“အမယ်လေး မောင်ရယ် မောင့်ကိုစောင့်နေရတာ တစ်နာရီ လောက်ရှိပြီ။ အခုမှပဲလာတော့တယ် လာမှလာပါဦးမလားလို့ ထင်နေတာ၊ ကဲကဲပြန်တော့ ပြန်တော့ ဒီကနေ့တော့ ပြန်ပေတော့ ပယ်ယာ သေပြီ ပယ်ယာသေရှာပြီ” ဟု ပြောလိုက်၏။
“ပယ်ယာဆိုတာ ဘယ်သူတုန်း”
“ပယ်ယာဂါဗင်လေ အင်နက်တာ လက်ထပ်မယ်ဆိုတဲ့ ကျောင်းဆရာလေးပေါ့”
“ပယ်ယာဂါဗင်သေပြီ” ဟူသော သတင်းကို ကြားလိုက်ရ သည်နှင့်တစ်ပြိုင်နက်တည်း ဝမ်းနည်းရမည့်အစား ဟန်သည် ရုတ်တ ရက် ဝမ်းသာသွား၏။ ကံကောင်းကာထောက်မပေပြီ။ မိမိနှင့် အင်နက်တာတို့ နီးစပ်နိုင်ရန် လမ်းပွင့်၍လာပြီ ဖြစ်သည်တကား။
“အင်နက်တာ တော်တော်စိတ်မကောင်းဖြစ်နေသလား”
“ငိုတော့ မငိုဘူးကွဲ့ ဒါပေမယ့် အတွင်းကြိတ်ဒေါသ, သိပ် ပြင်းနေတယ်၊ အဒေါ်တောင် သူ့ကို ဒီနေ့တော့စကားမပြောဝံ့ဘူး ဒီနေ့များ မင်းသွားမယ်ဆိုရင် မင်းကိုဓားနဲ့ထိုးဖို့တောင် သူခဲယဉ်း မှာမဟုတ်ဘူးထင်တယ်။ သိပ်ဒေါသပြင်းနေတယ်”





