ဟန်သည် မီးဖိုခန်းထဲသို့ ပြန်၍ဝင်လာ၏။ အိမ်ရှင်ဖြစ်သော ပြင်သစ်လယ်သမားကြီးသည် မိမိလက်သီးနှင့်စွပ်၍ ထိုးကာ လှဲချထားခဲ့သည့်အတိုင်းပင် ကြမ်းပြင်ပေါ်၌ လဲမြဲလဲကျ၍နေကာ မျက်နှာတွင် သွေးများပေကျံလျှက် ညည်းညူနေ၏။ ထိုလယ်သမား ကြီး၏ ဇနီးဖြစ်သူ လယ်သူမကြီးမှာမူ မီးဖိုခန်းနံရံကို ကျောနှင့်ကပ်ကာ ဟန်၏ သူငယ်ချင်း ဝီလီကို အကြောက်လွန်နေသော မျက်လုံးပြူးကြီး များဖြင့် ကြည့်နေ၏။
မီးဖိုသို့ ဟန်ပြန်၍ဝင်လာသည်ကို မြင်ရသော အခါတွင်လယ်သူမကြီးသည် ရှိုက်ခါ ရှိုက်ခါ တအိအိ ငိုလေတော့သည်။ ဝီလီကား စားပွဲတစ်လုံးတွင် ထိုင်လျက်ရှိနေ၏။ သူ့လက်တွင် ခြောက်လုံးပြူးကို ကိုင်ထား၏။ ရှေ့တွင်ကား တစ်ဝက်မျှ ကျန်သေး သော ဝိုင်အရက်ဖန်ခွက်တစ်လုံးရှိပေသည်။ ဟန်သည် စားပွဲရှိရာသို့ လျှောက်သွားပြီးလျှင် သူ့ဖန်ခွက်၌၊ အရက်ထည့်ကာ တစ်ကျိုက် တည်းဖြင့် အားလုံးမော့ချလိုက်၏။
“ဟေ့...မင်း ဘယ်လိုဖြစ်လာတာလဲ ထိလာပါပကော” ဟု ဝီလီကပြုံး၍ ဆိုလိုက်မိသည်။
ဝီလီဆိုဘွယ်ရာပင်ဖြစ်သည်။ ဟန်၏မျက်နှာမှာ သွေးတွေ စုလျက် လက်ငါးချောင်း လက်သည်းထက်ထက်နှင့် ကုပ်လိုက်ခြင်းခံခဲ့ ရသော အစင်းကြီးငါးချောင်းမှာ အထင်းသားဖြစ်နေ၏။ ဟန်သည် သူ့ပါးကို မထိတထိစမ်းရင်း
“ကံကောင်းလို့ မျက်လုံးမကန်းတယ် တင်ချာထည့်အုန်းမှ အခုတော့ ငနဲမလေးနွံသွားပါပြီ။ ကဲ...ဝီလီ မင့်အလှည့်သွားလေ” ဟု ပြောလိုက်၏။
“မသွားချင်ပါဘူးကွာ အချိန်နည်းပြီကွ”
“မလောစမ်းပါနဲ့ကွာ မင်းကလဲယောက်ျားပဲ၊ နောက်ကျတော့ကော ဘာဖြစ်ရမှာလဲ။ လမ်းမှားလို့ နောက်ကျတယ်လို့ ပြောတာပေါ့ကွ"
အချိန်ဆည်းဆာဖြစ်၍ နေရောင်မပျောက်သေး၊ အနောက် သို့ ဆင်းနေသော နေမင်း၏ ရောင်ခြည်များသည် ဤလယ်တောအိမ် မီးဖိုချောင် ပြတင်းပေါက်မှ စီးဝင်နေကြ၏။ ဝီလီသည် ခပ်ဆိုင်းဆိုင်း ဖြစ်နေ၏။ ရုတ်တရက်မထ။
ဝီလီသည် ခပ်ပုပုခပ်ညှက်ညှက်နှင့် အသားညိုသူဖြစ်သည်။ စစ်ထဲသို့မဝင်မီက အင်္ကျီပုံစံထုတ်သူဖြစ်သည်။ ဝီလီသည် ဟန်က မိမိအားမိန်းမလျာဟုအထင်ခံရမည်ကို စိုးမိသည်။ ထို့ကြောင့် ဝီလီသည် ဟန်မီးဖိုထဲသို့ ဝင်လာခဲ့သော တံခါးပေါက်ဆီသို့ လျှောက်သွား၏။ သူလျှောက်သွားသည်ကို မြင်လိုက်သော တစ်ခဏအတွင်း ခုံကိုကျော ပေး၍ ကြောက်နေသော လယ်သူမကြီးသည် ထိတ်လန့်တကြားဖြင့် “မလုပ်ပါနဲ့၊ မလုပ်ပါနဲ့” ဟု အော်ကာပြေးလာ၏။
ဟန်သည် လယ်သူမကြီး၏ရှေ့သို့ ရုတ်တရက် ရောက်သွားကာ ပုခုံးကို ကိုင်ဖမ်း၍ ကြမ်းတမ်းစွာနောက်သို့ ပြန်တွန်းလိုက်၏။ လယ်သူမကြီးသည် ယိမ်းယိုင်ပြိုလဲသွား၏။ ဟန်သည် ဝီလီ၏ ခြောက်လုံးပြူးကို ယူလိုက်လေသည်။
“ငြိမ်ငြိမ်နေနော်၊ မသေချင်ရင်၊ နှစ်ယောက်စလုံး နားလည်လား”
ဟန်သည် သူ၏ ဂျာမန်သံနှင့် မတတ်တတတ် ပြင်သစ်စကား ဖြင့် စူးရှစွာပြောလိုက်၏။ ထို့နောက် တံခါးပေါက်ဆီသို့ ခေါင်းဆက်၍ ပြကာ “ကိုင်း.. သွားလေကွာ ဝီလီ၊ ဒီအဖိုးကြီးနဲ့ အမယ်ကြီးကို ငါကြည့်ပြီး စီရင်လိုက်မယ်” ဟု တိုက်တွန်းပြန်လေသည်။
ဝီလီသည် တံခါးပေါက်မှ ထွက်သွား၏။ သို့သော် ချက်ချင်းလိုပင် ပြန်ဝင်လာ၏။
“ဟ... မင်းငတိမ မြောနေပါလားကွ”
“ဘာဖြစ်လဲကွာ”
“ငါတော့မရဘူး၊ မဖြစ်ပါဘူးကွာ”
“မင်းအလကား မင်းဟာမိန်းမ၊ ယောက်ျားမဟုတ်ဘူး”
ဝီလီသည် ရှက်၍သွားပြီး “ကဲကွာ သွားကြစို့”ဟု ဆိုလိုက်၏။ ဟန်သည် စက်ဆုပ်ဟန်ဖြင့် ပုခုံးတွန့်ကာ ဒီအရက်ပုလင်းကုန်အောင် သောက်ဦးမယ်ကွာ၊ ပြီးတော့သွားတာပေါ့” ဟု ပြောလိုက်လေသည်။
ဟန်သည် သက်တောင့်သက်သာရှိလှသဖြင့် ရုတ်တရက် ထိုင်ရာကမထချင်သေး။ ဟန်သည် နာဇီဂျာမန်စစ်သား တစ်ဦးဖြစ်၍ စစ်တပ်နှင့် ပြင်သစ်ပြည်သို့ပါခဲ့ရာ မော်တော်ဆိုင်ကယ်စီးကာ သဝဏ် လွှာပို့နေရသည်။ ယနေ့ တစ်နေ့လုံး မော်တော်ဆိုင်ကယ်ပေါ်မှ ဆင်းရသည်မရှိသဖြင့် ခါးများပင်ကိုက်၍နေခဲ့သည်။ တော်သေးသည်။
နောက်ဆုံးကျန်သောခရီးမှာ ဆွာဆွန်မြို့သို့ သွားရမည့် ခရီးသာ ဖြစ်သည်။ အလွန်ဆုံးဝေးလျှင် ဆယ့်ငါးကီလိုမီတာ၊ ဆယ်မိုင်ခန့်သာ ကျန်တော့မည်။ ဆွာဆန်သို့ရောက်လျှင် စစ်တန်းလျား၌ အိပ်စရာ နေရာမှ ကျန်ပါဦးမည်လား မသိရ၊ အကယ်၍သာ ဤလယ်သူမ ကလေး ကို့ရို့ကားရားမလုပ်လျှင် ဤအချိန်ဆိုလျှင် ဆွာဆွန်သို့ ရောက်၍ ပေးစရာရှိသော တပ်၏ သဝဏ်လွှာများကို ပေးပြီးကာ အိပ်ရာရဖို့ သေချာ၍နေလောက်ပေပြီ။
သူနှင့်ဝီလီတို့သည် ဆွာဆွန်သို့ ဦးတည်လာရင်း လမ်းတွင် လမ်းမှားနေကြ၏။ လယ်တောတစ်ခု၌ရပ်၍ ပြင်သစ်လယ်သမားတစ် ဦးထံ စုံစမ်းကာ၊ လယ်သမားညွှန်သည့် လမ်းအတိုင်း လိုက်ခဲ့ကြသည်၌ ဂျာမန်မုန်းသော ပြင်သစ်လယ်သမားက မိမိတို့အား လမ်းအမှားကို တမင်ညစ်ပတ်၍ ပြလိုက်သည်ကို ရိပ်မိရပေသည်။ ရမ်း၍ဆက်လာခဲ့ ကြရာတွင် လယ်တောတစ်ခုသို့ ရောက်လာကြ၏။ လမ်းကိုမေးရန် လယ်တောအိမ်သို့ဝင်ခဲ့ကြသည်။ နှစ်ယောက်သား အိမ်ရှင်ကို ယဉ်ယဉ် ကျေးကျေးမေးမည်ဟု စိတ်ကူးလာကြ၏။ အထက်မှအမိန့်များ၌ ပြင်သစ်လူမျိုးတို့က ယဉ်ကျေးစွာဆက်ဆံသမျှကာလပတ်လုံး ရိုင်းစိုင်း စွာ မပြုမူမပြောဆိုရဟု တင်းကျပ်သောအမိန့်များ ထုတ်၍ထားသည်။
အိမ်တံခါးကိုခေါက်လိုက်ရာ၊ ပြင်သစ် မိန်းမပျို တစ်ဦးက တံခါးကိုလာ၍ဖွင့်သည်။ ဆွာဆွန်သို့သွားသောလမ်းကို မေးသောအခါ မိန်းမပျိုက “မသိဘူး” ဟု တုံးတိတိဖြေသည်။ ထိုအခါဟန်နှင့် ဝီလီတို့သည် စိတ်တိုကာ အိမ်ထဲသို့ ဇွတ်ဝင်သွားကြသည်။ မီးဖိုချောင် ထဲသို့ ရောက်သောအခါ လယ်သမားကြီးလင်မယားနှင့် မိန်းပျိုတို့မှာ ထမင်းစားပြီးစ ဖြစ်ဟန်တူလျက်၊ စားပွဲပေါ်တွင်လည်း ဝိုင်အရက် ပုလင်းတစ်လုံး ထောင်ထားသည်ကိုတွေ့ရသည်။ ပုလင်းကို မြင်ကာမှ ဟန် သူရေဆာခြင်းမက ဆာ၍နေသည်ကို ပြန်၍သတိရလာပြန် သည်။ တစ်နေ့လုံးနေပူကျဲထဲတွင် သွားလာရသဖြင့် မွန်းတည့်ချိန် ကပင် စတင်၍ ဟန်မှဘာမျှမသောက်ခဲ့ရသေး၊ ထို့ကြောင့်ဟန်သည် ဝိုင်အရက်တစ်ပုလင်းပေးပါရန် တောင်းလိုက်သည်။ ဝီလီကပိုက်ဆံ ပေးပါမည်ဟု ဝင်၍ထောက်လိုက်လေသည်။
ဝီလီသည် သဘောကောင်းသောသူဖြစ်သည်။ သို့သော် လူပျော့ဟု ဟန်ကယူဆသည်။ ဘယ့်နှယ်ဟန်နှင့်ဝီလီတို့သည် စစ်နိုင် သော ဂျာမန်တပ်မတော်သားများမဟုတ်ပါလား၊ ပြင်သစ် တပ်မတော် ကား အဘယ်မှာနည်း၊ ကစင့်ကလျားပြေး၍ ပြိုကွဲနေချေပြီ။ အင်္ဂလိပ် များကလည်း ဘောင်းဘီကိုပင်ထားခဲ့၍ ဒန်းကတ်မှတစ်ဆင့် သူတို့ ကျွန်းကလေးသို့ ယုန်သူငယ်များလို သုတ်ခြေတင်ကာ ဖဝါးနှင့် တင်ပါးတစ်သားတည်း ကျခဲ့ပြီ၊ စစ်နိုင်သူတို့သည် မိမိတို့အလိုရှိရာကို ယူချင်သလို ယူနိုင်သည် မဟုတ်ပါလော။ သို့သော် ဝီလီသည် အရပ်သားဘဝတုန်းက ပဲရစ်မြို့ရှိ ဖက်ရှင်တိုက် ဆိုင်ကြီးတစ်ခု၌ ၂ နှစ်ခန့် အလုပ်လုပ်ခဲ့ဖူးသည်။ ပြင်သစ်စကားကိုရေရေလည် လည်ကြီးတတ်၏။ ထို့ကြောင့်လည်း တပ်ထဲ၌ပါ၍ လာခဲ့သော အခါတွင် ယခုအလုပ်ကို ရခဲ့ခြင်းဖြစ်လေသည်။ ပြင်သစ်လူမျိုးများနှင့် ပေါင်းဖူးသဖြင့် ဝီလီသည် စိတ်ပြေသွားဟန်တူသည်။ ပြင်သစ် လူမျိုးသည် တဖြည်းဖြည်း သိမ်၍တိမ်ကောသွားမည့် လူမျိုးဖြစ်သည်။ မိမိကဲ့သို့သော အာရယံအစစ် ဂျာမန်လူမျိုးတစ်ဦးသည် ပြင်သစ်လို တိုင်းပြည်မျိုး၌ နေရန်မသင့်၊ မိမိပါသံချေးတက်လိမ့်မည်ဟု ဟန်က ယူဆပေသည်။
လယ်သမားကြီး၏ ဇနီး လယ်သူမကြီးသည် ဝိုင်အရက်ပုလင်း နှစ်လုံးကို စားပွဲပေါ်သို့တင်လာ၏။ ထိုအခါ ဝီလီက သူ့အိတ်ထဲမှ ပြင်သစ်ငွေ ဖရန့်နှစ်ဆယ်ကို ထုတ်ယူကာ လယ်သူမကြီးအားပေး၏။ လယ်သူမကြီးက ကျေးဇူးတင်ပါသည်ဟုပင်မဆို။ ဟန်သည် ဝီလီ လောက် ပြင်သစ်စကားမလယ်ဝယ်သော်လည်း သူ့ ဆန္ဒကို သူများ နားလည်အောင်အထိကား ပြောတတ်၏။ ဟန်နှင့်ဝီလီတို့သည် ပြင်သစ်စကား အမြဲတမ်း ပြောကြလျက် ဝီလီက ဟန်၏အမှားများကို ပြင်၍ ပေးလေ့ရှိလေသည်။ ဤနည်းဖြင့် ဝီလီမှာ များစွာအကူအညီ ရသူ ဖြစ်နေလေရာ ဟန်က အကျွမ်းဝင်အောင် ပေါင်းထားခြင်းဖြစ်၏။ ဝီလီသည် ဟန်အား များစွာခင်မင်၏။ အရပ်မြင့်မြင့် ပုခုံးကျယ်ကျယ် ကိုယ်သွယ်သွယ်နှင့် ဆံပင်ဝါလိမ်လိမ် မျက်လုံးပြာပြာရှိသော ဟန်အား ဝီလီကကြည်ညိုစွာ ဆက်ဆံသည်။ ဟန်သည် သူ့ ပြင်သစ်စကား ကို ပို၍ချောမွေ့စေရန် ပြင်သစ်များနှင့်တွေ့တိုင်း လျှာစမ်းလေ့ရှိသည်။ ယခုလည်း စမ်းကြည့်၏။ သို့သော် လယ်သမားမိသားတစ်စုက လို လိုချင်ချင် စကားပြောရန်ဆန္ဒရှိပုံမပြကြ၊ ခပ်အင်အင် လုပ်နေကြသည်။ ဟန်ကသူတတ်သမျှ မှတ်သမျှ ပြင်သစ်စကားဖြင့် မိမိကိုယ်တိုင်လည်း လယ်သမား၏ သားဖြစ်ကြောင်း စစ်ပြီးလျှင် လယ်လုပ်မည့်အကြောင်း၊ မိခင်လုပ်သူက အရောင်းအဝယ်ဘက်ကို သွင်းချင်သဖြင့် မြူးနစ်မြို့ တွင် ကျောင်းနေကြောင်း၊ သို့သော် အရောင်းအဝယ်ကို ဝါသနာ မရှိသောကြောင့် တက္ကသိုလ်ဝင်ခွင့်ရသည်တွင် စိုက်ပျိုးရေးသိပ္ပံသို့ တက်ကာ ပညာသင်ခဲ့ကြောင်း၊ စစ်ဖြစ်လာ၍ စစ်ထဲသို့ပါလာရကြောင်း များကို ပြောပြ၏။
“ရှင်တို့ လမ်းမေးရအောင်လာတာ အခုမေးလို့ အခုသိပြီ မဟုတ်လား သိရင် အရက်ပြီးအောင်သောက်၊ ပြီးတော့သွားကြတော့” ဟု လယ်သမားကြီး၏ သမီးပျိုက ရုတ်တရက် နှင်လေတော့သည်။
ဟန်သည် မိန်းမပျိုအား လက်ဦးက သတိထား၍ မကြည့်ခဲ့မိ၊ ယခုမှပင် ကြည့်မိသည်။ မိန်းမပျိုမှာ အချောအလှကြီးမဟုတ်၊ သို့သော် သိမ်မွေ့နက်မှောင်သော မျက်လုံးများရှိကာ နှာတန်မှာ ဖြောင့်စင်းလှပသည်။ မျက်နှာကလေးမှာ သွေးဆုတ်နေသလို ဖြူလွန်းလှသည်။ အဝတ်ရိုးရိုးကလေးပင် ဝတ်ထားသည်။ သို့သော် လည်း မိန်းမပျို၏ဟန်မှာ လူပုံလယ်တွင် ထင်းခနဲပေါ်လွင်ထင်ရှား နိုင်သော ဟန်မျိုးဖြစ်နေသည်။
စစ်ကြီးဖြစ်စကတည်းက ဟန်သည် ရဲဘော်များထံမှ ပြင်သစ် သူကလေးများ၏ အကြောင်းကို ကြားဖူးခဲ့သည်။ ဂျာမန်မ, ကလေးများ၌ မရှိသော အရည်အချင်းမက်မောစရာတစ်မျိုးကို ပြင်သစ် သူကလေးများ၌ တွေ့ရသည်ဟု ပြောကြသည်။ ဝီလီ၏ အဆိုအားဖြင့် ပြင်သစ်မကလေးများမှာ “ညု” ကလေးရှိသည်ဟု သိရသည်။ ယင်းသည့် “ညု” ဆိုသည်မှာ ဘာလဲဟုပြန်မေးသောအခါ ဝီလီက “မင်း ပြစ်သစ်မကလေးတွေနဲ့ တွေ့မှ သဘောပေါက်ပါလိမ့်မယ်ကွာ အဲဒါက ပါးစပ်ကပြောလို့မဖြစ်ဘူး” ဟု ဆို၏။ အချို့အချို့သော ရဲဘော်များကတော့ ပြင်သစ်မများသည် ငွေမက်၍ ဒူပေဒါပေ အတော်ခံနိုင်သော သံချောင်းများဖြစ်ကြသည် ဟု ဆိုကြသေးသည်။ မကြာမီ တစ်ပတ်အတွင်းလောက်၌ ဟန်တို့တပ်မှာ ပဲရစ်မြို့တော်သို့ ရောက်ကြမည်ဖြစ်လေရာ “အဲဒီတော့မှ ကိုယ်တွေ့ဗဟုသုတ ရှာမှီးရဦးမယ်” ဟု ဟန်အတွင်းကျိတ်တေး၍ထား၏။ စစ်ဦးစီးဋ္ဌာန ချုပ်ကလည်း ပဲရစ်မြို့တော်၌ ဂျာမန်ရဲဘော်များအတွက် “ဆောင်ကြာမြိုင်” များ စီစဉ်ထားပြီဟု သတင်းကောင်းကြားထားရ၏။
“ကဲသောက်ကွာ ပြီးရင်သွားကြစို့” ဟု ဝီလီက လောဆော်၏။ သို့သော် ဟန်မှာ သက်သောင့်သက်သာ ရှိနေသဖြင့် အလောသုံးဆယ် ခရီးမဆက်လိုသေး။ ထို့ကြောင့် မိန်းမပျိုအားလှမ်း၍ “မင်းဟာ လယ်သမားသမီးနဲ့ မတူပါဘူးကွယ်” ဟု စကားစလိုက်လေသည်။ “ဒါဘာဖြစ်သလဲ” ဟု မိန်းမပျိုက ပြန်၍ ခပ်ဆောင့်ဆောင့် မေးလိုက်၏။ သူ့မိခင်လယ်သူမကြီးက “သူက ကျောင်းဆရာမကွဲ” ဟု ဝင်၍ပြောလိုက်၏။
“ဩော် ဒါဖြင့် ပညာကောင်းကောင်း သင်ခဲ့ဖူးတာပေါ့နော်” ဟု ဟန်က ဆိုလိုက်သည်တွင် မိန်းမပျိုက သူ့ပုခုံးကို ရွံရှာစွာ တွန့်လိုက်သည်။ သို့တိုင်အောင် ဟန်သည် ရယ်ကာမောကာဖြင့် ခပ်ချာချာ ပြင်သစ်စကားကိုပြောကာ
“အခုလို စစ်ရှုံးရတာဟာ ပြင်သစ်လူမျိုးတွေအဖို့မှာ အမြတ်ကွဲ့ အမြတ်၊ တို့ကစစ်မကြေညာဘူး၊ မင်းတို့ကစပြီး စစ်ကြေညာတာ မဟုတ်ဘူးလား။ ဟောအခု တို့ကစစ်နိုင်ပြီ၊ ဒီတော့လေ တို့ဟာ ပြင်သစ်ပြည်ကြီးကို တကယ့်တန်းစေ့နိုင်ငံကြီးဖြစ်အောင် လုပ်ပြမယ်။ ပြင်သစ်ပြည်မှာ အားလုံးနေရာတကျ ဖြစ်လာရမယ်၊ ပြင်သစ်လူမျိုး တွေ အလုပ်လုပ်လာအောင် ပြုပြင်ရမယ်၊ စည်းကမ်းကို ရိုသေခြင်း အမိန့်ကိုနာခံခြင်းဆိုတဲ့ အရည်အချင်းတွေကို မင်းတို့ တို့ဆီက သင်ယူရမယ် နားလည်လား” ဟု လေရှည်ကြီးပြောနေပြန်၏။
မိန်းမပျိုသည် ဘာမျှမပြော လက်သီးကိုသာ ကျစ်ကျစ်ပါ အောင်ဆုပ်၍ သူ့မျက်လုံးများမှာလည်း ဒေါသရောင် ဖုံးလာသဖြင့် ပို၍ မဲနက်တောက်ပြောင်လာကြ၏။ သို့သော် ပါးစပ်မှမူ စကားတစ်လုံးမျှမပြော။
“ဟေ့ကောင် ဟန် မင်းမူ နေပြီ” ဟု ဝီလီက ပြင်သစ်မိသားစု မသိအောင် ဂျာမန်လိုပြော၍ တားလိုက်၏။ ဟန် ၏ စကားများမှာ ပြင်သစ်လူမျိုးတစ်မျိုးလုံးကိုစော်ကားနေသော စကားများဖြစ်၍ ဟန့်တားရခြင်းဖြစ်၏။
“အံမာ ငါမမူးပါဘူးကွ၊ တရားသူကြီးတစ်ယောက်လောက် ခေါင်းအေးပါတယ်၊ ငါပြောနေတာက တကယ့်အခြေမှန်ကို ပြောနေ တာကွ၊ သူတို့ပြင်သစ်လူမျိုးတွေ အဲဒီအခြေမှန်ကို မြန်မြန်နားလည်လေ မြန်မြန်ဟန်ကျလေပေါ့ကွ” ဟု ဟန်က ဂျာမန်လို၊ ပြန်ပြောလိုက်လေသည်။
မိန်းမပျိုကလေးသည် သူ့ကိုယ်သူ ချုပ်တီးခြင်းငှာ မတတ် နိုင်တော့သည့်အလား “ဟိုလူပြောတာဟုတ်တယ်၊ ရှင်မူးနေပြီ သွားတော့၊ ရှင် သွားပါတော့” ဟု ဂျာမန်ဘာသာဖြင့် ဝင်၍ပြောလိုက်မိရှာ၏။
ဟန်မှာ မိန်းမပျို ဂျာမန်စကားတတ်သည်ကို အံ့အားသင့်သွား ရင်း “အော မင်းဂျာမန်စကားလည်း တတ်သကိုး ဟုတ်လား၊ ကိုင်း ကောင်းပြီ ငါသွားမယ်၊ ဒါပေမယ့် မသွားခင် ငါ့ကိုမွှေးမွှေးလေးတစ်ခါ ပေးရမယ် ဟုတ်လား” ဟု စပ်ဖြဲဖြဲဆိုလိုက်၏။
မိန်းမပျိုသည် ဟန်ကိုရှောင်ရှားရန်နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ သို့သော် ဟန်သည် မိန်းမပျို၏ လက်ဆစ်ကလေးကို လှမ်း၍ဆုပ်ကိုင်ထားလိုက်လေသည်။
“အဖေ အဖေ လုပ်ပါဦးအဖေရဲ့” ဟု မိန်းမပျိုကအော်ဟစ် ရုန်းကန်နေ၏။
သမီးပျိုကလေးအား ဘလက္ကာယပြုနေသည်ကို မြင်သောအခါ လယ်သမားကြီးသည် ဟန်ဆီသို့ တစ်ဟုန်တည်းပြေးလာ၏။ ဟန်သည် မိန်းမပျို၏လက်ကို လွှတ်လိုက်ပြီးနောက် လယ်သမားကြီး ၏ မျက်နှာကိုတစ်ချက်တည်း အားကုန်စွတ်၍ထိုးလိုက်၏။ ထိုအခါ လယ်သမားကြီးသည် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားလေ တော့သည်။ ထို့နောက်ဟန်သည် မိန်းမပျိုလွတ်မပြေးနိုင်မီ အတင်း ဝင်၍ ဖက်လိုက်ပြန်ရာ မိန်းမပျိုသည် ဟန်၏ပါးကို ဗြန်းခနဲမြည် အောင် တအားလွှဲ၍ ချလိုက်လေသည်။ ဟန်က ကြောက်မက်ဖွယ်ရာ ပြုံးလိုက်၏။
“အော ဂျာမန်စစ်သားတစ်ယောက်က မင့်ကိုနမ်းပါရစေ ဆိုတာနဲ့ ဧည့်ဝတ်ကျေလိုက်တာပေါ့လေ... ဟုတ်လား၊ ကိုင်းကွာ အကြောင်းသိစေရမပေါ့...”
ဟန်သည် သူ၏ ကြီးမားလှစွာသော ခွန်အားကြီးဖြင့် မိန်းမပျို၏လက်များကို လိမ်၍ချိုးပြီးလျှင် တံခါးပေါက်မှ ဆွဲထုတ်၍နေ၏။ မိခင်ဖြစ်သူလယ်သူမကြီးသည် ဟန်၏အနီးသို့ပြေးလာ ကာ အင်္ကျီကိုဆွဲ၍ သူ့သမီးကလေးနှင့် ကွဲသွားအောင် ကြိုးစား ရှာသေး၏။ သို့သော် ဟန်သည် မိန်းမပျိုအား လက်တစ်ဘက်က အတင်းဖက်ထားပြီး ကျန်လက်တစ်ဖက်နှင့် လယ်သူမကြီးအား အတင်းတွန်းပစ်လိုက်ရာ လယ်သူမကြီးမှာ နံရံဆီသို့ နောက်ပြန် လွင့်သွားရရှာ၏။
ဝီလီက “ဟေ့ကောင် ဟန်...ဟန်...ဟန် မင်း လွန်တော့မယ်”
ဟု အလန့်တကြားအော်မိ၏။
“မင်းလား ငါ့မပြောနဲ့”
ဟန်သည် အသံကုန်အာခေါင်ကို ခြစ်၍ အော်ဟစ်နေသော မိန်းကလေး၏ပါးစပ်ကို အတင်းပိတ်ကာ မီးဖိုချောင်၏ တံခါးပေါက်မှ အတင်းဆွဲထုတ်၍ သွားတော့သည်။
ယင်းသည်ကား ဟန်မီးဖိုဆောင်ထဲသို့ ပြန်ဝင်မလာမီက အဖြစ်အပျက်ပင်တည်း။ ဤကဲ့သို့ ဖြစ်ရလောက်အောင် စခဲ့သူမှာ မိမိမဟုတ် ကောင်မလေးသာဖြစ်သည်။ မွှေးမွှေးကလေး တစ်ခါပေး ပါဟု မိမိကတောင်းသည်ကို ကောင်မလေးက ပေးလိုက်လျှင် မိမိအေးအေးဆေးဆေး ထွက်သွားမည်ဖြစ်သည်။ ယခုတော့ မိမိ၏ပါးကို ရိုက်သည်။ ဘယ်သူမပြု သူ့အမှုဖြစ်သည်။ မိမိမှုမဟုတ်။ ဘာဖြစ်၍ စစ်နိုင်ဂျာမန်တစ်ဦးအား စစ်ရှူံးပြင်သစ်မကလေးက မွှေးမွှေးမပေး နိုင်ရမည်နည်း စသဖြင့် ဟန်သည် တွေးနေ၏။ တွေးရင်းလဲနေသော လယ်သမားကို ကြည့်မိ၏။ မျက်နှာကြီးတစ်ခုလုံး သွေးတွေနီရဲနေပုံမှာ ကြည့်ရင်း ကြည့်ရင်း ရယ်စရာကောင်းလှသည်ဟု ထင်နေမိ၏။ နံရံတွင် ကျောကပ်ကာ မျက်လုံးပြူးကြောင်ကြောင်ကြီးဖြစ်နေသော လယ်သူမကြီးအားကြည့်လိုက်မိပြန်သောအခါ၌လည်း ဟန်မှာ ရယ်ချင် လာပြန်သည်။ လယ်သူမကြီးသည် သမီး၏နည်းတူ မိမိအားအဓမ္မ ပြုလေဦးမည်လားဟုတွေးကာ ကြောက်နေပုံရသည်ဟု ဟန်၏ စိတ်ထဲ၌ တွေးကာ ရယ်ချင်လာခြင်းဖြစ်၏။ ပြင်သစ်စကားပုံ တစ်ခုကိုလည်း ပြေး၍သတိရမိလာ၏။
“တစ်သက်မှာတစ်ခါ ဓမ္မတာကြုံစမြဲ”
ဟန်သည် သူ၏ခါးချုပ်တင် ဘောင်းဘီအိတ်ထဲမှ ပိုက်ဆံအိတ် တစ်လုံးကို ဆွဲထုတ်လိုက်ပြီးလျှင် “ရော့ ဟောဒီမှာ ဖရန့်တစ်ရာ ဟိုသူငယ်မ ဂါဝန်အသစ်တစ်ထည်ဝယ်ဖို့ပဲ၊ သူခုဝတ်ထားတဲ့ ဂါဝန်ကတော့ မွမွကျဲနေပြီ” ဟု ဆိုလိုက်ပြီး ငွေစက္ကူကို စားပွဲပေါ်၌တင်ကာ သူ့သံခမောက်ကို ဆွဲယူ၍ဆောင်းလိုက်ရင်း “သွားစို့” ဟု ဝီလီအား ပြောလိုက်လေသည်။
နှစ်ယောက်သား လယ်တောအိမ်ထဲမှ ထွက်ခဲ့ကြ၍ တံခါးကို ပြန်ဆောင့်ပိတ်ပစ်ခဲ့ကြပြီးလျှင် မော်တော်ဆိုင်ကယ်များကိုစီးကာ ထွက်ခဲ့၏။ ဟန်နှင့်ဝီလီတို့ ထွက်သွားကြသောအခါတွင် လယ်သူမကြီး သည် မီးဖိုနှင့်ဆက်လျက်ဖြစ်သော အခန်းမကြီးသို့ ကူး၍သွား၏။ သမီးပျိုကလေးမှာကား နှစ်ယောက်ထိုင်ဆိုဖာအကျယ်ကြီးတွင် ပက်လက်ကလေးဖြစ်နေ၏။ ဟန်ထား၍ပစ်ခဲ့သည့်အတိုင်းပင် လဲကျကျန်ရစ်ရှာကာ ချုံပွဲချ၍ သဲသဲမဲမဲကြီး ငိုလျက်ရှိနေရှာပေသည်။
နောက်သုံးလကြာသောအခါမှ ဟန်သည် ဆွာဆွန်နယ် ဘက်သို့ပြန်၍ ရောက်လာခဲ့လေသည်။ ထိုသုံးလအတွင်း၌ဟန်သည် စစ်အောင်သော တပ်မတော်ကြီးနှင့်အတူ ပဲရစ်မြို့တော်သို့ ရောက်ခဲ့၏။ သူ၏မော်တော်ဆိုင်ကယ်ကိုစီးကာ အောင်ဗိမာန်ကြီး၏အောက်မှ ဖြတ်သန်းချီတက်သော အခမ်းအနား၌လည်း ပါဝင်ခဲ့ရ၏။ ထို့နောက် တပ်မတော်နှင့်အတူ လက်ဦးဆုံး တူးအားမြို့သို့ချီတက်ရ၏။ ထို့နောက် ဘိုးဒိုးမြို့သို့ ဆက်လက်ချီတက်ရသည်။ သို့တိုင်အောင် ဟန်သည် တိုက်ပွဲစစ်စစ်ဟူ၍ မတွေ့ခဲ့ရလှပေ။ သူရင်ဆိုင်တွေ့ရသော ပြင်သစ် စစ်သားများမှာ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသော ပြင်သစ်စစ်သားများ သာလျှင်ဖြစ်ကြပေသည်။ စင်စစ်အားဖြင့်ဆိုလျှင် ဟန်၏အဖို့၌ တပ်မတော်ချီရာသို့ လိုက်ပါရခြင်းမှာ အပျော်ခရီးကြီးတစ်ခုကို ထင်ရာလုပ်၍ ပျော်ရွှင်စွာ ထွက်လာရသည်နှင့်ပင် တူ၍နေပေတော့ သည်။ ပြင်သစ်နှင့်ဂျာမနီ စစ်ပြေငြိမ်းကြပြီးနောက် ဟန်သည် ပဲရစ်မြို့တော်တွင် တစ်လနေခဲ့သေးသည်။ ဘာဝေးရီးယားပြည်ရှိ
သူ့မိသားစုထံ ပို့စကတ်များနှင့် လက်ဆောင်များ ဝယ်၍ပို့ခဲ့သည်။ ဝီလီသည် ပဲရစ်မြို့ကို နှံ့နှံ့စပ်စပ်ကြီး သိသောသူ ဖြစ်သောကြောင့် ပဲရစ်မြို့၌ပင် အမှုဆက်၍ ထမ်းနေစေရန် အထက်က အမိန့်ကျလာ၏။ ဟန်နှင့် ကျန်သောတပ်စုများမှာမူ ဆွာဆွန်မြို့ကို သိမ်းပိုက်ထားသော တပ်နှင့် ပူးတွဲအမှုထမ်းရန် ပို့ခြင်းခံရ၏။
ဆွာဆွန်မြို့ကလေးမှာ သေးငယ်ကွပ်ရွတ်သော မြို့ကလေး ဖြစ်၏။ ဟန့်အတွက် တပ်ကရှာပေးသောအိမ်ခန်းမှာလည်း သင့်တင့် ကောင်းမွန်၏အစားအသောက်လည်းပေါ၏။ ရှန်ပိန်အရက်တစ်ပုလင်း လျှင် ဂျာမန်မတ်ဒင်္ဂါးတစ်ပြားပင် မပေးရ။
ဆွာဆွန်သို့ ရွှေ့ရတော့မည်ဟူသော အမိန့်ကိုရသောအခါတွင် ဟန်သည် သူအဓမ္မရယူခဲ့သော လယ်သူမကလေးအား ဒီတစ်ခေါက် ရောက်လျှင် သွား၍တွေ့ဦးမည်ဟု ရုတ်တရက်တွေးမိ၏။ သူ့အပေါ်၌ မိမိမုန်း၍ ထိုကဲ့သို့ဖြစ်ခဲ့ရသည်မဟုတ်ကြောင်းကို ပြသရန် ပိုးခြေအိတ် တစ်စုံ လက်ဆောင်ယူသွားမည်ဟုလည်း တွေးထား၏။ ဆွာဆွန်နယ် တစ်ဝိုက်တွင် ဟန်သည်အနှံ့အပြား သွားလာခဲ့ဖူးသူဖြစ်လေရာ လယ်သူမကလေးရှိရာ လယ်တောကို အလွယ်တကူရှာဖွေတွေ့ ရှိနိုင်လိမ့်မည်ဟု ဟန်တွေး၍ထား၏။
ဆွာဆွန်သို့ရောက်ခဲ့၍ တစ်ခုသော မွန်းလွဲပိုင်းတွင် အလုပ် အားလပ်သောအခါ ဟန်သည် သူ့အိတ်ထဲသို့မိန်းမဝတ် ပိုးခြေအိတ် တစ်စုံကိုထည့်ပြီး မော်တော်ဆိုင်ကယ်ဖြင့် ထွက်လာခဲ့၏။ ဆောင်းဦး ပေါက်ရာသီ၏ နေ့တနေ့ဖြစ်သောကြောင့် နေ့သည် သာယာလှ၏။ ကောင်းကင်၌ တိမ်တစ်စမျှမရှိ၊ နိမ့်ချည်မြင့်ချည် တည်နေသော တောပိုင်းမြေမျက်နှာပြင်အတိုင်း မော်တော်ဆိုင်ကယ် စီးလာရာတွင် ရှုခင်းသည် သာယာပေတော့သည်။ လမှာ စက်တင်ဘာလ ဖြစ်သော် လည်း နှင်းမကျသေးပဲ နေသာ၍ခြောက်သွေ့နေဆဲ ဖြစ်သဖြင့် ပေါ်ပလာ ထင်းရှူးပင်များပင် ရွက်ဟောင်းမစွန့်ကြသေး။ နွေရာသီကုန်ဆုံးပြီဟူသော အရိပ်အယောင်တို့ မပေါ် ပေါက်ကြသေး။
ဟန်သည် တစ်နေရာ၌ လမ်းမှား၍ ချိုးကွေ့မိသဖြင့် သူသိသော လယ်သူမကလေးရှိရာ လယ်တောသို့တိုက်ရိုက်မှရောက်ဘဲ လမ်းတွင် ခရီးဖင့်နေ၏။ နာရီဝက်ခန့်ကြာမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်၍ သွားလေတော့သည်။ လယ်တောရှိ ခွေးဝဲစားတစ်ကောင်သည် အိမ်တံခါးရှိရာသို့ ဟန်လျှောက်၍အလာတွင် ဆီး၍ဟောင်၏။
ဟန်သည် တံခါးကိုမခေါက်ဘဲ လက်ကိုင်ကိုလှည့်၍ဖွင့်ကာ အိမ်တွင်းသို့ဝင်လိုက်၏။ လယ်သူမကလေးသည် မီးဖိုချောင်စားပွဲ၌ ထိုင်ကာ အာလူးအခွံသင်၍နေလေသည်။ စစ်ဝတ်စစ်စားနှင့် ဟန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လယ်သူမကလေးသည် ရုတ်တရက် ထလိုက်၏။
“ဘာလိုချင်ပြန်သလဲ”
လယ်သူမကလေးရဲ့ မေးသံကို ထောက်ခြင်းအားဖြင့် မိမိအား ချက်ချင်းမှတ်မိကြောင်းကို ဟန်သိရ၏။ လယ်သူမကလေးသည် နံရံကိုကျောကပ်ကာ လက်၌လည်း ဓားကိုတင်းကြပ်စွာ ဆုပ်ကိုင်ထား ၏။
“အော်… နင်ကိုး ခွေး”
ဟန်သည် ပိုးခြေအိတ်ကိုထုတ်ရင်း “ဒါလောက်ဣန္ဒြေ မပျက်ပါနဲ့ဟယ် . မင်းကိုငါဘယ့်နှယ်မှ မလုပ်ပါဘူး၊ ဟောဒီမှာ ကြည့်စမ်း မင်းဖို့ ပိုးခြေအိတ်ငါယူလာတယ် လက်ဆောင်” ဟုပြောကာ ပြလိုက်၏။
“ယူသွား ပြီးတော့ နင်လဲသွား”
“နင်အရူးလားဟင်၊ ဟေး... ဟေး ဓားကြီးတကားကားနဲ့ မလုပ်နဲ့နော် မင်းသာ နာမှာ ငါ့ကိုကြောက်ဖို့မလိုပါဘူး”
“ငါကလား နင့်ကိုကြောက်မှာ”
လယ်သူမကလေးသည် ဓားကို ကြမ်းပြင်ပေါ်သို့ လွှတ်ချ လိုက်၏။ ဟန်သည် သူ့သံခမောက်ကိုချွတ်ကာ စားပွဲ၌ဝင်၍ ထိုင်လိုက်၏။ ထို့နောက် သူ့ခြေထောက်ဖြင့် ကြမ်းပေါ်က ဓားကို သူ့ဆီသို့ဆွဲယူလိုက်လေသည်။
“ငါ အာလူးအခွံသင်ပေးမယ်နော်”
လယ်သူမလေးက ဘာမှပြန်မပြော။ ဟန်သည် ဓားကိုကုန်း၍ ကောက်ယူလိုက်ပြီးလျှင် ဇလုံတွင်းမှ အာလူးတစ်လုံးကိုယူ၍ အခွံ့ သင်စပြု၏။ လယ်သူမကလေး၏မျက်နှာမှာ တင်းမာမြဲ တင်းမာနေ သည်။ မျက်လုံးများမှာလည်း ဒေါသရောင်ဖုံး၍ မုန်းတီးခြင်းမက မုန်းတီးရန်လိုသော အမူအရာများရှိနေပြီးလျှင် နံရံကိုကျောပြု၍ မတုန်မလှုပ်ရပ်ကာ ဟန် အာလူးအခွံသင်နေသည်ကို စိုက်ကြည့်နေ၏။
ဟန်သည် လယ်သူမကလေးကို နှစ်လိုဖွယ်ရာအပြုံးဖြင့် ပြုံး၍ကြည့်ကာ“ဘာပြုလို့ဒီလာက်တောင် စိတ်ဆိုးနေရတာလဲကွယ် ဒါ မင့်ကို ဘယ်လောက်များ နာအောင်ကျင်အောင် လုပ်မိလို့လဲ ကိုယ့်တို့စစ်သားတွေက၊ အဲဒီမင်းနဲ့ငါနဲ့ ပထမတွေ့ကြစဉ်အခါတုန်းက စိတ်တွေဟာ သိပ်ပြီးတော့ လှုပ်ရှားနေကြတယ်။ ပွဲတိုင်းအောင်တဲ့ ပြင်သစ်တပ်မတော်ကြီးဟဲ့၊ မာဂျီနိုခံတပ်ကြီးဟဲ့နဲ့ သိပ်ပြီးဟိန်းထား ခဲ့လေတော့ အဲဒီခံတပ်ကြီးပေါက်ပြီး အဲဒီတပ်မတော်ကြီးကို နိုင်လိုက်ရတော့ ကိုယ်တို့တတွေဟာ သိပ်ပြီးသွေးဆူ၊ သွေးကြွနေခဲ့ကြတယ်။ အဲဒါကြောင့် အဲဟိုလိုဖြစ်ခဲ့ရတာပါကွယ်” ဟု ဆိုလိုက်၏။ ပြီးမှ ဆက်၍ “အရက်သောက်တာကလည် နည်းနည်းမူးသွားသကိုးကွယ် တကယ်လို့သာ ကိုယ်အဲဒါထက်မူးရင် မင်းအဲဒါထက် ပိုပြီးဆိုးမှာ ကဲကိုယ့်ကိုကြည့်စမ်းပါအုံး... ကိုယ်ဟာ မင်းအမြင်ကတ်လောက် အောင် အရုပ်ဆိုးတဲ့လူ မဟုတ်ပါဘူးကွယ်” ဟုလည်း ပြောလိုက် ပြန်၏။
လယ်သူမကလေးကမူ ဟန်အားခြေဆုံးခေါင်းဆုံးအပြန်ပြန်အလှန်လှန် ကြည့်လိုက်ပြီးမှ
“သွား ခုထွက်သွား” ဟု ဆိုလိုက်၏။
“ငါသွားချင်မှ သွားမယ်”
“နင်မသွားရင် ငါ့အဖေက ဆွာဆွန်မှာရှိတဲ့နင်တို့ ဌာနချုပ်ကို သွားပြီး နင်တို့ဗိုလ်မှူးကို တိုင်လိမ့်မယ်”
“ဟား ဟား ဗိုလ်မှူးက ဒီလိုတိုင်တာမျိုးကို အားကြီးဂရုစိုက်ပါလိမ့်မယ်။ ပြင်သစ်လူမျိုးတွေနဲ့ မိတ်ဖွဲ့ရမယ်လို့ အထက်ကကို အမိန့်ချထားတာ ခင်ဗျားလေးရဲ့ သိလား၊ ဒါနဲ့ မင့်နာမည်ဘယ်သူ
“နင့်အရေးလား”
လယ်သူမလေး၏ ပါးများမှာ ဒေါသရောင်ဖြင့် နီမြန်းနေ၏။ မျက်လုံးများမှာလည်း ဒေါသရောင်ကြောင့် မီးကျည်ခဲများကဲ့သို့ တောက်လောင်၍ နေလေသည်။ ဟန်သည် လယ်သူမကလေးအား ကြည့်ရင်းကြည့်ရင်းကပင် ခလေးမ၏အလှကို ပို၍သတိထားမိလာ၏။ ယခင်တစ်ကြိမ်တွေ့စဉ်ကထက် ယခုအချိန်၌ပိုမိုချောမောနေသည်ဟု သိလာရ၏။ လယ်သူမကလေး၏ ကိုယ်ဟန်မှာ တောသူကလေး၏
ကိုယ်ဟန်ထက် မြို့သူကလေး၏ကိုယ်ဟန်မျိုး ရှိသည်ကိုလည်း သတိထားမိ၏။ ခလေးမ၏ မိခင်က သူ့ သမီးကလေးသည် ဆရာမဖြစ် သည်ဟု ပြောဖူးသည်ကိုလည်း ဟန်ပြန်၍သတိရမိ၏။ လယ်သူမ ကလေးသည် တကယ့်တင်းပြည့်ကျပ်ပြည့် မိန်းမကြီးတစ်ယောက် သဖွယ် ဖြစ်နေသောကြောင့် ဟန်သည်ကလေးမအား စ,ရန် ပြောင်,ရန် မှာ သူငယ်နှပ်စားကို ညှည်းဆဲရသည်ထက် ပို၍အရသာ တွေ့နေမိ၏။ ဟန်သည် လယ်သူမကလေးနှင့် နင်လားငါလား အပြိုင်အရွဲ့တိုက်ချင် နေ၏။ ထို့ကြောင့် သူ၏တွန့်ခွေနေသော ရွှေဝါရောင်ဆံပင်များကြား သို့ လက်ချောင်းများလျှိုကာသပ်ရင်း မိမိကသာချစ်ပါသည်ဆိုလျှင် “ခုလားရှင့်” ဟု ဆိုကြသောတွေ့ဖူးသည် အခြားမိန်းကလေးများ အကြောင်းကို ပြန်ပြောင်း၍တွေးကာ တစ်ချက်ရယ်လိုက်သည်။ ဒီလိုတော့ သူမကလေးက သူ့ အား ဖော်ဖော်ရွေရွေမလုပ်သည်မှာ ပြက်လုံးကလေးတစ်မျိုးလို ရယ်စရာဖြစ်၍နေပေသည်။ ဟန်၏ မျက်နှာမှာ နွေရာသီတစ်ခုလုံး နေလောင်ထားသဖြင့် ကြေးနီရောင်ထနေရာ သူ၏ပြာလဲ့သော မျက်လုံးများမှာ ပို၍ပြာလဲ့နေသည်ဟု ထင်စရာဖြစ်နေ၏။
“မင်းအဖေနဲ့ အမေကော”
“လယ်ထဲမှာ”
“ငါ ဆာလိုက်တာဟယ် ပေါင်မုန့်ရယ် ဒိန်ခဲရယ်၊ အရက် ကလေး တစ်ဖန်ခွက်လောက်ရယ် ပေးပါလား၊ ငါပိုက်ဆံပေးပါ့မယ်”
လယ်သူမကလေးသည် အက်ကွဲသောအသံဖြင့် ရယ်ချလိုက်၏။
“နင့်ကျွေးဖို့နေနေသာသာ တို့တောင်မှ ဒိန်ခဲကိုမမြင်ဖူးတာသုံးလရှိပြီ၊ ပေါင်မုန့်တောင် ဝအောင်လင်အောင် မစားရဘူး။ ပြင်သစ်စစ်တပ်က တို့မြင်းတွေကို အရင်နှစ်ကဆွဲသွားတယ်။ နင်တို့ ဂျာမန်တွေက တို့နို့စားနွားမတွေ၊ ဝက်တွေ၊ ကြက်တွေ အို အားလုံးပဲ ဆွဲကြတယ်”
“အံမာ ဂျာမန်တွေက ပိုက်ဆံပေးမဝယ်ဘူးလား”
“နင်တို့ပေးတဲ့စက္ကူတွေကို ကိုက်စားလို့ရသလား”
လယ်သူမကလေးသည် တရှုံ့ရှုံ့နှင့် မျက်ရည်ကျစ ပြုလာပြန် လေတော့သည်။
“ဘာလဲ မင်း ဆာပြီထင်ပါရဲ့”
ဤတွင် လယ်သူမကလေးသည် သီးသီးကြီးစားနေသော အသံဖြင့် “မဆာပေါင်၊ မဆာပေါင် တို့မှာ အာလူးတို့၊ ပေါင်မုန့်တို့ ဂေါ်ဖီတို့၊ မုံလာဥတို့ ရှိပါတယ်။ ဘယ်ဘုရင့်ပွဲတော်အုပ်လိုက်လို့ မှီမလဲ၊ နက်ဖြန်ကျရင် အဖေဟာ ဆွာဆွန်ကို သွားပြီး မြင်းသားရ ရင် ဝယ်မလို့သိလား” ဟု ပြောလိုက်၏။
“ကောင်မလေး နားထောင်စမ်း ကျုပ်ဟာ လူဆိုးမဟုတ်ပါဘူး၊ ဒီတော့ ကျုပ်မင်းတို့ဖို့ ဒိန်ခဲယူလာခဲ့မယ်၊ ဝက်ပေါင်ခြောက်ရရင်လဲ ဆွဲခဲ့ပါ့မယ် ဟုတ်လား”
“နင့်ပစ္စည်းတွေ မလိုချင်ပေါင်၊ ဘာလုပ်ဖို့။ နင်တို့ခွေးမျိုး တွေ တို့ပြင်သစ်မြေက ဓမြတိုက်ထားတဲ့ပစ္စည်းတွေကို ငါ့လာပေးရင် အငတ်ခံမယ်။ လက်ဖျားနဲ့တောင်မှ မတို့ဘူးမှတ်ပါ”
“အေးလေဗျာ ကြည့်သေးတာပေါ့၊ ရယ်ရယ်မောမောနှင့် ပြောရင်း ဟန်သည် သူ့သံခမောက်ကို ပြန်ဆောင်းကာ သွားမယ် အမိလေးရေ့” ဟု နှုတ်ဆက်ထွက်ခွာသွားလေ၏။
ဟန်သည် စစ်သားဖြစ်သည်နှင့်အညီ သူ၏မော်တော်ဆိုင်ကယ် နှင့် သွားချင်ရာသို့ ထင်တိုင်းသွားနေရသူ မဟုတ်ပေ။ ထို့ကြောင့် လယ်သူမကလေးရှိရာ လယ်တောဘက်သို့ရောက်လာရန်မှာ လယ် တော အနီးနားရှိ နေရာများသို့ စာများ သဝဏ်လွှာများ ပေးပို့စရာ ရှိမှသာလျှင် လမ်းကြုံကာ ဝင်ရောက်လာနိုင်သည် ဖြစ်သည်။
ထို့နောက် ဆယ်ရက်ခန့်ကြာ၍သွား၏၊ လမ်းကြုံသည်နှင့် ဟန်သည် ယခင်အခေါက်ကနည်းတူ တံခါးမခေါက်ဘဲ ခပ်ရိုင်းရိုင်းပင် ဝင်၍လာခဲ့၏။ ယခုအကြိမ်တွင်မူ လယ်သမားကြီးနှင့် သူ၏ဇနီး လယ်သူမကြီးတို့အား မီးဖိုဆောင်ထဲတွင် တွေ့ရလေသည်။ အချိန်မှာ မွန်းတည့်သာသာလောက် ရှိနေ၏။ လယ်သူမကြီးသည် မီးဖို၌ရှိသော အိုးတစ်လုံးကို ယောက်မနှင့် မွှေနေလေသည်။ လယ်သမားကြီးက စားပွဲတွင် ထိုင်လျှက်ရှိ၏။ မီးဖိုဆောင်ထဲသို့ ဟန်ဝင်၍လာသောအခါ လယ်သမားကြီးနှင့် လယ်သူမကြီးကပါ တစ်ချက်လှမ်း၍ ကြည့် လိုက်ကြ၏။ သို့သော် အံ့အားသင့်ဟန်ကို မပြကြပေ။ ယခင် တစ်ခေါက် ဟန်လာသည့်အကြောင်းကို သမီးဖြစ်သူက ပြောပြထားပြီးဖြစ်ဟန်တူ သည်။ လယ်သမားကြီးလင်မယားတို့သည် ဟန်အား စကားတစ်လုံးမှ မပြောကြပေ။ လယ်သူမကြီးသည် သူ၏ချက်ပြုတ်ရေး ကို ဆက်လက်လုပ်ကိုင်နေလျှက် လယ်သမားကြီးမျက်နှာတွင်မူ စိတ်မချမ်းမသာဖြစ်သော အရိပ်အယောင်များသန်း၍နေကာ စားပွဲပေါ် တွင် ခင်းထားသည့် ဖယောင်းပုဆိုးကိုသာ စူးစူးစိုက်စိုက် ကြည့်နေလေ သည်။
ဟန်ကရွှင်ပြသောအသံဖြင့် “မင်္ဂလာနံနက်ပါခင်ဗျာ။ ခင်ဗျား တို့ကို ကျွန်တော်လက်ဆောင်တွေ ယူလာပါတယ်”ဟု ဆိုလိုက်လေ၏။ ဆိုရင်းပင်လျှင် သူယူ၍လာခဲ့သောအထုပ်ကို စားပွဲပေါ်တွင် ချကာဖြေလိုက်ပြီးနောက် ဂရူးယဲဒိန်ခဲကြီးတစ်ခု၊ ဝက်သားတစ်တုံးနှင့် ငါးသေတ္တာ နှစ်ဗူးတို့ကို ဖြန့်ကာခင်းလိုက်လေသည်။ လယ်သူမကြီး သည် စားပွဲဆီသို့ လှည့်ကြည့်လိုက်၏။ မျက်လုံးများတွင် လိုအင် ဆန္ဒဖြင့် မွတ်သိပ်လှသော အရောင်များတောက်ပြောင်၍ နေသည်ကို မြင်လေရာ ဟန်သည် တစ်ချက်ပြုံးလိုက်မိလေသည်။ လယ်သမားကြီး ကမူ ရွံရှာစက်ဆုပ်သော အမူအရာဖြင့် ဟန်ယူလာသည့် စားဖွယ် သောက်ဖွယ်တို့ကို ကြည့်၍နေ၏။ ဟန်သည် လယ်သမားကြီး အား ချိုချိုပြုံး၍ ကြည့်လိုက်ပြီးလျှင်
“ကျွန်တော် ဒီအိမ်ကို ပထမအကြိမ်ရောက်တဲ့အခါတုန်းက တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားဖြစ်ကြရတာတွေကို ကျွန်တော် အများကြီးပဲ ဝမ်းနည်းပါတယ်ခင်ဗျာ။ ကျွန်တော်တောင်းပန်ပါတယ်။ ဝရုန်းသုန်းကား ဖြစ်ကြရတာကို အများကြီး ဝမ်းနည်းပါတယ်” ဟု တောင်းပန်စကား ပြောလိုက်၏။
ယင်းအခိုက်အတန့်ကလေးတွင်ပင် လယ်သူမကလေးသည် မီးဖိုဆောင်ထဲသို့ ဝင်၍လာကာ ဟန်ကိုမြင်သည်နှင့် တစ်ပြိုင်နက် အက်ကွဲခြောက်သွေ့သောအသံဖြင့်-
“ဟင် နင်ဒီမှာဘာလို့လာပြန်တာလဲ” ဟု ငေါက်လိုက်၏။ ထို့နောက် ကလေးမ၏ မျက်လုံးများသည် ဟန်ယူ၍လာသော စားဖွယ်သောက်ဖွယ် ပစ္စည်းများပေါ်သို့ ရောက်သွားကြသည်၌ ကလေးမသည် ထိုပစ္စည်းများကို သိမ်းစု၍ ယူလိုက်ပြီးလျှင် ဟန်၏ မျက်နှာဆီသို့ တအားကုန်ပေါက်ထည့်လိုက်ပြီးနောက် “နင့်ဥစ္စာတွေ ကို ယူသွား အခုယူသွား” ဟု အော်ဟစ်လေတော့သည်။
သို့သော် သူ၏မိခင်ဖြစ်သူ လယ်သူမကြီးသည် ရှေ့သို့လျှင်မြန် စွာ တိုးလာပြီးနောက် “အင်နက်တာ ညည်းရူးများရူးသလားအေ” ဟု တုန်ရီသောအသံဖြင့် ဆိုလိုက်သည်၌ “ကျွန်မဒီအကောင် ယူလာတဲ့ပစ္စည်းတွေကို မယူချင်ပါဘူး” ဟု သမီးဖြစ်သူအင်နက်တာ က ခါးခါးသီးသီးဆိုလိုက်၏။
“မဟုတ်ပါဘူး သမီးရဲ့ အဲဒီအစားအသောက်တွေဟာ တို့ပြင် သစ်တွေပိုင်တဲ့ အစားအသောက်တွေပါသမီးရဲ့၊ သူတို့တစ်တွေ တို့ဆီက အတင်းဓမြတိုက်ပြီး ယူထားတာတွေပါ။ ကြည့်စမ်း ဟောဒီငါးသေတ္တာ ဗူးတွေကို၊ ဒီငါးသေတ္တာတွေဟာ တို့ပြင်သစ်ပြည်က ဘော်ဒိုးမြို့မှာ ဆီသွတ်တဲ့ ငါးသေတ္တာတွေပါအေ့” လယ်သူမကြီးသည် ကြမ်းပြင်ပေါ် တွင် ပြန့်ကျဲ၍ နေသော ပစ္စည်းများကို ကောက်ရင်းစကားပြေပြော၍ နေရှာ၏။ ဟန်ကမူ သူ၏ပြာလဲ့သော မျက်လုံးများတွင် သရော်ပြောင် လှောင်သော ရောင်ခြည်များသန်း၍နေကာ လယ်သူမကလေး အင်နက် တာအား မပြုံးတစ်ပြုံးနှင့် စိုက်ကြည့်နေလေသည်။
“အော မင်းနာမည်က အင်နက်တာကိုး၊ တော်တော်လှတဲ့ နာမည်ကလေးပါလား။ နေစမ်းပါဦး အင်နက်တာရဲ့ မင်းမိဘတွေ အစားအသောက်ကလေး စားမယ့်ဥစ္စာကိုတောင် မင်းက မသထာ ဘူးလားဟင်၊ မင်းငါ့ကိုပြောလိုက်တယ် မင်းတို့ဒိန်ခဲမစားရတာ သုံးလရှိပြီဆို။ ဝက်ပေါင်ခြောက်ရအောင် ငါကြိုးစားခဲ့ပါသေးတယ် ဒါပေမယ့်မရခဲ့ဘူး။ ငါတတ်နိုင်သမျှတော့ အကုန်ယူလာခဲ့တာပဲ”
လယ်သူမကြီးသည် ဝက်သားတုံးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရင်ခွင်ဝယ်ပိုက်၍ ထားရှာလေသည်။ ထိုအချင်းအရာကို ကြည့်ခြင်း အားဖြင့် လယ်သူမကြီးသည် ထိုဝက်သားကို ပွေ့ရင်းနမ်းရှုတ်နိုင်လောက်အောင် မက်မောနေရှာသည်ကို သိသာနိုင်ပေသည်။ အင်နက်တာခမျာ ကြီးမားလှစွာသောမျက်ရည်ပေါက်တို့သည် ပါးပြင် ပေါ်သို့ တလိမ့်လိမ့်စီးဆင်းနေကြပြီးလျှင် “ရှက်စရာကောင်းလိုက် တာနော်... ရှက်စရာကောင်းလိုက်တာ” ဟုသာ တုန်ရီလှိုက်လှဲစွာ ညည်းညူ၍နေရှာလေတော့သည်။
“အမယ်လေး အင်နက်တာရယ် ဂရူးယဲဒိန်ခဲနဲ့ ဝက်သားလေး တစ်တုံးမှာ ရှက်စရာဘာမှမပါပါဘူးကွယ်” ဟု ပြောရင်း ဟန်သည် စားပွဲပေါ်သို့ ထိုင်လိုက်ပြီးလျှင် စီးကရက်တစ်လိပ် မီးညှိလိုက်လေ သည်။ ထို့နောက်ဟန်သည် စီးကရက်ဗူးကို လယ်သမားကြီးအား ကမ်း၍ပေးလိုက်၏။ လယ်သမားကြီးသည် အတန်ကြာ ရပ်တန့်၍ နေပြီး နောက်မှ စီးကရက်ဆွဲဆောင်ခြင်းဒဏ်ကို မခံမရပ်နိုင်သည့် အလား တစ်လိပ်ယူလိုက်ပြီးလျှင် ဗူးကိုဟန်အားပြန်၍ပေးလိုက်လေ သည်။
“ယူထားပါဗျာ ယူထားပါ၊ ကျွန်တော်စီးကရက် နောက်ထပ် အများကြီးရနိုင်ပါသေးတယ်” ဟု ပြောရင်း ဟန်သည် ဆေးငွေ့များ ကိုရှိုက်ပြီးနောက် သူ့နှာခေါင်းပေါက်များမှနေ၍ ထုတ်လိုက်ပြန်ပြီး လျှင် အင်နက်တာဘက်သို့လှည့်၍-
“ဖြစ်ခဲ့မိတဲ့ဥစ္စာတွေကတော့ ဖြစ်ခဲ့မိပြီလေ ပြုပြင်လို့ရတော့ မှာမှမဟုတ်ဘဲ။ ဒီတော့ မင်းကဘာပြုလို့ အခုလိုရန်စွယ်နဲ့ငေါငေါ လုပ်ချင်နေရတာလဲကွယ်။ စစ်ဆိုတာစစ်ပဲကွယ့်။ မဟုတ်ဘူးလားဦး ရယ် စစ်ဆိုတာလည်း ဦးလဲသိပါလိမ့်မယ်။ အင်နက်တာဟာ ပညာတတ်မိန်းကလေးတစ်ယောက်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါကြောင့်မို့ သူနဲ့ ခင်ခင်မင်မင်ရှိချင်ပါတယ်။ ကျွန်တော်တို့ဟာလေ ဆွာဆွန်မှာ အတော်ကြာအောင် နေကြရပါလိမ့်မယ်။ အဲဒီတော့ စားရေးသောက်ရေး မကျပ်တည်းရအောင် ကျွန်တော်တတ်နိုင်တဲ့ ပစ္စည်းကလေးတွေကို ယူယူပြီးလာပါ့မယ်။ ဦးသိတဲ့အတိုင်းဘဲ ကျွန်တော်တို့ဟာ ဆွာဆွန်မြို့သူမြို့သားတွေနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်။ မိတ်ဆွေဖြစ်အောင်လည်း ကြိုးစားကြပါတယ်။ ဒါပေမယ့် မြို့သူ မြို့သားတွေက ကျွန်တော်တို့နဲ့ လုံးလုံးကို မိတ်ဆွေဖြစ်ခွင့်မပေးကြ ဘူး။ လမ်းထဲမှာများ ကျွန်တော်တို့ကို တွေ့လို့ရှိရင် ကျွန်တော်တို့ ကိုတောင် မကြည့်ဘူးဦးရဲ့။ ပြီးတော့ ကျွန်တော်နဲ့ ဝီလီ ဒီအိမ်ကို ပထမအကြိမ်ရောက်ကြတုန်းက ဖြစ်ခဲ့ရတဲ့အဖြစ်ဟာလည်း စင်စစ် မှာတော့ မတော်တဆဖြစ်ရတာပါ။ ကျွန်တော့်ကိုမကြောက်ပါနဲ့ဦးရယ် ကျွန်တော်လေ အင်နက်တာကို ကျွန်တော့်နှမကလေးအရင်းလို လေးစားပါမယ်” ဟု ဟန်က စိတ်ရှည်လက်ရှည် ပြောပြလေသည်။
ဤတွင် “ခဏ ခဏဘာဖြစ်လို့. ဒီကိုလာချင်ရတာလဲ၊ ငါတို့ဟာငါတို့နေတာ မင်းကိုဘယ်သူကဖိတ်လို့လာရတာလဲ” ဟု အင်နက်တာက ငေါက်ငမ်းနေပြန်ရာ ဟန်သည် ထိုမေးခွန်းကို ဟန်ကျကျပန်ကျကျ မဖြေတတ်အောင် ရှိနေရ၏။ စင်စစ်အားဖြင့် သူအဘယ်ကြောင့် အင်နက်တာတို့အိမ်သို့ ခဏခဏလာမိသည်ကို သူကိုယ်တိုင်ပင် မသိပေ။ လူလူချင်း လူနှင့်အတူတူ သူနှင့်မျှမျှ ပေါင်းသင်းဆက်ဆံလိုသဖြင့် လာပါသည်ဟု သူပြောလိုက်ချင်၏။ သို့သော်လည်း မပြောလိုပေ။ ပြင်သစ်များကို မိတ်ဆွေဖွဲ့ချင်ပါသည် ဟု ပြောရန်မှာ စစ်နိုင်ဂျာမန်စစ်သားဟန်အဖို့၌ နှုတ်ထွက်အတော် ခဲယဉ်းနေရ၏။
စင်စစ်အားဖြင့် ဟန်သည်ဆွာဆွန်မြို့တွင် တပ်ချ၍နေရာ၌သူ၏အသဲနှလုံးမှာ လဟာပြင်အတိကဲ့သို့ ရှိ၍နေပေသည်။ မြို့သူမြို့ သားတို့သည် ဂျာမန်စစ်သားဟုဆိုလျှင် လှည့်၍မျှမကြည့်၊ စကားပင် မပြော၊ နိုင်ငံရေးသား ပြင်သစ်တို့၏အလယ်တွင် နေရရာ၌ လူတွေ ပတ်လည် ဝိုင်းနေသည့်တိုင်အောင် မည်သူကမျှ စကားမပြောရခြင်း၊ မည်သူနှင့်မျှ မိတ်ဆွေမဖွဲ့ရခြင်းသည် ဟန်၏အဖို့၌ ကျပ်ကျပ် တည်းတည်း နိုင်လှပေတော့သည်။ တစ်ခါတစ်ခါတွင် စိတ်ထဲ၌ မချင့်မရဲဖြစ်၍နေမိ၏။ ထိုပြင်သစ် ပြည်သူပြည်သားများနှင့် မိတ်ဖွဲ့ လိုပါသော်လည်း ထိုသူတို့က မိမိကမ်းသောလက်ကို လက်မခံကြ။ မိမိ၏မိတ်ဆွေအဖြစ်ကိုယူလိုသောစိတ် လုံးဝမရှိကြ။ ယင်းသည့်အဖြစ် ကို ကြုံတွေ့ရသောအခါတွင် ဟန်သည်အလိုလိုနေရင်း ရင်ထဲ၌ ကျပ်တည်း၍နေ၏။ အလိုလိုနေရင်း စိတ်တို၍နေ၏။ ထို့ကြောင့် တစ်ခါက ပြင်သစ်လူမျိုး တစ်ယောက်သည် မိမိ၏ မျက်နှာကိုစိုက်၍ ကြည့်နေရာ၌ မိမိအား မကြည့်၊ လဟာပြင်ကိုသာ ကြည့်နေဘိသကဲ့သို့ မျက်လုံးကြောင်တောင်ကြည့်နေသည်ကို မြင်ရသောအခါတွင် ဟန် သည် စိတ်ကျဉ်းကျပ်မှုကို မချုပ်တည်းနိုင်တော့ဘဲ ထိုပြင်သစ်လူမျိုး အား တစ်ခါတည်းပြေး၍ အလဲထိုးချလိုက်မိခဲ့ဖူးပေသည်။ တစ်ခါ တစ်ခါတွင် ဟန်၏လောကမှာ ခြောက်သွေ့လွန်းလှကာ မိမိတို့ဂျာမန် ရဲဘော်အချင်းချင်းမှတစ်ပါး အသိမိတ်ဆွေအဖြစ်နှင့် စကားပြောစရာ ဟူ၍ တစ်ယောက်တစ်လေမှ ရှာ၍မတွေ့ နိုင်သောကြောင့် ဟန်သည် တစ်ခါတစ်ခါတွင် ငိုများ တောင်ငိုချလိုက်ချင်မိပြန်လေတော့သည်။ မိမိအားလိုလိုချင်ချင် မိတ်ဆွေအဖြစ်ဖြင့် လက်ခံဆက်ဆံမည့် သူများနှင့် တွေ့လို၏။ စကားစမြည်ပြောချင်ဆိုချင်၏။ (အင်နက်တာအား မိမိ၏နှမကဲ့သို့ လေးစားပါမည်) ဟု ဟန်ဆိုခဲ့ခြင်းမှာ အမှန်အတိုင်းပင်ဖြစ်ပေသည်။ ဟန်သည် အင်နက်တာတို့မိသားစုနှင့် မိတ်ဆွေရင်း သဖွယ် ရင်းရင်းနှီးနှီး၊ စကားပြောဆိုကာ ရွှင်လန်းလိုသော စိတ်များရှိနေ၏။ မိဝေး ဖဝေး ဆွေဝေး မျိုးဝေးနှင့် သူတစ်ပါးတိုင်းပြည်ကို စစ်မှုထမ်းရန် ရောက်နေသောဟန်သည် အင်နက်တာတို့ မိသားစု၏ မေတ္တာကို အငမ်းမရ မွတ်သိပ်ဆာလောင်လိုချင်၍ နေလေသည်၊ သို့သော်မရ။
စင်စစ်အားဖြင့်ဆိုလျှင် အင်နက်တာသည် ရည်းစား ချစ်သူ အဖြစ်ဖြင့် ဟန်သဘောကျ မက်မောလောက်သော မိန်းကလေးမျိုး မဟုတ်ပေ။ ဟန်သဘောကျသော မိန်းမမျိုးမှာ အရပ်ရှည်ရှည်၊ ရင် သားမောက်မောက်၊ မျက်လုံးပြာပြာနှင့် မိမိကဲ့သို့ ဆံပင်ရွှေဝါရောင် ရှိသော ဂျာမန်အမျိုးသမီးသာလျှင် ဖြစ်ပေသည်။ မိန်းမဆိုလျှင် သန်စွမ်းရမည်။ ကိုယ်ကာယတောင့်တင်းရမည်။ အဝတ်အစား လုံလုံခြုံခြုံဝတ်စားတတ်ရမည်ဟူ၍ ဟန်ယူဆ၏။ သို့သော် အင်နက် တာနှင့် တွေ့သောအခါတွင်မူကား ဟန်သည်အင်နက်တာအား အလကားနေရင်း ကြောက်သလိုလိုဖြစ်၍နေ၏။ အင်နက်တာ၏ တင်ထားဘိသကဲ့သို့ သွယ်တန်းနေသော နှာတံကလေးနှင့် နက်နဲမဲ မှောင်သော မျက်လုံးများကိုလည်းကောင်း၊ ဖြူလျော်၍ ခပ်သွယ်သွယ် ရှိသော မျက်နှာကလေးကိုလည်းကောင်း ကြည့်လိုမိပြီဆိုလျှင် အင်နက်တာ၏ စိတ်ကို အလိုလိုလေးစားရကာ အလိုလိုရွံ့တွန့်တွန့်ပင် ဖြစ်လာရသည်။ အင်နက်တာအား သူအကြမ်းပတမ်း အဓမ္မပြုကျင့်စဉ် အခါက ဟန်သည် ဂျာမန်တပ်မတော်ကြီး၏ အောင်မြင်မှုကြောင့် သွေးနထင် ရောက်လျက်ရှိ၏။ စိတ်အားလည်း တက်ကြွ၍နေ၏။ အစာမရှိဘဲနှင့် အရက်တစ်ပုလင်းလုံးကိုသာ သောက်၍ထားသဖြင့်လည်း မူးယစ်၍နေသည်။ ထို့ကြောင့်ပင် အင်နက်တာ၏အချစ်ကို စော်ကားမော်ကား ပြုခဲ့မိခြင်းဖြစ်လေသည်။ အကယ်၍သာ ထိုကဲ့သို့ မဟုတ်ခဲ့ပါလျှင် ဟန်သည် အင်နက်တာအား နောက်တစ်ကြိမ်ထပ်၍မျှ ကြည့်မိမည် မဟုတ်ပေ။
တစ်ဆယ့်လေးရက်မျှကြာအောင် ဟန်သည် သူတပ်တွင် အလုပ်များလျှက်ရှိသဖြင့် အင်နက်တာတို့၏ လယ်တောသို့မရောက်နိုင် ဘဲ ရှိနေပြန်လေသည်။ နောက်ဆုံးအကြိမ်ရောက်စဉ်အခါ ဟန်သည် သူဆောင်ကျဉ်းခဲ့သော အစားအစာများကို ထားပစ်ခဲ့ရာ၌ လယ်သမား ကြီးနှင့် လယ်သူမကြီးတို့သည် မိမိကွယ်သည်နှင့် တစ်ပြိုင်နက် ထို အစားအသောက်များကို ပလုပ်ပလောင်းလွေးကြလိမ့်မည်ဟု ယူဆ မိ၏။ လယ်တောအိမ်မှ မိမိထွက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း အဖိုးကြီးနှင့် အဖွားကြီးတို့သည် မိမိထားခဲ့သောပစ္စည်းများကို အားရပါးရ စားကြလေတော့မည်ဟု နားလည်ထားပြီးဖြစ်လေသည်။ ဟန်၏စိတ်ထဲ၌ မိမိထားပစ်ခဲ့သော စားစရာများကို အင်နက်တာစားမှ စားပါလေမည်လားဟု သံသယဖြစ်မိ၏။ တစ်ခါတစ်ခါတွင် သူ့ မိဘများနှင့်အလားတူစွာ စားရှာပေလိမ့်မည်ဟုလည်း တွေးမိလေ သေးသည်။ ပြင်သစ်လူမျိုးတို့သည် အလကားရလျှင် ရေကိုပင် သေအောင်သောက်မည့် လူမျိုးများဖြစ်သည်ဟု ဟန်ယူဆ၏။ ပြင်သစ်လူမျိုးတို့သည် လူမျိုးတစ်မျိုးအဖြစ်ဖြင့် ပျော့ညံ့သည်။ ပြိုကွဲလျက်ရှိသည်။ ထို့ကြောင့် မိမိပေးသော အစားအသောက်များကို စားကြမည်မှာ မလွဲပေဟု ဟန်ကယူဆလေသည်။ အင်နက်တာသည် မိမိအားအလွန်တစ်ရာ မုန်းတီးသည်မှန်၏။ မည်မျှပင်မုန်းတီးစေကာမူ ပြင်သစ်သည်ပြင်သစ်ဖြစ်၍ ဒိန်ခဲသည်ဒိန်ခဲသာဖြစ်လေရာ အင်နက်တာ မစားဘဲနေနိုင်မည်မဟုတ်ဟုလည်း ဟန်တွေး၍ထား၏။
ဟန်သည် အင်နက်တာ၏အကြောင်း အကြိမ်ပေါင်းများစွာ တွေး၍နေမိလေတော့သည်။ မိမိအားဤမျှလောက် မုန်းတီးရွံရှာသည့် အတွက်ပင်လျှင် အင်နက်တာသည် ဟန့်၏အဖို့၌ စိတ်ဝင်စားဖွယ်ရာ တမျိုးဖြစ်၍လာရ၏။ မိမိသည် အတော်ပင် မြာစွန်သူတစ်ယောက်ဖြစ် သည်။ တစ်နေ့နေ့တွင် မိမိအား အင်နက်တာ ချစ်ကြိုက်လာနိုင်စရာ လမ်းရှိသည်ဟု တွေးလိုက်သောအခါ၌ ဟန်သည် တစ်ကိုယ်တည်း ပြုံးမိလေတော့သည်။ စင်စစ်အားဖြင့်ဆိုလျှင် မိမိသည်အင်နက်တာ၏ ပထမဦးဆုံး ရင်းနှီးစွာ ချစ်သူဖြစ်သည်။ ဂျာမနီပြည် မြူးနစ်မြို့တွင် မိမိကျောင်းနေစဉ်အခါက ကျောင်းနေဘက်သူငယ်ချင်းများနှင့် ဘီယာ သောက်ရင်း (မိန်းမတစ်ယောက်သည် သူနှင့် ပထမဦးဆုံး ရင်းနှီး သော သူကိုသာလျှင် အများဆုံးချစ်သည်။ ထိုလူနောက်မှ အခြား ရည်းစားများမှာကား အလကားဖြစ်သည်။) ဟု ပြောဆိုသံကြားခဲ့ ဘူးပေသည်။ ဂျာမနီပြည်တွင် ကျောင်းသားဘဝရှိစဉ်က ဟန်သည် သူရည်းစားထားချင်သော မိန်းကလေးတိုင်းလိုလို မလွဲတန်းရည်းစား ဖြစ်အောင် ပိုးပမ်းနိုင်ခဲ့လေသည်။ ဤတစ်ကြိမ်တွင်လည်း အင်နက် တာကို သူ၏ချစ်သူရည်းစားဖြစ်အောင် ပိုးပမ်းနိုင်လိမ့်မည်ဟု တွေးတောကာ ဟန်သည်တစ်ကိုယ်တည်းပြုံး၍ နေမိလေသည်။
အတန်ကြာအောင် အခွင့်အရေးကို စောင့်နေရပြီးသည့်နောက်မှ ဟန်သည် လယ်တောသို့ တစ်ခေါက်လာနိုင်ခွင့် ကြုံခဲ့ပြန်လေသည်။ ဟန်သည် သူနှင့်အတူဒိန်ခဲ၊ ထောပတ်၊ သကြား၊ ဝက်အူချောင်း၊ ငါးသေတ္တာဗူးများနှင့် ကော်ဖီမှုန့်များကို ယူဆောင်ပြီးလျှင် မော်တော်ဆိုင်ကယ်နှင့် လယ်တောသို့ ထွက်ခဲ့လေသည်။ ဤအကြိမ်
တွင်မူ ဟန်သည် အင်နက်တာကိုမတွေ့ရ။ အင်နက်တာနှင့် သူ၏ ဖခင်တို့သည် လယ်ထဲတွင်အလုပ်လုပ်၍ နေကြပေသည်။ လယ်သူ မကြီးမှာ ခြံဝင်းကြီးအတွင်း၌ ရှိနေလျက် အစားအစာထုပ်ကြီးကို လက်ဖြင့်ပိုက်ကာ ဟန်ဝင်၍လာသည်ကို မြင်ရသောအခါတွင် ဝမ်းသာ သောအကြည့်ဖြင့် မျက်နှာတစ်ခုလုံး ဝင်းထိန်၍နေသည်ကို မြင်တွေ့ ရ၏။ လယ်သူမကြီးသည် ဟန်အား မီးဖိုဆောင်ထဲသို့ ခေါ်လာခဲ့၏။ ဟန်က ပါလာသောအထုပ်ကြီးကို ကြိုးဖြေလိုက်သောအခါ လယ်သူမ ကြီး၏ လက်များမှာ တုန်ရီ၍ နေကြလေတော့သည်။ အထုပ်အတွင်း တွင် ပါသောပစ္စည်းများကို မြင်ရသောအခါ၌ လယ်သူမကြီး၏ မျက်စိများတွင် မျက်ရည်များဝေ့လည် အိုင်တက်လာသည်ကို ဟန် သတိထားမိလေသည်။
“စေတနာကောင်းပါပေ့ မောင်ရယ်” ဟု လယ်သူမကြီးက ဆိုလိုက်ပြီးနောက်
“ထိုင်ပါမောင်ရယ် ထိုင်ပါ့” ဟု နေရာထိုင်ခင်း ပေးရှာပေသည်။
ထိုကဲ့သို့ပြောရင်း လယ်သူမကြီးသည် ပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ လှမ်းမျှော်၍ ကြည့်လိုက်၏။ ဤကဲ့သို့ ကြည့်လိုက် ခြင်းမှာ အိမ်သို့ အင်နက်တာ ပြန်၍လာမလာ သေချာအောင် ကြည့်ဖြစ်ခြင်းဖြစ်သည်ဟု ဟန်ကောင်းကောင်းရိပ်မိလိုက်ပေသည်။
“ဝိုင်အရက်တစ်ခွက်လောက် သောက်ပါလား မောင်ရယ်”
“ကျေးဇူးပါပဲ ခင်ဗျာ”
လယ်သူမကြီးသည် အစားအစာကို မက်မောသောကြောင့် မိမိအား မိတ်ဆွေအဖြစ်ဖြင့် ရင်းနှီးစွာ မပေါင်းသင်းစေချင်စေကာမူ မိမိနှင့် လိုက်လျောစေ့စပ်ရေးလုပ်ရန် စိတ်အားထက်သန်နေသည့် အကြောင်းကို- ဟန်သည် လူပါးဖြစ်သည့်အားလျှော်စွာ ကောင်း ကောင်းကြီး ရိပ်မိလိုက်၏။ ပြတင်းပေါက်မှနေ၍ လယ်သူမကြီးက အင်နက်တာ လာမလာကို ကြည့်လိုက်သည်ပင်လျှင် အင်နက်တာကို လယ်သူမကြီးနှင့် မိမိတို့ပူးပေါင်း၍ သစ္စာဖောက်လိုက်ကြခြင်းပင် ဖြစ်သည်ဟု ဟန်နားလည်၍ထားပေသည်။
“ဘယ့်နှယ့်လဲအဒေါ် ဝက်သားစားလို့ ကောင်းရဲ့လား”
“ကောင်းပေါ့မောင်ရယ် သိပ်အရသာရှိတာပဲ”
“ကျွန်တော် နောက်တစ်ခေါက်လာရင် ဝက်သားကို ရှာပြီးယူခဲ့ပါဦးမယ်။ ဒါနဲ့ အင်နက်တာကကော ဝက်သားကြိုက်ရဲ့ လား”
“အမယ်လေးမောင်ရယ် မောင်ထားပစ်ခဲ့တဲ့ပစ္စည်းဆိုရင် သူ တစ်ခုမှ လက်ဖျားနဲ့တောင်မတို့ဘူး၊ မစားရလို့ ငတ်ပြီးသေရင် သေပါစေတော့တဲ့”
“အို...မိုက်ရန်ကော”
“အဒေါ်ကလဲ ဒီလိုပဲ သူ့ ကိုပြောမိတာပဲကွယ်၊ အိမ်မှာစား စရာရောက်ပြီးသားဥစ္စာပဲ ၊ ဒီစားစရာက မစားဘဲနေလို့ကော ဘာထူး ဦးမှာလဲလို့တောင် သူ့ကို ဆိုမိသေးတယ်”
ဝိုင်အရက်ကို တစိမ့်စိမ့်သောက်နေရင်း လယ်သူမကြီးနှင့် ခင်မင်စွာ စကားပြောနေကြလေသည်။ သို့စကားပြောရင်း ဟန်သည် လယ်သူမကြီး၏အမည်မှာ မဒမ်ပေရီယေးဟု ခေါ်ကြောင်းသိရ၏။

No comments:
Post a Comment