျဉ်းစခန်းမှာ အငတ်ကြီးငတ်နေရတယ်။ နင့်ကို ငါမုန်းလှ ချည်ရဲ့ဆိုတာ ငါဘယ်နှစ်ခါပြောရမတုန်းဟင်၊ နင်ကငါ့ကို ခွင့်လွှတ် ပါလို့ လာပြီးတောင်းပန်တယ်၊ နင့်ကိုငါဘယ်တော့မှ ခွင့်မလွှတ် တော့ဘူး၊ ဟော... အခုနင်က မှားပါတယ်လို့ တောင်းပန်ပြီးတော့ စေ့စပ်ရေးလုပ်ချင်နေပြန်ပြီ ငါနဲ့နင်နဲ့ စေ့စပ်ရေး ဘယ်တော့မှ လုပ်လို့မရဘူးဆိုတာကိုတောင် နင်မသိတတ်ဘူးဟင် အရူး နင့်မှာ ဒါလောက်ဘဲစဉ်းစာဉာဏ်နည်းပြီး အသိဥာဏ်ကလေးမှ မရှိဘူးလား ဟင်?” ဟု ခက်ထန်စွာ ပြော၍နေပြန်၏။ ယင်းသည့်နောက် အင်နက်တာသည် သူ၏ ခေါင်းကလေးကို နောက်သို့ပစ်လိုက်ပြီးလျှင် မျက်နှာတွင်မူ အလွန်အမင်းအသည်းနာ၍နေသော သဏ္ဍာန်ပေါ်၍ လာလေတော့သည်။ ပါးစပ်မှလည်း “ပျက်စီးပြီ ပျက်စီးပြီ ငါ့ဘဝတော့ ပျက်စီးပြီ ဒါပေမယ့် တစ်နေ့ကျရင်သူဟာ ငါ့ကိုခွင့်လွှတ်မှာဘဲထင်ပါရဲ့ ဒါပေမယ့် မတော်တဆများ တစ်နေ့ကျလို့ရှိရင် သူကငါအခုလို ဖြစ်ရတာ နင်ကအတင်းအဓမ္မကြံစည်တာမဟုတ်ပဲနဲ့ နင်ကငါ့ကို ထောပတ်တို့၊ ဒိန်ခဲတို့၊ ပိုးခြေအိတ်တို့ပေးတာနဲ့ ငါ့ကိုယ်ကို နင့် ထိုးအပ်တယ်လို့များ သူထင်ရင်တော့ ဒုက္ခပါပဲ၊ အဲဒါကိုကြောက် ကြောက်ပြီး ငါ့မှာစိတ်ဒုက္ခရောက်လိုက်ရတာကလည်းအမြဲဘဲ၊ ထောပတ်တို့၊ ပိုးခြေအိတ်တို့ပေးရုံနဲ့ ကိုယ်ကာယကိုအပ်နှင်းတဲ့ မိန်းကလေးတွေကလည်း တစ်ပုံကြီးရှိလေတော့ သူထင်ကောင်း ထင်ရှာလိမ့်မယ်။ ကဲပြီးတော့ နင်စဉ်းစားစမ်း၊ သူနဲ့ငါနဲ့ ယူကြပြီဆိုပါစို့၊ တို့ချစ်တဲ့ကြားထဲမှာ နင့်ကလေးဂျာမန်လူမျိုးကလေးက ကန့်လန့် ကန့်လန့်ဖြစ် နေလိမ့်ဦးမယ်။ နင့်လိုပဲထွားထွားနဲ့၊ နင့်လိုပဲဆံပင်ဝါဝါ၊ နင့်လိုပဲမျက်လုံးပြာပြာနဲ့ အဖ,မစစ်တဲ့အကောင်ကလေးဟာ ငါနဲ့ငါ့ ချစ်သူရဲ့ အိမ်ထောင်ရေးမှာ ကန့်လန့်ကန့်လန့်လုပ်ဦးမှာဘဲ အမယ် လေး ငါဘာပြုလို့များ ဒါလောက်စိတ်ဆင်းရဲရပါလိမ့် ဘယ်လိုဒုက္ခနဲ့ တိုးရပါလိမ့်၊ ဘုရားသခင်ကြည့်နေတော့မှာလားဟင်” ဟု မျက်ရည် အဖြိုင်ဖြိုင်ဖြင့် ပြောရှာပြီးနောက် ထိုင်ရာမှထလိုက်ပြီးလျှင် မီးဖိုချောင် ထဲမှ လျင်မြန်စွာ ထွက်၍သွားရှာလေတော့သည်။
ကျန်ရစ်ခဲ့သူသုံးဦးတို့သည် တစ်မိနစ်ခန့်ကြာအောင် စကား မပြောမိကြပဲတိတ်ဆိတ်၍ နေလေတော့သည်။ ဟန်သည် စေ့စပ်ရေး အတွက် သူယူလာသော ရှန်ပိန်အရက်ပုလင်းကို အူကြောင်ကြောင် ကြည့်၍နေမိ၏။ ပြီးမှ သက်ပြင်းတစ်ချက်ချကာ မတ်တပ်ရပ် လိုက်လေ၏။ အိမ်မှ ဟန်ထွက်၍လာခဲ့သည်တွင် မဒမ်ပေရီယေးသည် ဟန်၏နောက်သို့ လိုက်၍လာရှာပေသည်။
“သူ့ ကို မင်းလက်ထပ်ပြီးယူပါ့မယ်လို့ ပြောတုန်းက မင်း တကယ် ပြောတာလားကွယ်”
မဒမ်ပေရီယေးက အသံခပ်တိုးတိုးနှင့် မေးလိုက်လေသည်။ “ဟုတ်ကဲ့ ကျွန်တော် တကယ်ပြောတာပါ၊ ကျွန်တော်သူ့ကို ချစ်နေပါတယ်”
“ပြီးတော့ မင်းသူ့ ကို ဂျာမနီကိုခေါ်မသွားဘူးနော် မင်းဒီမှာ နေပြီးတော့ တို့လယ်တောမှာပဲအလုပ်လုပ်မယ် မဟုတ်လား၊ ဟုတ်လား”
“ကျွန်တော်ကတိပေးပါတယ်”
“ငါ့ယောက်ျားကြီးကလဲ သိပ်ပြီးတော့ အသက်ရှည်မယ် မဟုတ်ပါဘူးကွယ်၊ မင်းတိုင်းပြည်က မင်းတို့လယ်တောကို မင်းပြန်လို့ ရှိရင် ဟိုမှာမင်းညီနဲ့ မင်းနဲ့ လယ်တောကို တစ်ယောက်တစ်ဝက် ပိုင်းရမှာ၊ ဒီမှာတော့ ဒီလယ်တောဟာ မင်းတစ်ဦးတည်းပိုင်ဖြစ်မှာကွဲ့ “နားလည်ရဲ့လား”
“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်”
“အေးကွယ် အင်နက်တာနဲ့ ဟိုကျောင်းဆရာလေး လက်ထပ် ကြမယ်ဆိုတာကို တို့ဘယ်တုန်းကမှ သဘောမတူခဲ့ပါဘူး၊ ဒါပေမယ့် အဲဟိုအချိန်တုန်းကဆိုရင် တို့သားအကြီးက ရှိနေလေတော့ မောင် လုပ်တဲ့လူက သူ့နှမချစ်ရာလူနဲ့ ယူပါစေလို့ဆိုတာနဲ့ အသာကြည့်နေရ တယ်။ ပြီးတော့ အင်နက်တာကလည်းပဲ အဲဒီကျောင်းဆရာကလေးကို အတော်ကြီးချစ်တာ ကဲပါလေ အခုတော့ အဒေါ်တို့သား ကလည်း သေသွားရှာပြီ အဲဒီတော့ အခြေအနေက တစ်မျိုးပြောင်း သွားရှာပြီ။ တကယ်လို့ အင်နက်တာဟာ ကျောင်းဆရာကလေးကို မယူဘဲ ထားဦးတော့ သူတစ်ယောက်တည်းဘယ့်နှယ့်လုပ်ပြီးတော့၊ လယ်တော မှာ လုပ်နိုင်ကိုင်နိုင်ပါ့မလဲ”
“လယ်တောကို ရောင်းပစ်မယ်ဆိုရင်တော့ ရင်နာစရာကြီးပေါ့ ခင်ဗျာ၊ ကိုယ့်မြေ ကိုယ့်လယ်ကိုလယ်သမားတွေ ဘယ်လောက် ခင်တွယ်တယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်”
စကားတပြောပြောနှင့် လျှောက်လာကြရင်း နှစ်ယောက်သား လမ်းမကြီးပေါ်သို့ ရောက်လာကြ၏။ မဒမ်ပေရီယေးသည် ဟန်၏ လက်ကို ဆွဲကိုင်ပြီးလျှင် လှုပ်ယမ်းရင်း ခပ်နာနာကလေးဖျစ်ညှစ်၍ “မကြာခင်လာခဲ့ဦးနော်” ဟု ဆိုလိုက်သည်။ မဒမ်ပေရီယေးသည် မိမိ၏ဘက်သို့ စိတ်ယိုင်၍ အင်နက်တာအား မိမိနှင့် သဘောတူလို၍ နေကြောင်းကို ဟန်သည် ကောင်းစွာရိပ်မိလိုက်၏။ မိခင်ဖြစ်သူက လိုလားနေပြီဟူ၍ သိရခြင်းသည်ပင်လျှင် ဟန်အဖို့၌ မြို့သို့ပြန်၍ လာခဲ့ရာ လမ်းတစ်လျှောက်လုံး ကျေနပ်စိတ်တွေ တဖွားဖွားဖြစ် ပေါ်နေစေ၏။ သို့သော် အင်နက်တာသည် အခြားယောက်ျား တစ်ယောက်နှင့် ချစ်ခင်နေသည် ဆိုသည်မှာကား စိတ်ရှုပ်ဘွယ်ရာ ကိစ္စတစ်ရပ်ပင်ဖြစ်၍ နေရပြန်လေသည်။ မိမိအဖို့၌ ကံကောင်း ထောက်မသဖြင့်သာ အင်နက်တာ၏ ချစ်သူမှာ သုံ့ပန်းဖြစ်၍ နေပေသည်။ ထိုသူသုံ့ပန်းဘဝမှ မလွတ်မြောက်မီပင် မိမိတို့၏ ရင်သွေးကလေးမှာ မွေးဖွားပေလိမ့်မည်။ သို့မွေးဖွားသောအခါ၌ အင်နက်တာသည် စိတ်ပြောင်းလဲကောင်း ပြောင်းလဲပေလိမ့်မည်။ မိန်းမတစ်ယောက်၏ စိတ်ဓာတ်ဆိုသည်မှာ အသိရခက်ခဲလှသည် မဟုတ်ပါလော။ အဘယ့်ကြောင့်ဆိုသော် ဟန်တို့၏ရွာတွင် မိန်းမ တစ်ယောက်သည် သူ၏လင်ယောက်ျားအပေါ်၌ အလွန်အကျူး ချစ်၏။ လင်ကိုချစ်လွန်းပြီး ဂရုစိုက်လွန်းသောကြောင့် တစ်ရွာလုံးက ပင် ထိုမိန်းမအား ပြောင်လှောင်သရော်ကြသည့်အထိပင် ဖြစ်၍နေ လေသည်။ သို့သော် ထိုမိန်းမသည် သားဦးကလေး မွေးဖွားပြီးသော အခါ၌ ယခင်က သူအလွန်ချစ်ခဲ့သော သူ့ယောက်ျားကို ကြည့်မှ မကြည့်ချင်အောင် မုန်းတီးရွံရှာ၍ သွားလေတော့သည်။ ထိုအဖြစ် အပျက်နှင့် ပြောင်းပြန်မဖြစ်နိုင်ဟု မည်သူကဆိုမည်နည်း။ သားမဖွား မီက မိမိအားအလွန်တရာ မုန်းတီးသော အင်နက်တာသည် သားဖွား ပြီးသောအခါတွင် မိမိအားချစ်ကောင်းချစ်လာနိုင်စရာ လမ်းရှိပေသည်။
ယခုပင် မိမိသည် အင်နက်တာအား လက်ထပ်ယူပါမည်ဟု စကား ကမ်းလှမ်းခဲ့ပြီးဖြစ်သည်။ သို့ ကမ်းလှမ်းသည်ကို ထောက်ထား၍ မိမိသည်စိတ်ကောင်း၊ လူကောင်း သဘောကောင်းတစ်ယောက်ဖြစ် ကြောင်းကို အင်နက်တာမသိဘဲနေနိုင်မည်မဟုတ်ဟုပင် ဟန်ကယူဆ နေမိပေသည်။
မိမိအား အင်နက်တာက နောက်ဆုံးပြောလိုက်သောစကား များကို ဟန်သည် တစ်လမ်းလုံး တွေး၍လာ၏။ အင်နက်တာ၏ မျက်နှာထားနှင့် လေသံကိုလည်း ဟန် ကောင်းစွာ မြင်ယောင် ကြားယောင်၍နေလေသည်။ ခေါင်းကလေးကို နောက်သို့ပစ်ကာ ချုံးချ၍ ညည်းလိုက်ရှာပုံမှာကား ကြေကွဲစရာ, သနားစရာအတိပင် ဖြစ်နေလေတော့သည်။ အင်နက်တာ၏စကားလုံးများမှာကား စူးရှထက်မြက်လှစွာ၏။ ပြောသည့်ဟန်မှာလည်း အလွန်ပင်သရုပ် ပေါ်လှ၏။ ဇာတ်စင်ပေါ်၊ ဇာတ်မင်းသမီး တစ်ယောက်ပင်လျှင် အင်နက်တာကဲ့သို့ မိမိ၏စိတ်ကို မိမိသရုပ်ပေါ်အောင် ဖော်ပြနိုင်စွမ်းရှိလိမ့်မည်မဟုတ်။ သို့သော် အင်နက်တာ၏ စကားလုံးများမှာ သဘာဝကျလှပေသည်။ ပြင်သစ်လူမျိုးများ စကားအရာ၌ ကျွမ်းကျင် လိမ္မာသည်ဆိုသောအချက်ကို ဟန်သည်သူ့ စိတ်ထဲ၌ အလိုလို ဝန်ခံ၍နေမိရှာ၏။ အင်နက်တာသည် အလွန်လိမ္မာထက်မြက်လှသော မိန်းကလေးဖြစ်ပေသည်တကားဟု ဟန်တွေးမိ၏။ မိမိအား ကြာပွတ် နှင့် ရိုက်လိုက်ဘိသကဲ့သို့ နာကျင်စေသော စကားလုံးများဖြင့် ဇတ်ဇတ်ကြဲပြောခြင်းကို ခံခဲ့ရသည်ကပင်လျှင် ဟန်၏အဘို့၌ အရသာ တစ်မျိုးထူး၍နေရှာလေသည်။ မိမိသည် ကျောင်းစာကို အတော်လုံလုံ လောက်လောက် သင်ခဲ့ဖူးသူဖြစ်၏။ သို့သော် အင်နက်တာနှင့်မူကား စကားစစ်ထိုးရန် မဝံ့လောက်အောင် ဖြစ်၍နေမိ၏။ အင်နက်တာသည် ယဉ်ကျေးမှုရှိသူပေတကား။
တွေးရင်း တွေးရင်းကပင် ဟန်သည် မိမိအားအင်နက်တာက သန်မာသည် ထွားကြိုင်းသည်၊ ရုပ်ချောသည်ဟု ရုပ်လုံးဖော်လိုက်ပုံကို သတိရ၍လာ၏။ ထို့ပြင် အင်နက်တာက မိမိတို့၏ ရင်သွေး ကလေးသည် မိမိ၏နည်းတူဆံပင်ဝါနှင့် မျက်လုံးပြာများ ရှိလိမ့်မည်ဟု ပြောလိုက်လေသေးသည်။ အကယ်၍သာ အင်နက်တာသည် မိမိအပေါ်၌ စိတ်အာရုံစူးစိုက်ခြင်းမရှိပါက ထိုစကားများကို အသို့လျှင် ပြောလေမည်နည်းဟု ဟန်ယူဆမိ၏။ ထို့ကြောင့် “အ လိုက်တဲ့ ငါ့နှယ်” ဟု တွေးကာ ဟန်သည် တစ်ချက်ရယ်လိုက်ပြီးလျှင် “အေးလေ အချိန်တန်တော့ နွားပိန်ကန်ရမပေါ့” ဟု ကျေနပ်စွာတွေး ၍ နေမိလေသည်။
သီတင်းပတ်တို့သည် တစ်ခုပြီးတစ်ခု ကုန်ဆုံး၍သွားကြ၏။ ဆွာဆွန်မြို့ကို သိမ်းထားသော မြို့ သိမ်းဗိုလ်မှူးကြီးသည် အသက်အရွယ် ကြီး၍ အလိုက်တသိနေတတ်သော ပုဂ္ဂိုလ်ကြီးဖြစ်သဖြင့် နွေပေါက်၍ လာလျှင် တပ်သားများအဘယ်မျှ ပင်ပန်းကြမည်ဆိုသည်ကို ကြိုတင်၍သိမြင်ထားသောကြောင့် ဤဆောင်းတွင်းအခါ၌ တပ်သား များကို ပင်ပင်ပန်းပန်းမခိုင်းစေဘဲ နေလေသည်။ ဂျာမန် သတင်းစာ များကလည်း “အင်္ဂလန်ပြည်သည် ဂျာမန်လေတပ်မတော်၏ လက်ချက်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေ၍ နေပြီးလျှင် အင်္ဂလန် ပြည်သူပြည်သားများသည် ကြောက်လန့်အားကြီးသဖြင့် ကယောင် ကတမ်းဖြစ်၍နေကြပြီ” ဟု ရေးသားဖော်ပြလျက်ရှိ၏။ “ဂျာမန် ရေငုပ်သင်္ဘောများသည်လည်း တစ်နေ့လျှင် ဗြိတိသျှ သင်္ဘောပေါင်း နှစ်ဆယ်၊ အစိပ်နှစ်မြုပ်လိုက်ကြသဖြင့် အင်္ဂလန်ပြည်တွင် စားရေးရိက္ခာ ပြတ်လတ်၍ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုကြောက်လန့်နေကြရ လျက် လက်ရှိအစိုးရကို တော်လှန်ပုန်ကန်မည့် အချိန် နီးကပ်လာပြီ” ဟုလည်း ရေးသားဖော်ပြနေကြလေသည်။ သို့ဖြစ်ရာ နွေရာသီသို့ မရောက်မီပင် အင်္ဂလန်ပြည်သည် ဒူးထောက်ကာ လက်နှက်ချ၍ ဂျာမန်လူမျိုးများသည် ကမ္ဘာကြီး၏သခင်များအဖြစ်သို့ ရောက်လေ တော့မည်ဟု ဟန်သည်ယုံကြည်လျက် ရှိနေပေသည်။
ဟန်သည် သူ့အိမ်သို့စာရေးရာ၌ “မိမိသည် ပြင်သစ်အမျိုး သမီးကလေးတစ်ယောက်ကို လက်ထပ်၍ ထိုအမျိုးသမီးကလေးနှင့် အတူ လယ်တောတစ်ခုကိုလည်း ရလိမ့်မည်”ဟု မိဘများထံ အကြောင်း ကြားလိုက်လေသည်။ ထိုစာထဲ၌ပင်လျှင် ဟန်က ညီဖြစ်သူသည် ကြံဖန်ငွေရှာကာ မိဘလက်ထက်မှ လယ်တောပိုင်စုကို မိမိထံမှ ငွေအမ်း၍ ယူစေလိုကြောင်း၊ ထိုငွေကိုရလျှင် မိမိသည် ပြင်သစ်ပြည်ရှိမိမိပိုင်မည့်လယ်တောကို မြေထပ်၍ဝယ်ကာ တိုးချဲ့မည်ဖြစ်ကြောင်း စသည်တို့ကိုလည်း ရေးလိုက်လေသေးသည်။ ထိုအခါက စစ်ကြောင့် ပြင်သစ်ပြည်၌ မြေဈေးများကျဆင်း၍နေလေရာ စစ်ပြီးလျှင် မြေများ များ ဝယ်လိုက်မည်ဟူသောအတွေးဖြင့် ဟန်သည်အပျော်ကြီး ပျော်နေ မိလေသည်။
တစ်ခါတွင် ဟန်သည် မာစီယာပေရီယေးနှင့်အတူ လယ် တောကို လျှောက်၍ကြည့်ကြ၏။ ဟန်က လယ်တောနှင့်ပတ်သက် သော သူ၏ အကြံအစည်များကို ပြောပြသောအခါတွင် အဘိုးကြီးသည် ငြိမ်သက်စွာနားထောင်လျက်ရှိသည်။ လယ်တောတွင် မြင်းများ၊ နွားများနှင့် ကြက်များ ပြန်၍မွေးမြူ ကာ မျိုးရဖို့ အရေးကြီးလေသည်။
ဟန်သည် ဂျာမန်လူမျိုးဖြစ်ရာ စစ်အောင်သောရဲဘော်ဖြစ်သည့်အတိုင်း ထိုတိရစ္ဆာန်များကို မရ,ရအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်လျက်ရှိ၏။ လယ်တောရှိလယ်ထွန်စက်ကြီးမှာလည်း အိုမင်း ၍နေပြီဖြစ်လေရာ၊ ဟန်သည် ဂျာမနီမှ လယ်ထွန်စက် အသစ်စက်စက် တစ်လုံးကို မှာယူမည်။ ထို့ပြင် ထယ်ထိုးစက်တစ်လုံးလည်း မှာယူမည် ဟု ပြောပြလေသည်။ လယ်တောတစ်ခု စီးပွားရေးဖြစ်ထွန်းနိုင်ရန်မှာ ခေတ်ပေါ်ကိရိယာ တန်ဆာပလာများကို အသုံးပြုမှ ဖြစ်နိုင်ကြောင်း ကိုလည်း ဟန်က မာစီပေရီယေးအား ပြောပြထား၏။ ဤကိစ္စနှင့်ပတ် သက်၍ မာစီယာပေရီယေးသည် သူ၏ ဇနီးအား “ဟန်ဟာ လူဆိုး ကလေးမဟုတ်ဘူးကွဲ့၊ လယ်အကြောင်း၊ ယာအကြောင်းလဲအတော် နားလည်တဲ့ သူငယ်ကွဲ့”ဟု ပြောပြလေရာ ထိုစကားသည် များမကြာမီ မဒမ်ပေရီယေးမှတစ်ဆင့် ဟန်၏နားသို့ ရောက်ခဲ့လေတော့သည်။ ဤအချိန်တွင် မဒမ်ပေရီယေးမှာ ဟန်နှင့်များစွာအလွမ်းသင့်၍ နေခဲ့ ပြီဖြစ်၏။ ထို့ကြောင့် တနင်္ဂနွေနေ့များတွင် ဟန်အား မိမိတို့အိမ် တွင် နေ့လည်စာအတင်း ကြွေးလေ့ရှိပေသည်။ ထို့ပြင် “ဟန်” ဆို သော နာမည်မှာ ဂျာမန်စကားလုံးဖြစ်ရာ မဒမ်ပေရီယေးက ပြင်သစ် ဘာသာပြန်ပြီးလျှင် ဟန်အား “ဂျန်” ဟု ခေါ်လေသည်။ ဟန်ကလည်း လယ်တောတွင်ရှိသော အလုပ်များကို အခိုက်အခါသင့်လျှင် မညည်း မညူ မဆုတ်မဆိုင်း လုပ်ကိုင်ပေးလေ့ရှိသည်။ သို့နှင့်အချိန်ကြာမြင့် လာခဲ့လေရာ အင်နက်တာမှာ ကိုယ်ဝန်ကြောင့် တစ်စထက်တစ်စ အလုပ်မလုပ်နိုင်အောင် ဖြစ်လာသည်ထက်လာနေဆဲ၌ ဟန်၏ အကူအညီကိုရနေသဖြင့် လယ်တောမှာ အလုပ်မပျက်ဘဲနေလေသည်။
မည်ကဲ့သို့ပင်ဖြစ်စေကာမူ အင်နက်တာသည် ယခင်ကနည်းတူပင် ဟန်၏အပေါ်၌ ကြမ်းကြုတ်စွာပင် တင်းမာမြဲ တင်းမာလျက်ရှိနေ သေး၏။ အင်နက်တာသည် ဟန်အား ဘယ်တော့မျှ စကားပြောလေ့ မရှိ။ ဟန်ကတိုက်ရိုက်မေးသော မေးခွန်းများကိုသာလျှင် ဖြေတတ်လေ သည်။ ထို့အပြင် တတ်နိုင်သည်နှင့် တစ်ပြိုင်နက်တည်း အင်နက်တာ သည် သူ၏အခန်းတွင်း၌သာ ပြေးဝင်၍အောင်းခိုကာ နေတတ်လေ သည်။ အခန်းထဲ၌ အလွန်အေး၍လာသောအခါတွင် အင်နက်တာသည် သူ့အခန်းတွင် မနေနိုင်တော့ဘဲ မီးဖိုထဲသို့လာရကာ မီးဖိုကြီးအနီးတွင် အချမ်းသက်သာအောင် ထိုင်ရရှာသည်။ ဟန်နှင့်တစ်ခန်းတည်း ထိုင်၍နေသော်လည်း အင်နက်တာသည် အဝတ်ချုပ်လျှင်ချုပ်၊ မချုပ်ချင်လျှင် စာဖတ်ခြင်းအားဖြင့် ဘာသိဘာသာနေတတ်ပြီးလျှင် ဟန်အား ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင်မထင်သလို လုံးဝဥပေက္ခာ ပြု၍နေတတ်လေသည်။ အင်နက်တာသည် ကိုယ်ဝန် ရင့်မာနေပြီ ဖြစ်သော်လည်း များစွာကျန်းမာလျက်ရှိ၏။ သူ၏ပါးအို့ကလေးများ တွင် သွေးရောင်များသန်း၍နေရာ ဟန်၏ မျက်စေ့ထဲတွင် အင်နက် တာမှာ ကြည့်လိုက်တိုင်း လှ၍နေလေတော့သည်။ ထို့အပြင် မိခင် ဘဝနှင့် တဖြည်းဖြည်းနီး၍လာလေလေ အင်နက်တာမှာ ထူးဆန်းသော သိက္ခာတစ်မျိုး တိုးတက်၍လာလေလေ ဖြစ်နေပေရာဟန်သည် ဇနီးလောင်းအား ငေးစိုက်၍ကြည့်ကာ ရင်ထဲ၌ များစွာပင်အားရ၍ နေမိလေသည်။
သို့နှင့် တစ်နေ့တွင် ဟန်သည် အင်နက်တာတို့ လယ်တောသို့ လာခဲ့ပြန်သည်တွင် လမ်းခုလပ်၌ပင် မဒမ်ပေရီယေးက လက်ပြကာ အရပ်ခိုင်းနေသည်ကို တွေ့လိုက်၏။ ထိုအခါ ဆိုင်ကယ်ကို ဘရိတ် ဖမ်း၍ ရပ်လိုက်ရ၏။

No comments:
Post a Comment