Search This Blog

Wednesday, October 7, 2026

အရှုံးမပေးသူ (၃) - ဇာတ်သိမ်း

 


“အမယ်လေး မောင်ရယ် မောင့်ကိုစောင့်နေရတာ တစ်နာရီ လောက်ရှိပြီ။ အခုမှပဲလာတော့တယ် လာမှလာပါဦးမလားလို့ ထင်နေတာ၊ ကဲကဲပြန်တော့ ပြန်တော့ ဒီကနေ့တော့ ပြန်ပေတော့ ပယ်ယာ သေပြီ ပယ်ယာသေရှာပြီ” ဟု ပြောလိုက်၏။


“ပယ်ယာဆိုတာ ဘယ်သူတုန်း”


“ပယ်ယာဂါဗင်လေ အင်နက်တာ လက်ထပ်မယ်ဆိုတဲ့ ကျောင်းဆရာလေးပေါ့”


“ပယ်ယာဂါဗင်သေပြီ” ဟူသော သတင်းကို ကြားလိုက်ရ သည်နှင့်တစ်ပြိုင်နက်တည်း ဝမ်းနည်းရမည့်အစား ဟန်သည် ရုတ်တ ရက် ဝမ်းသာသွား၏။ ကံကောင်းကာထောက်မပေပြီ။ မိမိနှင့် အင်နက်တာတို့ နီးစပ်နိုင်ရန် လမ်းပွင့်၍လာပြီ ဖြစ်သည်တကား။


“အင်နက်တာ တော်တော်စိတ်မကောင်းဖြစ်နေသလား”


“ငိုတော့ မငိုဘူးကွဲ့ ဒါပေမယ့် အတွင်းကြိတ်ဒေါသ, သိပ် ပြင်းနေတယ်၊ အဒေါ်တောင် သူ့ကို ဒီနေ့တော့စကားမပြောဝံ့ဘူး ဒီနေ့များ မင်းသွားမယ်ဆိုရင် မင်းကိုဓားနဲ့ထိုးဖို့တောင် သူခဲယဉ်း မှာမဟုတ်ဘူးထင်တယ်။ သိပ်ဒေါသပြင်းနေတယ်”


“ပယ်ယာဂါဗင်သေတာ ကျွန်တော့်အပြစ်မှမဟုတ်ဘဲ ခင်ဗျာ နေပါဦး ဒီသတင်းကို ဘယ်လိုရကြသလဲ”


“ဒီလိုလေ ပယ်ယာဂါဗင်ရဲ့ သူငယ်ချင်း တခြားသုံ့ပန်း တစ်ယောက်ဟာ ထောင်ကလွတ်ပြီး ဆွီဇာလန်ကိုရောက်သွားတယ် အဲဒီကနေပြီး အင်နက်တာဆီကို စာရေးလိုက်တယ် ဒီစာကိုအခုမနက် ဘဲရကြတယ်။ သုံ့ပန်းစခန်းမှာ ထကြွမှုတစ်ခုဖြစ်သတဲ့ အစားအစာ ဝအောင်မကျွေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထကြွဆူပူကြရာမှာ ဆူပူမှုခေါင်းဆောင်တွေကို ဂျာမန်တွေက သေနတ်နဲ့ပစ်ပြီးသတ်သတဲ့ ပယ်ယာဟာ အဲဒီထကြွမှုမှာ ခေါင်းဆောင်တစ်ယောက်ပဲတဲ့”


ဟန်သည်တိတ်ဆိတ်စွာ စဉ်းစား၍နေ၏။ သူ၏ စိတ်တွင် ထကြွသောင်းကျန်းသော သူသည် သေနတ်ပစ်ဒဏ်နှင့် ထိုက်တန်သည် ဟု ယူဆ၏။ သုံ့ပန်းစခန်းသည် ပထမတန်းစားဟော်တယ် မဟုတ်ကြောင်းကို နားမလည်ကြလေရော့သလားဟုလည်း တွေးတော နေမိ၏။


ထိုအခိုက်တွင် မဒမ်ပေရီယေးက “အင်နက်တာ သိပ်ပြီးတော့ စိတ်မချမ်းမသာ ဖြစ်နေတယ်ကွယ် အဲဒီတော့ စိတ်ပြေတဲ့ထိအောင် အချိန်ကလေးများယူပြီး မင်းစောင့်ပါဦး” ဟု တောင်းပန်လိုက်ပြီး လျှင် “သူနည်းနည်းဒေါသပြေသွားတဲ့အခါကြတော့ အဒေါ်လည်း သူ့ကို ပြောပါဦးမယ်ကွယ်၊ အဲဒီတော့ သူစိတ်ပြေလာတဲ့ အချိန်ကြရင် အဒေါ်မင်းဆီကို စာရေးလိုက်မယ်လေ အဲဒီတော့မှ ပြန်လာတာပေါ့ ဟုတ်လား” ဟု အကြံပေးလိုက်၏။


“ကောင်းပါပြီ ကျွန်တော့်ကို ကူညီမယ်မဟုတ်လားဟင်”


“စိတ်သာချမောင် အဒေါ့်ယောက်ျားရော အဒေါ်ရော စိတ်တူသဘောတူပါပဲ၊ အခုဖြစ်နေတဲ့ ကိစ္စကို အဒေါ်တို့လင်မယား တိုင်ပင်ပြီးကြပြီလေ ဒီပြသနာရဲ့ အဖြေဟာ လက်ရှိအခြေအနေကို လက်ခံလိုက်မှသာ ဖြေရှင်းနိုင်မယ်ဆိုတာကို အဒေါ်တို့ဆုံးဖြတ်ပြီးပြီ၊ အဒေါ့်ယောက်ျားဟာ ဒါလောက် ဉာဏ်မတိမ်ပါဘူးကွယ် ပြင်သစ် ပြည် သာသာယာယာ အေးအေးချမ်းချမ်း ရှိစေချင်တယ်ဆိုလို့ရှိရင် အကောင်းဆုံးဟာ ဂျာမနီနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့လမ်းပဲလို့တောင် အဒေါ့်ယောက်ျားက ပြောပါသေးတယ်။ ပြီးတော့ အားလုံးခြုံပြီးကြည့်လိုက်မယ်ဆိုရင်၊ အဒေါ်ဖြင့်မောင့်ကိုမမုန်းပါဘူးကွယ်၊ အင်နက်တာ ဟာ ဟိုကျောင်းဆရာကလေးနဲ့ရတာထက် မောင်နဲ့ရလို့ရှိရင် ပိုပြီး ဟန်ကျမယ်လို့ဆိုတာ အဒေါ်သိပါတယ်၊ ပြီးတော့ကလေးဖွားမှာနဲ့ ဘာနဲ့ ဆိုတော့ မောင်နဲ့ပေးစားတာဟာပဲအကောင်းဆုံးလို့တောင် ပြောနေကြသေးတယ်”


“ကလေးဟာ ယောက်ျားကလေးဖြစ်ရင် သိပ်ကောင်းမှာဘဲ နော်” ဟု ဟန်ကဆိုလိုက်ရာ မဒမ်ပေရီယေးက “စိတ်သာချ ကလေးဟာ ယောက်ျားကလေးဖြစ်မှာပဲ အဒေါ်သေသေချာချာသိတယ် ကာဖီစေ့ဗေဒင်လည်းမေးကြည့်ပြီးပြီ သဲဗေဒင်လည်း မေးကြည့်ပြီးပြီ၊ ဟောကိန်းကယောက်ျားကလေးမွေးမယ်ဆိုတဲ့ ဟောကိန်းချည်းဘဲ အမြဲထွက်နေတယ်ကွဲ့။


“ကိုင်း...ကျွန်တော်သွားဦးမယ်၊ ဩော် ဟောဒီမှာ အဒေါ်တို့ဘို့ သတင်းစာတွေ။ ကံကောင်းလို့ မေ့သွားမလို့” ဟု ပြောကာ “ပဲရစ် ညနေ” သတင်းစာသုံးစောင်ကို မဒမ်ပေရီယေးအား ပေးလိုက်လေ သည်။


* * * * *


လယ်သမားကြီး မာစီပေရီယေးသည် ညနေတိုင်း သတင်းစာ ဖတ်လေ့ရှိသည်။ သူဖတ်ရသော သတင်းစာ ဆောင်းပါးများ၌ ပြင်သစ် လူမျိုးတို့သည် တကယ့်အခြေအနေမှန်ကို နားလည်သင့်ကြ ပြီဖြစ်ကြောင်း ဥရောပတိုက်တွင် ဟစ်တလာပြုစုပျိုးထောင်ပေးမည့် ဘဝသစ်ကို လက်ခံသင့်ကြကြောင်း စသည်တို့ကိုဖတ်ရ၏။ ဂျာမန် ရေငုပ်သင်္ဘောများသည် ပင်လယ်ပြင်၌ ရန်သူသင်္ဘောများအား တံမြက်စည်းသိမ်းဘိသကဲ့သို့ နှစ်မြုပ်သုတ်သင် ရှင်းလင်းနေကြသည့်အကြောင်းများကိုလည်း ဖတ်ရ၏။ အင်္ဂလန်ပြည်က ဒူးထောက်၍ လက်နက်ချအောင် ထိုးစစ်ကြီးဆင်မည်။ ထိုးစစ်ကြီးနှင့်ပတ်သက်၍ ဂျာမန်စစ်ဦးစီးဋ္ဌာနချုပ်သည် အသေးစိတ် စီစဉ်၍ပေးခဲ့ပြီဖြစ်သည့် အကြောင်းကိုလည်း မာစီယာပေရီယေးဖတ်ရပြန်လေသည်။ အမေရိကန် နှင့်ပတ်သက်၍မူ အမေရိကန်တို့သည် အသင့်ပြင်ဆင်ထားပြီး လုံးဝမရှိသေး။ စိတ်ဓာတ်အင်အားလည်း အလွန်တရာပျော့သည်။ အင်္ဂလန်ကို ဝင်ရောက်ကူညီရန် အမေရိကန် ခေါင်းဆောင်များပင်လျှင် တစ်ဦးနှင့် တစ်ဦး စိတ်သဘောထားများစွာ ကွဲပြားနေကြသဖြင့် ကူညီနိုင်မည်မဟုတ်ဟူသော ရေးသားချက်များကို သတင်းစာများတွင် တွေ့ရလေသည်။ ဟစ်တလာ တန်ခိုးကြောင့် ဥရောပမြေပြင်သည် ဘဝသစ်ရောက်မည်ဖြစ်ရာ ပြင်သစ်နိုင်ငံသည် ထိုဘဝသစ်ကြီးတွင် ပါဝင်နိုင်ရန် ပေါ်ပေါက်လာသော အခွင့်ကောင်းကြီးကို လက်လွတ် မခံဘဲ တည်ဆောက်ရမည်ဖြစ်သောကြောင့် ဥရောပတိုက် စစ်တွင် အထက်ဆုံးတန်း နေရာတစ်နေရာကို ရယူနိုင်စိမ့်သောငှာ ဂျာမန်နိုင်ငံ တော်ကြီးသည် သစ္စာရှိစွာပူးပေါင်းသင့်သည် စသောရေးသားချက် များကိုလည်း ဖတ်ရလေသည်။ ထို့ပြင်ဆောင်းပါးများ၌ ဓနရှင်ကြီးများ နှင့် ရေဝတီလူမျိုးများအား သုတ်သင်ရှင်းလင်းရမည်။ သို့မှသာလျှင် ပြင်သစ်ပြည်ရှိ ဆင်းရဲသား လူတန်းစားတို့သည် အခွင့်အရေးတန်းတူ ရရှိကာ လူနေမှုအဆင့်အတန်းကြီးမြင့်၍ အစစအရာရာ ဖူလုံပြည့် ကြွယ်လာလိမ့်မည် စသောရေးသားချက်များကို ဖတ်ရသောအခါတွင် မာစီပေရီယေးသည် ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်၍နေမိလေသည်။ တချို့သော ဆောင်းပါးရှင်များက ပြင်သစ် နိုင်ငံသည်အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးပေါ်တွင် စီးပွားရေး အခြေခံသော နိုင်ငံဖြစ်လေရာပြင်သစ်နိုင်ငံ၏ ကျောရိုးမဏ္ဍိုင်ကြီးသည် အခြားမဟုတ်၊ လယ်ယာ စိုက်ပျိုးရေး ကောင်းမွန်သော ပြင်သစ်လယ်သမားလူထုသာလျှင် ဖြစ်သည်ဟု ရေးသားထားသည်ကို ဖတ်ရှုရသောအခါတွင်လည်း မာစီပေရီယေးသည် ထိုစကားများသည် မှန်သည်ဟု သဘောကြိုက် ညီကာ ဆောင်းပါးရှင်များအား ချီးမွမ်းကြည်ညို၍ မဆုံးနိုင်ရှိ၍ နေရလေသည်။


ပယ်ယာ့ဂါဗင်သေဆုံးသည့် သတင်းများ ရောက်လာပြီး သည့်နောက် ဆယ်ရက်ခန့်ကြာသောအခါ ညစာထမင်းစား၍ ပြီးချိန် ညဦး၌ မဒမ်ပေရီယေးသည် ခင်ပွန်းဖြစ်သူနှင့် ကြိုတင်တိုင်ပင်ထားပြီး ဖြစ်သည့်အတိုင်း အင်နက်တာအား လှမ်း၍


“မနက်တုန်းက အဂျန်ဆီကို မနက်ဖြန်ခါလာဘို့ စာရေး လိုက်တယ်သမီးရဲ့” ဟု စကားဦးကြည့်လိုက်၏။


“အခုလိုကြိုပြီးသိရတာ ဝမ်းသာပါတယ် အမေရယ်၊ သူလာ မယ်ဆိုရင် ကျွန်မအခန်းထဲက မထွက်တော့ဘူး”


“လိမ္မာစမ်းပါတော့သမီးရယ် ထင်ရာမြင်ရာ လျှောက်လုပ် နေဖို့ အချိန်မဟုတ်တော့ပါဘူး၊ တကယ့်အခြေအနေကိုသမီးမြင်ဖို့ တော်ပါပြီကွယ်၊ သမီးရဲ့ချစ်သူပယ်ယာဟာ သေသွားပြီပဲ။ ဂျန်က သမီးကိုလည်းချစ်တယ်၊ ပြီးတော့သမီးကိုလက်ထပ်ချင်တယ်၊ သူ့မှာ ဘာများပြောစရာရှိလို့လဲကွယ်၊ လူကလည်း လူချောမဟုတ်လား၊ သူလိုယောက်ျားမျိုးကို ဘယ်မိန်းကလေးမဆို လက်ထပ်ရရင် အင်မတန် ဂုဏ်တက်စရာမဟုတ်လားကွဲ့၊ ဂျန်အကူအညီကို မရလို့ရှိရင် လယ်တောကို ဘယ့်နှယ်လုပ်ပြီး တိရစ္ဆာန်တွေရော၊ မျိုးတွေရော ပြန်ပြီးတော့ ဖြည့်သွင်းနိုင်ပါ့မလဲ၊ ဂျန်က သူ့ပိုက်ဆံနဲ့သူလယ် ထွန်စက်ကိုလည်းဝယ်မယ်၊ ပြီးတော့ကာ ထယ်ထိုးစက်ကိုလည်း ဝယ်မယ်၊ အဲဒီတော့သမီးရယ် ပြီးတာတွေ ပြီးပါစေတော့ ကျောင်း တော်က ရန်စကို အခဲမကြေနိုင်အောင်ဖြစ်နေလို့ရှိရင် အလဟသ အကျိုးမဲ့ရုံပဲရှိမှာပေါ့။


“အလကားပါအမေ အမေကျွန်မကို ပြောရင်လေကုန်ရုံ ပဲရှိမယ်။ ငယ်ငယ်တုန်းကတည်းက ကျွန်မဟာ ကျွန်မဝမ်းကို ကျွန်မကျောင်းလာခဲ့တာ အခုလည်းပဲ ကျွန်မဝမ်းကို ကျွန်မကျောင်း နိုင်ပါတယ်။ ကျွန်မအတွက်တော့ ဘာမှမပူပါနဲ့။ ကျွန်မသူ့ကို မုန်းတယ်၊ မုန်းသမှသိပ်ကိုမုန်းတယ်၊ သူမာနကြီးပုံ၊ သူနိုင်လိုမင်းထက် ရှိပုံတွေကို ကျွန်မ သေလုအောင် မုန်းတယ်၊ ကျွန်မသူ့ကိုအေးအေး ကလေးသတ်နိုင်တယ်၊ အဲဒီလောက်တောင်ပဲမုန်းတာ၊ ဒါပေမယ့် သူသေရုံနဲ့ ကျွန်မမကြေနပ်နိုင်ဘူး၊ သူကျွန်မကိုရေရှည်ဆွဲပြီး ညှဉ်းပန်း ထားသလို ကျွန်မကလည်း ရေရှည်ဆွဲပြီး ညှဉ်းပန်းရမှ ကျွန်မကျေနပ် နိုင်မယ်။ သူ ကျွန်မကိုနာကြည်းအောင် လုပ်သလို ကျွန်မလဲသူ့ကို အဲဒီအတိုင်း နာကြည်းအောင် လုပ်နိုင်မယ်များဆိုလို့ရှိရင် အမေ ကျွန်မ သေပျော်ပါပြီ၊ ပျော်ပျော်ကြီး သေပျော်ပါတယ်”


အင်နက်တာသည် အေးဆေးသော အသံဖြင့် တည်တည်မှန် မှန်ကြီးပြော၍နေ၏။


“အမယ်လေးသမီးရယ် ညည်းတယ်ပြီးမိုက်ပါကလားအေ”


မဒမ်ပေရီယေးက ဤကဲ့သို့ ညည်းလိုက်သောအခါတွင် ဖခင်ဖြစ်သူ မာစီပေရီယေးကလည်းဝင်ထောက်၍ “မင်းအမေပြောတာ မှန်တယ်ကွယ်သမီးရယ် ကဲပြင်သစ်တွေဟာ ဘာလဲ၊ တို့တစ်တွေဟာ စစ်ရှုံးပြီးပြီ၊ အဲဒီတော့ စစ်ရှုံးသူတွေ ဖြစ်ရစမြဲဖြစ်တဲ့ ကိစ္စတွေကိုတို့လက်မခံနိုင်ရင် အဲဒါအပြင် ဘာတတ်နိုင်ဦးမှာလဲ။ စစ်နိုင်တဲ့ ဂျာမန်တွေနဲ့ ချောချောမောမော ပြေပြေပြစ်ပြစ် ဖြစ်အောင် ကြိုးစားပြီး ဆက်ဆံဖို့ဟာ တို့တာဝန်ပဲ။ တို့ပြင်သစ်လူမျိုးတွေဟာ သူတို့ ဂျာမန်တွေထက် အဆတစ်ရာပါးတယ်၊ နပ်တယ်၊ လိမ္မာတယ်၊ အဲဒီတော့ ဒီဂျာမန်တွေကို တို့လှည့်ခိုင်း၊ ပတ်ခိုင်းမယ်ဆိုလို့ရှိရင် သူတို့ဆီက အညွန့်အသားကို တို့ရအောင် ယူနိုင်မှာပါပဲကွယ်။ အခုအခြေအနေအရ ဆိုလို့ရှိရင်တော့ ပြင်သစ်ပြည်ဟာ တိုင်းပြည် ရော လူမျိုးရော ချီပြီးတော့ အတော်ကြီး ယိုယွင်းနေပြီ။ ရေဝတီလူမျိုး ဓနရှင်က တို့တိုင်းပြည်ကို ချွတ်ခြုံကျအောင် ဖျက်ဆီး နေကြတာကွဲ့ သမီးရဲ့။ မယုံရင် သတင်းစာတွေကို ဖတ်ကြည့်ပါလား သမီးသိရပါ လိမ့်မယ်” ဟု ဝင်၍ပြောလိုက်သည်။


“အမယ်လေးအဖေရယ် သတင်းစာတွေကရေးတာကိုများ ကျွန်မ စာတစ်လုံးမှ ယုံလိမ့်မယ်လို့ အဖေကထင်နေသလား။ ဒီသတင်းစာတွေကို ဟိုအကောင်က ဘာပြုလို့ အဖေ့ဆီအလကား ယူလာတယ်ထင်သလဲ။ ဒီသတင်းစာတွေကို ဂျာမန်တွေကလွဲရင် ပြင်သစ်တွေက တစ်ယောက်မှ ဝယ်မဖတ်ဘူး အဖေရဲ့။ ဒါ့ကြောင့် ဖောခြင်းသောခြင်း ပိုလျှံနေလို့ ယူယူလာတာ သိရဲ့လား။ မှန်ပါတယ် အဖေပြောတဲ့အတိုင်း အဲဒီသတင်းစာတွေထဲမှာရေးတဲ့ ပြင်သစ်စာရေး ဆရာကြီးတွေတော့ မှန်ပါတယ်၊ ဒါပေမယ့် ဒီလူတွေဟာ သစ္စာဖောက် တွေအဖေရဲ့ သစ္စာဖောက်တွေ ဘုရားရှင်ကိုယ်တော်မြတ်ဘုရား အဲဒီသစ္စာဖောက်တွေကို လူထုက အပိုင်းပိုင်း ဆုပ်ဖြဲပြီး သတ်ဖြတ်တဲ့ နေ့ကိုရောက်အောင် ဘုရားတပည့်တော်မ အသက်ရှည်ပါရစေဘုရား။ ကြည့်စမ်းပါအဖေရယ် စာရေးဆရာတွေ လုပ်နေပြီးတော့ ကိုယ့်ကိုရောင်းစားကြတယ်။ အကုန်လုံးပဲ ရောင်းပစ်ကြတယ်။ ဂျာမန်တွေက ပိုက်ဆံပေးဝယ်တာနဲ့ ကိုယ့်ကိုယ်ကို ပြည့်တန်ဆာ ဖြစ်မှန်းမသိဖြစ်နေကြတဲ့ သစ္စာဖောက်တွေ ခွေးမျိုးတွေ ဝက်မျိုးတွေ”


မဒမ်ပေရီယေးမှာ အင်နက်တာ၏ ပြင်းထန်လှစွာသော စကားလုံးများကို နားထောင်ရင်း စိတ်တို၍လာဟန်ဖြင့်


“ကဲဒါတွေထားပါတော့အေရယ်၊ ဟိုသူငယ်ကို ညည်းက ဘာများငြင်းစရာရှိလို့လဲ။ ဒီသူငယ်ဟာ ညည်းကို အတင်းအတင်းအဓမ္မ ပြုခဲ့တယ်။ ဟုတ်တယ် သူအတင်းအဓမ္မပြုခဲ့တာမှန်တယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူဟာ အရက်မူးနေတာအေ့၊ လူမှန်းသိတာ မဟုတ်ဘူး။ ပြီးတော့ ဒီလိုအဓမ္မအပြုခံရတာ တစ်ကမ္ဘာလုံးမှာ ညည်းတစ်ယောက်ထဲ မဟုတ်ပါဘူးသမီးရယ်။ အရင်တုန်းကလည်း ဖြစ်ခဲ့ဘူးပြီ။ နောက်ကိုလဲကမ္ဘာမပျက်မချင်းလဲ ဖြစ်ဦးမှာဘဲ။ ဘာထူးသေးလဲ။ အဲဒီတုန်းက ညီးအဖေကို လက်သီးနဲ့ထိုးလိုက်တာဟာ ဝက်ကြီးကို ရိုက်လှဲထားလိုက်တဲ့အတိုင်းဘဲ ပုံရက်ကြီးလဲနေသေးတယ်။ သွေးတွေလည်းထွက်လို့ ဒါပေမယ့် ညည်းအဖေက သူငယ့်အပေါ် မှာ ရန်ငြိုးလိုသလား ဟင် သမီး စဉ်းစားကြည့်စမ်း” ဟု ဆိုလိုက် လေသည်။


“စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုတော့ မှန်သပေါ့ကွယ် ဒါပေမယ့် အခုတော့ ငါလဲဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်နေပါပြီ” ဟု မာစီပေရီယေးက ဆိုလိုက်၏။ ထိုခဏတွင် အင်နက်တာသည် အားရပါးရ ခွက်ထိုးခွက်လန် ၱကွဲအက်နေသောအသံဖြင့် ရယ်လိုက် ပြီးလျှင် “အဖေ အဖေမြို့ထဲမှာမနေနဲ့တော့ တောထွက်ပြီး ဘုန်းကြီး လုပ်ဘို့ကောင်းပြီ။ အဖေက တကယ့်လူ၊ အဖေက တကယ့်သည်းခံစိတ်နဲ့ သည်းညည်းခံနိုင်တဲ့စိတ် သိပ်များလေတော့ အဖေဘုန်းကြီး လုပ်တာပဲကောင်းတယ်။ ဟား ဟား” ဟု ရယ်သံ ဗလုံးဗထွေးနဲ့ ပြော၍နေပြန်လေတော့သည်။


မဒမ်ပေရီယေးသည် ဒေါသထွက်၍လာပြီ ဖြစ်သည့်အလျောက် “သည်းခံတော့ ဘာဖြစ်သလဲအေရဲ့၊ သည်းခံတာဟာ အကုသိုလ်လား၊ ကဲကြည့်စမ်း သူ့အပေါ်မှာ ခွင့်လွှတ်ပါစေဆိုပြီး ခမျာမှာ နည်းပေါင်းစုံနဲ့ တောင်းပန်ခဲ့ပြီး၊ ကြိုးစားခဲ့ပြီ၊ ဒါနဲ့များအေ ညည်းကမကျေနပ် သေးဘူးလား။ ခွင့်မလွှတ်နိုင်သေးဘူးလား။ တကယ်လို့သာ တို့ အပေါ်မှာ သူမေတ္တာမထားရင် ကဲ သူနဲ့တွေ့တဲ့အချိန်ကစပြီး ညည်းအဖေ ဆေးတံသောက်ဆေးတောင် ရမှာမဟုတ်ဘူး၊ တို့အခု ထမင်းမငတ်တာကိုလည်းကြည့်၊ အဲဒါ မောင်မင်းကြီးသားကလေးရဲ့ ကျေးဇူး၊ မှတ်ထား ကြပ်ကြပ်မှတ်ထား” ဟု ပြောလိုက်လေသည်။


“တော်စမ်းပါအမေရယ် အမေတို့မှာသာ ကိုယ်ပိုင်မာနများရှိရင် အမေတို့မှာသာ ကိုယ့်လူမျိုးကို ကိုယ်မြတ်နိုးတဲ့စိတ်ရှိရင် သူယူလာတဲ့ ပစ္စည်းတွေနဲ့ သူ့ မျက်နှာကိုပေါက်ပြီး နှင်ထုတ်လိုက်မှာပေါ့”


“အံမယ် သူယူလာတဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ညီးကော အမြတ်မထွက်ဘူးလားဟင်? ပြောစမ်းပါဦး၊ ညည်းကော အကျိုးမရှိဘူးလား”


“မရှိပေါင် မရှိပေါင်”


“အဲဒါ ညည်းလိမ်တာ၊ ညည်းလိမ်နေမှန်းကို ညည်းကိုယ် ညည်းသိတယ် မဟုတ်လား၊ ကဲနားထောင် ဂျန်ယူလာတဲ့ ဒိန်ခဲတို့၊ ထောပတ်တို့၊ ငါးသေတ္တာတို့ကို ညည်းမစားဘူးလို့ ငြင်းခဲ့တယ်။ အဲဒါတော့မှန်တယ် ဒါနဲ့ ညည်းသောက်တဲ့ စွပ်ပြုတ်ရေကိုကြည့်စမ်း၊ဂျန်ယူလာတဲ့ အမဲသားကို ထည့်ပြီးပြုတ်ထားတဲ့ စွပ်ပြုတ်ရေမှန်း ညည်းသိတယ်။ သိရက်နဲ့ ညည်းသောက်ခဲ့တယ်။ ကဲထားပါတော့ အခုညည်းစားတဲ့ ဟင်းရွက်ဟင်း၊ ငါစားတဲ့ဟင်းရွက်ဟင်း၊ အဲဒီ အထဲမှာ ဂျန်ယူလာတဲ့ ဟင်းချက်ဆီကို ငါထည့်တာညည်းသိတယ်။ သိရက်သားနဲ့လည်း ညည်းစားတယ် မဟုတ်လား။ အဲဒါ ညည်း ဘာငြင်းဦးမှာလဲဟင်”


အင်နက်တာသည် သက်ပြင်းကြီးတစ်ချက် ရှိုက်လိုက်ပြီး နောက် ရှက်လွန်းမက ရှက်ဟန်ဖြင့် သူ့မျက်လုံးများကို လက်ခုံဖြင့် ပွတ်လိုက်ရှာပြီးလျှင်


“ကျွန်မသိပါတယ်အမေ ကျွန်မသိပါတယ် ဒီအစာတွေကို ကျွန်မမစားမိအောင် ကျွန်မအစွမ်းကုန်ကြိုးစားတာပါဘဲအမေ။ဒါပေ မယ့် ငတ်လွန်းလို့စားမိတာပဲအမေ၊ ဟုတ်တယ်အမေ ကျွန်မသိတယ် စွပ်ပြုတ်ရေထဲမှာ သူလာပို့တဲ့ အမဲသားပါတယ်ဆိုတာ ကျွန်မ သိရက်သားနဲ့ ကျွန်မစားမိတယ်၊ ပြီးတော့ ဟင်းထဲမှာသူလာ ပို့တဲ့ ဆီပါတယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မအဲဒါတွေကို မစားဘဲ နေလိုက်ချင်ပါတယ် အမေ။ ဒါပေမယ့် ကျွန်မအောင့်ပြီးမနေနိုင်ခဲ့ ဘူးအမေ။ ဒီအစာတွေကို ကျွန်မစားတာ မဟုတ်ဘူး အမေရဲ့။ ကျွန်မသွေးသားထဲမှာနေတဲ့ တိရစ္ဆာန်တွေက စားတာပါအမေ။ ကျွန်မစားတာ မဟုတ်ပါဘူး” ဟု ပြောနေရှာပြန်၏။


“တိရစ္ဆာန်တွေ ဘာတွေ လုပ်မနေပါနဲ့အေရယ်၊ ညည်း စားတာဟာ ညည်းစားတာဘဲပေါ့”


“ဟုတ်တယ်အမေ အရှက်ကြီးရှက်ပြီး ရင်နာနာနဲ့ စားရတယ်။ အသည်းနာကြီး နာပြီးတော့ စားရတယ်။ ကျွန်မတို့ပြင်သစ်လူမျိုးတွေရဲ့အင်အားကို လက်ဦးဆုံး ဒီခွေးကောင်ကလေးက တင့်ကားတွေ လေယာဉ်ပျံတွေကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်ကြတယ်။ အဲဒီတော့ ကျွန်မတို့မှာ အခုကျွန်မကိုယ်ကို ကျွန်မဘာမှကာကွယ်စရာမရှိတော့ဘူး။ အဲဒီလိုဖြစ်နေတဲ့အခြေမှာ ဒင်းတို့ဟာ ကျွန်မတို့ကို အငတ်ထားပြီးတော့ ကျွန်မတို့ရဲ့ စိတ်ဓာတ်တွေကို ချိုးဖဲ့နေကြပြန်ပြီ အမေ။ ကျွန်မတို့ စိတ်ဓာတ်တွေ ပျက်ကုန်အောင် လုပ်နေပြန်ပြီ”


“အဲဒီလို ဇာတ်ဟန်ပြပြီးပြောရုံနဲ့ မပြီးဘူးသမီးရဲ့ ညည်းဟာ ပညာတတ် မိန်းကလေးပါအေ။ ဒါနဲ့များတောင် အခုလောက် အသိဉာဏ်ခေါင်းပါးတာများ ငါလည်းအံ့သြပါရဲ့၊ အဲဒီတော့ကာ လွန်ခဲ့တဲ့ ဟာတွေကို မေ့ပစ်လိုက်တော့ ယုတ်စွအဆုံးအေ ခလေးအဖေ ပေါ်အောင်ဘဲလုပ်စမ်းပါဦး၊ လယ်တောမှာ လူငှားနှစ်ယောက်ထား တာလောက် ဂျန်ဟာ အလုပ်လုပ်နိုင်တယ်။ အလုပ်သမားကောင်း တစ်ယောက်ရမှာကို ဘေးဖယ်ထားလိုက်ဦး။ ကလေးအတွက် ညည်းပဲစဉ်းစားကြည့်စမ်း၊ အဲဒီတော့ ညည်းအဖြေပေါ်လာလိမ့်မယ်”


အင်နက်တာသည် ဘာမျှပြန်မပြောလိုတော့ဘဲ စိတ်ပျက်စွာဖြင့် ပုခုံးကိုတွန့်ကာ ငြိမ်သက်၍သွားလေရာ သားအမိသားအဖသုံးယောက် စလုံး တုတ်တုတ်မျှမလှုပ် နှုတ်ဆိတ်၍ ငြိမ်သက်စွာ ထိုင်နေမိကြ လေတော့သည်။


နောက်တစ်နေ့တွင် ဟန်သည် လယ်တောသို့ရောက်လာ၏။ အင်နက်တာသည် ဟန်အားရွံရှာစွာတစ်ချက်ကြည့်လိုက်၏။ သို့သော် စကားလည်းမပြော၊ နေရာမှလည်းမရွေ့ချေ။ ထိုအခါတွင်ဟန်က ပြုံးလိုက်ပြီးလျှင် “ဒီတစ်ခါ ထွက်မပြေးလို့ ကျေးဇူးတင်ပါ့ဗျာ” ဟု ပျက်လုံးကလေးတစ်လုံးထုတ်လိုက်လေသည်။“ငါ့အဖေနဲ့ အမေက နင့်ကိုလာဖို့ စာရေးလိုက်ကြတယ် မဟုတ်လား။ အဲဒီတော့ အခုနှစ်ယောက်သား ရွာထဲကိုထွက်သွားကြ တယ်လေ နင်နဲ့ငါ့ကိုလွှတ်ပေးကြတာပဲပေါ့။ ဒါပေမယ့် ငါကလဲ နင်နဲ့ စကားပြီးပြီးပြတ်ပြတ် ပြောစရာရှိနေလေတော့ အတော်ပါပဲ ထိုင်”


ဟန်သည် သူ၏သံခမောက်နှင့် ကွတ်အင်္ကျီတို့ကို ချွတ်လိုက် ပြီးလျှင် စားပွဲသို့ ကုလားထိုင်တစ်လုံးဆွဲ၍ ထိုင်လိုက်လေသည်။


“ငါ့မိဘတွေက ငါ့ကိုနင်နဲ့ လက်ထပ်စေချင်ကြတယ်။ နင်ကလဲ အတော်လည်ပေသကိုး၊ လက်ဆောင်တွေယူလာလိုက်၊ ကတိတွေပေးလိုက်နဲ့ဆိုတော့ ငါ့မိဘတွေဟာ နင့်ဘယ်ပါပြီး နင့်ကို ခင်ကြတာပေါ့။ ပြီးတော့ နင်ယူလာတဲ့ သတင်းစာတွေထဲမှာ ပါသမျှတွေကိုလည်း ငါ့မိဘတွေက ယုံကြည်နေကြတယ်လေ။ ကဲ ဒါတွေထားတော့၊ ငါနင့်ကို ပြောချင်တာက နင့်ကိုငါဘတ်တော့မှ လက်မထပ်ဘူးဆိုတဲ့ဟာပဲ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ငါအခုနင့်ကို မုန်းသလောက် မုန်းနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မထင်ခဲ့ဘူး။ အခုငါကိုယ်တိုင် တွေ့ကြုံရတော့ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ဘယ်အထိမုန်းနိုင်တယ်ဆိုတာကို ငါသိရတော့ တယ်”


ဟန်သည် နားစိုက်၍ထောင်နေရာမှ “ကိုယ်ဂျာမန်လိုပြောပါ ရစေကွယ် ကိုယ်ပြင်သစ်စကားမလယ်ဝယ်လို့ပါ။ မင်းဂျာမန် စကားနားလည်သားမဟုတ်လား” ဟု ဂျာမန်လိုမေးလိုက်၏။ “ငါ နားမလည်ဘဲနေပါ့မလား၊ ငါ ဂျာမန်စာတောင် သင်ပေးနေတဲ့ ဆရာမဘဲ၊ နင်တို့ စတွတ်ဂတ်မြို့မှာ နှစ်နှစ်သွားပြီး ငါ ကလေးမနှစ်ယောက် ပြင်သစ်စာသင်ပေးခဲ့ဖူးသေးတယ်”


ဟန်က ဂျာမန်လိုပြောနေသော်လည်း အင်နက်တာက ပြင်သစ်လိုသာ ဆက်လက်၍ ပြောနေလေသည်။


“ကိုယ်မင်းကို ချစ်တာဟာ အချစ်ကြီးသက်သက်မဟုတ် ပါဘူးကွယ်၊ ကိုယ်လေ မင်းကိုမြတ်လည်းမြတ်နိုးတယ်၊ အခြားမိန်းက လေးတွေထက် ပိုပြီးတော့ ထူးချွန်တဲ့ အရည်အချင်းရှိတာတွေ မင်းရဲ့ကိုယ်ဟန်သိမ်မွေ့ နုနယ်တာတွေကိုငါမြတ်နိုးပါတယ်၊ ပြီးတော့ တစ်ခါ ငါအမျိုးအမည်တောင် မပြနိုင်တဲ့ အရည်အချင်းတစ်မျိုး ကလည်း မင်းမှာရှိသေးတယ်။ အဲဒီအရည်အချင်းကိုလဲ ငါမင်းကို အများကြီးလေးစားပါတယ်။ မင်းပြောတာငါနားလည်ပါပြီ။ အခုမင်းနဲ့ ငါ လက်ထပ်နိုင်ဖို့ အခွင့်အလမ်းအားလုံး အဆင်ပြေလာတာတောင် မင်းအခုငါ့ကို လက်မထပ်ချင်ဘူးဆိုတာကို ငါနားလည်ပါတယ်။ ဒါပေမယ့် မင်းဘာကိုမျှော်နေသလဲ အင်နက်တာ၊ ပယ်ယာကသေပြီ” ဟု ပြောလိုက်သည့်ခဏ၌ အင်နက်တာသည် ကြေက်မက်ဖွယ်ခက်ထန် သောအသံကြီးဖြင့် “နင် ပယ်ယာအကြောင်းမပြောနဲ့ နော် ပြောရင် အဲဒါနောက်ဆုံးပဲ” ဟု အော်ဟစ်လိုက်လေတော့သည်။


“ ဒါလောက်စိတ်မတိုပါနဲ့ကွယ်၊ သူအနိစ္စရောက်တဲ့အတွက် ငါဝမ်းနည်းကြောင်းပြောမလို့ပါ”


“အင်း ဂျာမန် လူသတ် ထောင်မှူးတွေဟာ သွေးအေးအေးနဲ့ ပစ်သတ်လိုက်ကြတာလေ”


“အခုတော့ စိတ်ပူဦးမှာပေါ့ကွယ်၊ ဒါပေမယ့် သေသောသူ ကြာရင်မေ့ဆိုသလို တဖြည်းဖြည်းနဲ့ စိတ်ပြေသွားမှာပဲ။ ကိုယ်ချစ်တဲ့ ခင်တဲ့ လူတစ်ယောက်သေဆုံးလို့ရှိရင် ဘယ်တော့မှ ဝမ်းနည်းလို့ဆုံးတော့မှာမဟုတ်ဘူးလို့ ထင်ကြစမြဲပေါ့။ ဒါပေမယ့် အချိန်က ကုစားတာနဲ့ပဲ တဖြည်းဖြည်းတော့ စိတ်အေးအေး ဖြစ်ကြရတာပါပဲ။ အဲဒီလို စိတ်အေးရမယ့်အတူတူကိုကွယ် မင်းအခုဖွားမယ့် ကလေး အတွက် ဖခင်တစ်ယောက်ရှိတာက ပိုပြီးမကောင်းပေဘူးလား အင်နက် တာရယ်”


“ကိုင်း ထားပါတော့ ပယ်ယာသေတာကို ငါမေ့နိုင်တယ် ဘဲထားပါတော့၊ ဒါပေမယ့် နင်ဟာ ဂျာမန်လူမျိုး ငါဟာ ပြင်သစ် လူမျိုးဆိုတဲ့အချက်ကို ငါတစ်သက်လုံး မေ့နိုင်ပါ့မလားဟင် မေ့နိုင် လိမ့်မယ်လို့ကော နင်ထင်နေသလား။ နင်ကဂျာမန်ပီပီ အင်မတန် အစဉ်းစားဉာဏ်နဲ၊ အင်မတန်ကိုအသိဉာဏ်ခေါင်းပါးလို့သာ နင်မတွေး မိတာ၊ ကိုင်း ဒီကလေးကို ငါမွေးပြီဆိုပါတော့ ဒီကလေးကို ငါမြင် တိုင်း ငါဟာဂျာမန်စစ်သား နွားတစ်ကောင်က အဓမ္မအစော်ကား ခံခဲ့ရပါလားဆိုတာကို ငါအမြဲသတိရနေတော့မယ် ပြီးတော့ကာ ငါ့မှာလည်း မိတ်နဲ့ဆွေနဲ့ပဲဟဲ့ ဒီတော့ကာ ဂျာမန်စစ်သားတစ် ယောက်က ငါ့ကိုခွေးကျင့်ခွေးကြံ ကြံတဲ့အတွက် ဒီကလေးရနေတဲ့ ငါဟာ ငါ့မိတ်ဆွေတွေရဲ့ မျက်နှာကို ငါဘယ့်နှယ်လုပ်ပြီး ကြည့်ပါ့ မလဲဟင်? ပြောစမ်းပါဦး၊ ငါ့မိတ်ဆွေတွေကကော ငါဟာ နင်အတင်း အဓမ္မ ဘလက္ကာယလုပ်လို့ ဒီကလေးကိုရတယ်လို့ ပြောရင်ယုံကြ ပါ့မလား။ တချို့ တချို့ ကောင်မလေးတွေလို ထောပတ်တို့ ဒိန်ခဲ တို့ စားချင်တာနဲ့ ငါက နန့်ပျာထိုးတယ်လို့ မထင်ဘဲနေကြပါ့ မလားဟင် နင် ဒါလောက်မှမစဉ်းစားတတ်ဘူးလား။ ဒါကြောင့် နင့်ကိုငါတစ်ခုတည်းပဲ တောင်းပန်ချင်ပါတယ်။ အဲဒါကတော့ ငါ့ကို ငါ့ရှက်လုံးကြီးနဲ့ဘဲထားခဲ့ပြီး နင်ထွက်သွားဖို့ပါပဲ။ ဘုရားသခင်ကိုငဲ့ညှာပြီး နင်သွားပါဟယ် ဘယ်တော့မှ ငါ့ဆီမလာပါနဲ့ ရှိခိုးပါရဲ့”


“ဒါပေမယ့် ဒီကလေးဟာ မင်းကလေးချည်းမဟုတ်ဘူး၊ ကိုယ့်ကလေးလည်း ဖြစ်နေတယ် အင်နက်တာ၊ ကိုယ်ဒီကလေးကို လိုချင်တယ်”


"ဘာ"


အင်နက်တာသည် အံ့အားသင့်စွာ အော်လိုက်ရင်းနားမလည် နိုင်သောမျက်လုံးများဖြင့် ဟန်အားစူးစူးဝါးဝါး ကြည့်၍နေလေသည်။ ကြည့်ရင်းကပင် “နေစမ်းပါဦးဟယ် နင်မူးမူးရူးရူးနဲ့ နင်လုပ်ချင်ရာကို လုပ်တဲ့ကိစ္စက ဖြစ်ပေါ်လာရတဲ့ ဒီခလေးကို နင်ကဘာဆိုင်လို့ လိုချင်ရတာတုံး နင့်အဖို့မှာ ဒီခလေးဟာ ဘာအဓိပ္ပာယ်ရှိလို့လဲ” ဟု မေးလိုက်လေ၏။


“မင်းနားမလည်ပါဘူးကွယ် ဒီကလေးနဲ့ပတ်သက်ပြီး ကိုယ် အင်မတန်ကို ဝမ်းသာနေမိတယ်။ မင်းမှာခလေးရှိတယ်ဆိုတာကို သိဘာနဲ့ တစ်ပြိုင်နက်တည်းငါဟာလေ ငါမင်းကိုတကယ်ချစ်နေပါက လားဆိုတာကို ငါသေသေချာချာသိရလို့ပါပဲ။ ငါမင်းကို ချစ်နေပြီ ဆိုတာကို ငါ့ဟာငါစဉ်းစားမိတော့ ငါ့ကိုယ်ငါတောင် ချက်ချင်းမယုံ မိသေးဘူး။ ငါ့ကိုယ်ငါတောင် သိပ်ပြီးအံ့သြသွားမိတယ်။ ကိုယ်ပြောတဲ့ အဓိပ္ပာယ်ကို နားလည်လိုက်စမ်းပါ အင်နက်တာရယ် အခုဖွားမယ့် တို့သားကလေးဟာ ကိုယ့်အဖို့မှာတော့ ကိုယ့်တစ်ဘဝလုံးမှာ ဒီလောက ကြီးတစ်ခုလုံးမှာ အဘိုးတန်ဆုံး အမွန်မြတ်ဆုံး ဖြစ်နေပါတယ်ကွယ်။ ငါ့ရင်ထဲမှာလည်း တလှပ်လှပ်တုန်လို့ ကိုယ့်ရင်ထဲမှာ ကိုယ်ဘယ်လို ခံစားနေရတယ်ဆိုတာကိုတောင် ကိုယ်မသိတတ်အောင် ဖြစ်နေပါပြီ ကွယ်”ယင်းကဲ့သို့ ဟန်က အူလှိုက်သည်းလှိုက်ပြောလိုက်သောအခါ တွင် အင်နက်တာသည် ဟန်အား စိမ်းစိမ်းကြီးကြည့်၍နေ၏။ အင်နက်တာ၏ မျက်လုံးများတွင် စစ်အောင်သော စစ်ဗိုလ်၏မျက်လုံး များကဲ့သို့ ထူးဆန်းလှသော ရောင်ခြည်တို့သည် တဝင်းဝင်းပြောင်လက် ၍ နေကြပေသည်။ အတန်ကြာအောင် စူးစူးဝါးဝါးကြီး ကြည့်နေပြီး ကာမှ အင်နက်တာသည် ဟက်ခနဲတစ်ချက်ရယ်လိုက်ပြီးလျှင်


“အင်း နင်တို့ဂျာမန်တွေရဲ့ ကြမ်းတမ်းယုတ်မာမှုနဲ့ နင်တို့ ဂျာမန်တွေရဲ့ စိတ်ကူးယဉ်တတ်တဲ့ဝါသနာ အဲဒီနှစ်ခုမှာ ဘယ်ဒင်း ကိုပိုပြီး ငါမုန်းရမှန်းတောင် မသိသလောက်ဖြစ်နေပြီ” ဟု ကွဲအက် နေသောအသံကြီးဖြင့် ပြောလိုက်လေတော့သည်။ သို့သော် ဟန်ကမူ အင်နက်တာ၏စကားကို ကောင်းစွာကြားလိုဟန်မတူဘူးဘဲ “ကိုယ် လေ ကိုယ့်သားကလေးအကြောင်းကို အမြဲတွေးနေမိတယ်ကွယ်” ဟု သိမ်မွေ့သောအသံဖြင့် ပြော၍နေပြန်လေသည်။


“အံမယ် သားကလေးမှန်း နင်ဘယ့်နှယ်လုပ်ပြီးသိသလဲ”


“ကိုယ့်စိတ်က အလိုလိုသေချာနေတာပေါ့ အင်နက်တာ။ ကိုယ်လေ သားကလေးကို ယုယပိုက်ထွေးပြီးတော့ ချီချင်မြှောက်ချင် တယ်။ ဒီသားကလေးကို လမ်းလျှောက်သင်ပေးချင်တယ်။ အတော် လေးကြီးလာလို့ရှိရင် ကိုယ်တတ်သမျှပညာတွေကို ကိုယ်တို့သားလေး ကို သင်ပေးမယ်။ ကိုယ်တို့သားကလေးကိုလေ မြင်းစီးသင်ပေးမယ်၊ သေနတ်ပစ်သင်ပေးမယ်၊ ပြီးတော့မင်းတို့လယ်တောက ဟို စမ်းချောင်း ကလေးမှာ ငါးတွေရှိတယ်မဟုတ်လား၊ တို့သားကလေးကို ကိုယ်ကိုယ် တိုင် ငါးမျှားသင်ပေးမယ်။ ကိုယ်ဟာလေ ကမ္ဘာပေါ်မှာ အတော်ဆုံး ဖအေတစ်ယောက်ဖြစ်အောင် ကြိုးစားချင်လိုက်တာကွယ်”ဟန်က ဆက်လက်၍ စိတ်ကူးယဉ်ယဉ်နှင့် ပြောနေသည်ကို အင်နက်တာသည် အလွန် အလွန်မာကျောလှသော မျက်လုံးကြီး များဖြင့် ငေးငေးကြီးစိုက်၍ ကြည့်နေပေသည်။ အင်နက်တာ၏ မျက်နှာမှာ အကြောအချဉ်ကလေးများ တစ်ခုမှ မတုန်လှုပ်ဘဲ တင်းမာမြဲတင်းမာလျက်ရှိ၏။ အင်နက်တာ၏စိတ်ထဲတွင် အလွန် တရာ ကြောက်မက်ဘွယ်ကောင်းလှသော အကြံကြီးတစ်ခုသည် သန္ဓေဝင်လျက်ရှိနေပေတော့သည်။


ဟန်သည် ခင်မင်နှစ်လိုဘွယ်ရာ ပြုံးလိုက်ပြီးလျှင် “တို့သား ကလေးကို ကိုယ်ဘယ်လောက်ချစ်တယ်ဆိုတာကို မင်းမြင်ရတဲ့ အချိန်မှာဆိုရင် မင်းဟာ ကိုယ့်ကိုချစ်ကောင်းချစ်လာနိုင်ပါလိမ့်မယ် ကွယ်။ ယုံပါအသက်ရယ်။ ကိုယ်ဟာလေ မင်းရဲ့ခင်ပွန်းကောင်း တစ်ယောက်ဖြစ်အောဇ် ကိုယ်အစွမ်းကုန် ကြိုးစားပါ့မယ်ကွယ်” ဟု ပြောလိုက်ရာ အင်နက်တာသည် ဘာမှပြန်၍မပြော ဟန်၏ မျက်နှာကိုသာ ဒေါသမီးလျှံများ ဟုန်းဟုန်းတောက်၍နေသော မျက်လုံးတို့ဖြင့် ငေးစိုက်မြဲ ငေးစိုက်၍ ကြည့်နေပေတော့သည်။


“ကိုယ့်ကိုစကားလေးတစ်ခွန်းလောက်မှ မပြောနိုင်တော့ဘူး လာ၊ အင်နက်တာရယ်” ဟု ဟန်က အောက်ကြို့တောင်းပန်သော ခယအသံဖြင့် မေးလိုက်သည်တွင် အင်နက်တာသည် ရုတ်တရက် ပင် မျက်စိမျက်နှာပျက်၍သွား၏။ ထို့နောက်မှ သူ့လက်နှစ်ဖက်ကို တစ်ဖက်နှင့် တစ်ဖက် တင်းကျပ်စွာ ဆုတ်ကိုင်၍ ဖျစ်ညှစ်ရင်း


“နင့်ကိုငါငြင်းပယ်တဲ့အတွက် တခြားလူတွေကတော့ ငါ့ကို မုန်းကြမှာပဲ၊ ဒါပေမယ့် တခြားလူတွေ ဘယ်လောက်ပဲမုန်းမုန်း ငါ့ကိုငါ မုန်းတီးရွံရှာရမယ့်အလုပ်ကိုတော့ ငါနည်းနည်းမှ မလုပ်နိုင်ဘူး။နင်ဟာ ငါ့ရန်သူ၊ နင်ဟာကမ္ဘာဆုံးတောင် ငါ့ရန်သူဘဲဖြစ်နေမှာဘဲ။ အခုငါအသက်ရှင်နေတာ တခြားကြောင့်မဟုတ်ဘူး၊ ငါတို့ပြင်သစ် တိုင်းပြည်ကြီး လွတ်လပ်မယ့်နေ့ကို မြင်ရမလားလို့ ငါ့ကိုယ်ငါ သတ်မသေဘဲ အင်မတန်ထွက်ချင်နေတဲ့ ငါ့အသက်ကိုတောင် ငါ အောင့်ထားရတာ ငါတို့တိုင်းပြည် လွတ်မြောက်မယ့်နေ့ဟာ တစ်နေ့ကျ ရင် ရောက်လာမှာပဲ။ နောင်နှစ်ကျမှ ဖြစ်ချင်ဖြစ်မယ်၊ ဟိုနောက် တစ်နှစ်ကျမှ ဖြစ်ချင်ဖြစ်မယ်၊ အနှစ်သုံးဆယ် ကြာချင်ကြာမယ်၊ ဒါပေမယ့် ငါ့တိုင်းပြည်ကြီး လွတ်မြောက်မယ့်နေ့ဟာ တစ်နေ့ကျရင် တော့ ဆက်ဆက်ကြီးပေါ်လာမှာဘဲ။ အဲဒါကို ငါယုံကြည်တယ်။ တခြားပြင်သစ်လူမျိုးတွေ လုပ်ချင်ရာလုပ်ကြပါစေ၊ ငါမမှုပါဘူး။ ငါ့အဖို့မှာတော့ ငါ့တိုင်းပြည်ကိုဝင်ပြီး တိုက်ခိုက်သိမ်းပိုက်ကြတဲ့ နင်တို့ဂျာမန်ကျူးကျော်မှုတွေနဲ့ ဘယ်တော့မှ စေ့စပ်ရေးလုပ် လို့မဖြစ်နိုင်ဘူး။ ငါနင့်ကိုမုန်းတယ်၊ ပြီးတော့ နင်ငါ့ကိုအတင်းပေး ထားတဲ့ ငါ့ဗိုက်ထဲကသားကိုလည်း မုန်းတယ်။ ဟုတ်တယ် တို့ဟာ စစ်ကိုရှုံးခဲ့ရတယ်။ ဒါပေမယ့် နင်စောင့်သာကြည့်ပါ တစ်နေ့ကျရင် တို့ဟာ အရှုံး မပေးဘူးဆိုတာ နင်တွေ့ရပါလိမ့်မယ်။ ကိုင်းနင်သွား တော့ ငါ့စိတ်ကိုငါ ပိုင်ပိုင်နိုင်နိုင်ကြီးဆုံးဖြတ်ပြီးပြီး၊ ဒီလောကမှာ ငါ့စိတ်ကို ဘယ်သူကမှ ပြောင်းလဲအောင် မတတ်နိုင်ဘူးဆိုတာ နင်ယုံပါ” ဟု တစ်တစ်ခွခွပြောရင်း နေပြန်လေတော့သည်။


ဟန်သည် တစ်မိနစ်၊ နှစ်မိနစ်ကြာအောင် စကားမပြောနိုင် ဘဲငြိမ်သက်၍ နေလေတော့သည်။


“မင်းဆရာဝန်တစ်ယောက်နဲ့ မီးဖွားဖို့ကိစ္စအတွက် စီစဉ်ပြီးပြီ လားကွယ်။ ကုန်ကျတဲ့စရိတ်ဟူသမျှ ငါကပဲပေးပါမယ်။”“နေပါဦးဟဲ့ တို့အရှက်အိုးကြီး ကွဲရတဲ့ကိစ္စကို လူတကာကို ငါက အသိပေးရမလားဟ၊ ဒီအရှက်တကွဲအကြိုးနည်းဖြစ်စေမယ့် ကိစ္စကို လူသိနတ်ကြား တို့ကဆရာဝန်ခေါ်ပြီး မောင်းထုလိမ့်မယ်လို့ နင်ကထင်နေသလား။ အချိန်စေ့လာလို့လုပ်စရာရှိသမျှကို ငါ့အမေက လုပ်ပေးပါလိမ့်မယ်”


“ဒါပေမယ့် အင်နက်တာရယ် မတော်တဆကွယ် အရေးကြီး တဲ့ ကိစ္စဖြစ်ရင် ဘယ့်နှယ်လုပ်မတုံး”


“နင်နဲ့မဆိုင်ပါဘူးဟဲ့၊ သွားမှာသာမြန်မြန်သွားပါ”


ဟန်သည် သက်ပြင်းတစ်ချက်ကို ချလိုက်ပြီးလျှင် ထိုင်ရာ မှထလိုက်လေ၏။ ထို့နောက် လယ်တောမှ ထွက်ခွာခဲ့ပြီးလျှင် တံခါးကို ဖြေညင်းစွာ ပြန်၍ပိတ်ခဲ့ပြီးနောက် အိမ်မှလမ်းမကြီးအထိသွယ်တန်း၍ နေသော လူသွားလမ်းလေးအတိုင်းဟန်သည် ဖြေးညင်း စွာလျှောက်သွားသည်ကို အင်နက်တာသည် ခပ်ငေးငေးကလေး စူး စိုက်၍ ကြည့်နေမိရှာလေသည်။ အင်နက်တာ၏ ရင်ထဲ၌ အိမ်ထောင် သည် ဘဝသားကောင်းမိခင်၏ မိခင်၏ဘဝတွင် နေလိုသော စိတ်ကလေးများနှင့် သားကလေးအတွက် ဟန်အားလက်ခံလျှင် ကောင်းလေမည်လားဟု ကြံဆမိသောစိတ်ကလေးများသည် အညွန့် ပျူ၍ပေါ်ကာလာတော့မလို ဖြစ်နေလေတော့သည်။ ဟန်၏အပေါ်တွင် မလိုမုန်းတီးသော စိတ်များမှာ ပြေချင်ချင်ဖြစ်၍လာလေရာ ဟန်နှင့် ပတ်သက်၍ မထားစဖူးထားခဲ့သော စိတ်ကလေးများတို့ပင်လျှင် ထားမိရက်သားနေရှာလေသည်။ ထို့နောက်မှ အင်နက်တာသည် မိမိ၏စိတ်၌ လှုပ်လှုပ်ရွရွဖြစ်လာမိပုံကို ရုတ်တရက်သတိရကာ ကိုယ့်ကိုယ်မချင့်မရဲဖြစ်လာရင်း “ဘုရားသခင် ကိုယ်တော်မြတ်ကြီးဘုရား၊ ဘုရားကျွန်မကို စိတ်ဓာတ်အင်အား ပေးသနားတော်မူပါ ဘုရား”ဟု မချည့်တင်ကဲ ဘုရားသခင်ကို တိုင်တည်လိုက်ရှာလေတော့ သည်။


ဟန်သည် လူသွားလမ်းကလေးအတိုင်းထွက်၍ လာခဲ့ရာ၌ ခွေးတစ်ကောင်သည် ဟန်ရှိရာသို့ သွားကိုဖြဲ၍ ပြေးလာကာ ကျယ်လောင်စွာ ဟောင်လေတော့သည်။ ထိုခွေးမှာ အင်နက်တာတို့၏ လယ်တောတွင် ယခင်နှစ်ပေါင်းများစွာကပင် မွေးခဲ့သော ခွေးဖြစ်လျက် ယခုအခါတွင် ခွေးအိုကြီးဖြစ်နေပေသည်။ ဟန်သည် ထိုလယ်တောသို့ ရောက်လျှင်ရောက်ချင်း ဤခွေးအိုကြီးနှင့် အမျိုးမျိုးကျွမ်းဝင်အောင် အမျိုးမျိုးကြိုးစားခဲ့၏။ အမျိုးမျိုးမြူခဲ့၏။ အမျိုးမျိုးချော့မော့ယုယ ခဲ့၏။ သို့သော်ထိုခွေးအိုကြီးသည် ဟန်မည်မျှပင် ယုယစေကာမူ မည်သည့်အခါမျှ ဟန်ကိုချစ်ခင်သည်မရှိဘဲ အမြီးတစ်ခါမှ နှံ့မပြ ဘူးခဲ့ပေ။ ဟန်ကခွေးအိုကြီးကျောကုန်းကိုပွတ်သပ်ရန် လက်ဟန် ပြင်လိုက်သည်နှင့်တစ်ပြိုင်နက် ခွေးအိုကြီးသည် အစွယ်များကိုဖြီး ကာ နောက်သို့ဆုတ်၍ ဒေါသမာန်ကြီးစွာဖြင့် ဟိန်းဟောက်နေတတ် လေသည်။ ယခုဤအကြိမ်တွင်လည်း ခွေးအိုကြီးသည် ဟန်အား ကိုက်ခဲမည်ဟု တစ်ဟုန်တည်းပြေးလာရာ အင်နက်တာနှင့် ပတ်သက်၍ လက်နှက်ချအရှုံးပေးခဲ့ရသောကြောင့် စိတ်အညစ်ကြီးညစ်နေသောဟန် သည် စိတ်ထဲမှကြိတ်ခဲထားသမျှတို့ကို ဖွင့်လှစ်သောအားဖြင့် ကိုက်ခဲ ရန်ပြေးလာသော ခွေးအိုကြီးအား တအားကိုမညှာမတာ ရက်ရက်စက်စက် ပိတ်၍ကန်လိုက်လေသည်။ ခွေးအိုကြီးမှာ ဟန် ကန်လိုက်သော အရှိန်ကြောင့် လူသွားလမ်းကလေး၏ဘေးရှိ ချုံပုတ်များအတွင်းသို့ လွင့်စင်၍ ထွက်သွားပြီးလျှင် တကိန်ကိန်အော်မြည်ကာ ခြေထောက်ထော့ကျိုးထော့ကျိုးဖြင့် ထွက်ပြေးလေတော့သည်။ ဤအချင်းအရာကို မြင်နေရသော အင်နက်တာသည် မျက်ရည်များဝဲရင်း “ခွေး ခွေးလို မိုက်တဲ့အကောင် . တိရစ္ဆာန် လူမဟုတ်ဘူး။ ဒီအကောင်အတွက် ငါဘာဖြစ်လို့စိတ်က ပျော့မိပါလိမ့်။ ငါညံ့လှချည်ရဲ့ ဒီကောင် ငါ့ အပေါ်မှာ မျက်နှာချိုတာတွေဟာ လိမ်တာညာတာတွေချည်းဘဲ၊ ဒင်းအတွက် ငါကဝမ်းနည်းသယောင်ယောင် ဖြစ်ရသေးတယ်။ ညံ့ရှာလိုက်တဲ့ ငါ့နှယ်ဟယ်၊ ငါညံ့လှချည်ကလား” ဟု စိတ်တွင် တပျစ်တောက်တောက် ကြိတ်မနိုင် ခဲမရ ရေရွတ်နေပေတော့သည်။


အိမ်အတွက် တံခါးပေါက်၏ဘေးတွင် ကြည့်မှန်တစ်ခု ချိတ်ဆွဲထားလျက်ရှိ၏။ အင်နက်တာသည် ထိုမှန်ထဲတွင် သူ့ကိုယ် သူကြည့်လိုက်လေသည်။ ကြည့်ရင်းလည်း မိမိ၏ပုံပုံဆုံဆုံကလေး မို့နေသော ဝမ်းပျဉ်ကို ကြည့်ကာ တစ်ချက်ပြုံးလိုက်လေသည်။ သို့သော် သူ၏အပြုံးမှာ အပြုံးဟူ၍မခေါ်နိုင်။ တစ္ဆေသရဲတစ်ကောင် သွားဖြည်းပြသောအမူအရာမျိုး သက်သက်ဖြစ်၍နေလေတော့သည်။


ဤအချိန်တွင် မတ်လဖြစ်၏ ဆွာဆွန်မြို့တွင် ချ၍ထားသော ဂျာမန်မြို့စောင့်တပ်သည် အလွန်တရာ အလုပ်ရှုပ်၍လာပေတော့သည်။ တပ်စုတပ်ဖွဲ့များအား အသေအချာစစ်ဆေးခြင်း၊ တပ်သားများအား အပြင်းအထန် လေ့ကျင့်ရန် သင်တန်းများပေးခြင်း၊ စသည်ဖြင့် အလွန်တရာ လှုပ်လှုပ်ရွရွ ဖြစ်၍လာခဲ့၏။ ကောလာဟလသတင်း အမျိုးစုံတို့သည်လည်း နာမဆံ့အောင် ပေါ်ထွက်၍နေကြလေတော့ သည်။ ဤကဲ့သို့ တပ်စုများအား စစ်ဆေးခြင်း၊ လေ့ကျင့်ခဏ်များ အပြင်းအထန်ပေးခြင်း စသည်တို့ကိုထောက်၍ မြို့စောင့်တပ်သည် ဆွာဆွန်မြို့၌ ချရပ်မနေတော့ဘဲ တပ်ရွှေ့ရတော့မည် ဆိုသည်မှာကား သေချာ၍ လာခဲ့ပေပြီ။ ထိုသတင်းကို စစ်ဗိုလ်များမှ တပ်သား များသည် မိမိတို့တပ် အဘယ်သို့ ရွေ့ရမည်ဆိုသည်ကို လုံးဝမသိကြရ ပေ။ အချို့အချို့တို့က မိမိတို့သည် အင်္ဂလန်ကျွန်းကိုကူး၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်ဟု ပြောဆိုကြ၏။ အချို့အချို့တို့ကမူ မိမိတို့တပ်များသည် ဘော်ကလန် ဒေသ စစ်မျက်နှာများသို့ သွားရောက်၍ တိုက်ပွဲဝင်ကြရတော့မည်ဟု ယူဆနေကြပေသည်။ ကျန်ရှိသူများကမူ ရုရှားပိုင်နယ်ဖြစ်သော ရူကရိုင်းဒေသသို့ သွားရောက်၍ အပြင်းအထန် တိုက်ပွဲများဆင်နွှဲကြ ရတော့မည်ဟု မှတ်ထင်လျက်ရှိနေကြလေသည်။ ဤကဲ့သို့ မြို့စောင့် တပ်ကြီးတစ်တပ်လုံး အလုပ်အလွန်တရာများနေခိုက်တွင် ဟန် ကိုယ်တိုင်မှာလည်း တာဝန်ဝတ္တရားအလျောက် များစွာအလုပ်ရှုပ် လျက်ရှိနေလေသည်။ ထို့ကြောင့် အင်နက်တာတို့၏ လယ်တောသို့ တနင်္ဂနွေနှစ်ပတ်ကြာအောင် မသွားရောက်နိုင်ဘဲ ရှိနေခဲ့ပြန်လေသည်။ သို့နှင့် တစ်ဆယ့်လေးရက်လွန်မြောက်၍ တနင်္ဂနွေနေ့သို့ ကျရောက် လာသောအခါ ဟန်သည် အင်နက်တာတို့၏ လယ်တောသို့ ထွက်လာ ခဲ့နိုင်ပြန်လေသည်။


ထိုတနင်္ဂနွေနေ့မှာကား ကောင်းကင်ကြီးတစ်ခုလုံး ပြာမွဲမှိုင်းညို့ လျက် အအေးဓာတ်မျိုးကို အလွန်တရာပေးစွမ်းနိုင်သော နှင်းပွင့်နှင့် နှင်းလုံးများသည် တစိမ့်စိမ့်ကျဆင်းလျက်ရှိနေ၏။ ဆောင်းလေသည် လည်း ပြင်းထန်စွာ မွေ့ရမ်းတိုက်ခိုက်လျက် ရှိနေပေသည်။ မြို့၏ ပြင်ဘက် လယ်တောဒေသတစ်ခုလုံး၌ ပတ်ဝန်းကျင်သည် အလွန် တရာ ငြိုငြင်သောအသွင်ကိုဆောင်လျက်၊ သာယာကြည်လင်မှုလည်း လုံးဝကင်းစင်လျက် ရှိနေပေသည်။ ယင်းသို့ရှိနေခိုက်တွင် ဟန်သည်အင်နက်တာတို့၏ လယ်တောသို့ ရောက်အောင်ထွက်၍ လာခဲ့လေ သည်။


အင်နက်တာတို့ လယ်တောအိမ်ထဲသို့ ဝင်၍သွားသောအခါ တွင် မဒမ်ပေရီယေးက “အောင်မယ်လက်စသတ်တော့ မောင်မင်းကြီး သား ပေါ်မှပေါ်လာသေးသကိုကွဲ့ ငါတို့မှာဖြင့် မင်းသေများသေပြီလား လို့တောင် အောက်မေ့နေကြတာ” ဟု အံ့သြဝမ်းသာသောအသံဖြင့် ဆီးကြို၍ နှုတ်ဆက်လိုက်လေသည်။ ဤတွင် ဟန်က “အရင်ရက်တွေ က ကျွန်တော်မလာနိုင်ဘူးအဒေါ် ကျွန်တော်တို့တပ်ဟာ ချီရတော့ မယ် . ဘယ်နေ့ချီရမယ်မှန်းသာမသိရတယ် အလုပ်တွေကလည်း သိပ်များနေလို့” ဟု ပြန်၍ပြောလိုက်သောအခါ မဒမ်ပေရီယေးသည် ခပ်ပြုံးပြုံးမျက်နှာနှင့် ဟန်၏အနီးသို့တိုးလာပြီးလျှင် “အင်နက်တာ မနက်က မီးဖွားတယ် ယောက်ျားကလေး” ဟု ပြောလိုက်လေသည်။


ဟန်၏အသည်းနှလုံးများသည် ရုတ်ခနဲခုံကြွ၍ရင်ဝတွင် လာဆို့နေကြလေတော့သည်။ ဝမ်းသာလွန်းမက ဝမ်းသာရှာသော ကြောင့် ဟန်သည်သူ၏ယောက္ခမလောင်းကြီးအား အားရပါးရ ဖက်ပြီးလျှင် ပါးနှစ်ဖက်ကို နမ်းလိုက်မိ၏။ ထို့နောက်ဟန်ကဆက်၍ ဝမ်းသာ အားရသောအသံကြီးဖြင့် ကြည့်စမ်း ကြည့်စမ်း ကျွန်တော့် သားကလေးဟာ တနင်္ဂနွေသားကလေး တနင်္ဂနွေသားဟာ အင်မတန် ကံကောင်းတတ်တယ်မဟုတ်လား လာလာ ကျွန်တော်တို့ ရှန်ပိန်ပုလင်း ဖွင့်ကြစို့ ဩော် ဒါနဲ့ အင်နက်တာများ ဘယ်လိုနေသေးသလဲ” ဟု မေးလိုက်လေသည်။


နဲနဲတော့နုံတာပေါ့ကွယ် ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး မီးဖွားတာကလည်း ခပ်လွယ်လွယ်ပါပဲ သိပ်မခဲယဉ်းပါဘူး သားဦးပေမယ့် မနေ့ညကစပြီးဝမ်းနာတယ်လေ အခုမနက် ငါးနာရီကျတော့ ဖွားတော့တာပဲ” ဟု မဒမ်ပေရီယေးက ပြောလိုက်လေသည်။


လယ်သမားကြီး မာစီပေရီယေးမှာမူ မီးဖိုနှင့် ကပ်နိုင်သမျှ ကပ်၍ အနွေးဆုံးနေရာတွင်ထိုင်ကာ ဆေးတံကိုသောက်၍နေပြီးလျှင် သား သည် အဖေဘဝသို့ ရောက်ရသည့်အတွက် အူအမြူးကြီးမြူး၍ နေသော ဟန်၏ ဝမ်းသာအားရ ဖြစ်နေပုံကိုကြည့်ကာ တိတ်ဆိတ်စွာ ပြုံး၍ နေလေတော့သည်။ ပြုံးနေရင်းက “အေးကွယ် သားဦးရူးဆိုတာ လူတိုင်းပေါ့ကွယ်” ဟု ပြောလိုက်လေသည်။ ထိုအခါ မဒမ်ပေရီယေး က ဝင်တဲ့၍


“မင်းသားကြီးက မင်းလိုဘဲဟေ့ ဆံပင်လဲတယ်သန်တဲ့ အကောင်ကြီး၊ မင်းဆံပင်လိုဘဲ ရွှေဝါရောင်ကွဲ့။ ပြီးတော့ မင်းအရင် ပြောတဲ့အတိုင်းဘဲဟေ့ မင်းသားရဲ့မျက်လုံးတွေကလည်း မင်းမျက်လုံး တွေလိုပဲ အင်မတန်ပြာသပေဟေ့၊ လှလိုက်တဲ့ကလေးကြီးကွယ် ထွားလိုက် တဲ့ အကောင်ကြီးကြီးများလာရင်တော့ သူ့ပါပါနဲ့တပုံတည်းနေမှာ ဘဲဟေ့” စသည်ဖြင့် အားရဝမ်းသာ ပြော၍နေလေသည်။ ဟန်သည် သူ့ စိတ်ကိုမချုပ်တည်းနိုင်တော့ဘဲ “ပျော်လိုက်တာ အဒေါ်ရယ် ကျွန်တော်ပျော်လိုက်တာ သိပ်ကိုပျော်တာပဲ၊ ကျွန်တော် အင်နက်တာ ကို ကြည့်ပါရစေလားခင်ဗျာ” ဟု အလောသုံးဆယ် ပြော၍နေပြန်လေ သည်။


“အင်း အင်နက်တာက မင်းကိုတွေ့ချင်လား မတွေ့ချင်လား တော့ မပြောတတ်ဘူးကွယ်၊ ဒါပေမယ့် မင်းကိုတွေ့လို့ဒေါသထွက်ရင် နို့ လယ်သွားမှာကိုတောင် စိုးမိတယ်။ အဲဒီတော့ လောလောဆယ်ဆယ် မတွေ့တာဘဲကောင်းလိမ့်မယ်ထင်ပါရဲ့ကွယ်”“နေပါစေ နေပါစေ ကျွန်တော့်အတွက်တော့ သူစိတ်အနှောင့် အယှက်မဖြစ်ပါစေနဲ့ကိစ္စမရှိပါဘူး၊ သူကျွန်တော့်ကိုမတွေ့ချင်ရင်လည်း နေပါစေ အရေးမကြီးပါဘူး ဒါပေမယ့် ကျွန်တော့်သားကလေးကိုတော့ တစ်မိနစ်လောက်ဖြစ်ဖြစ် ကြည့်ပါရစေခင်ဗျာ ကြည့်ချင်လွန်းလို့ပါ” ဟု ဟန်က တောင်းတောင်းပန်ပန် ပြောနေလေရာ မဒမ်ပေရီယေးက “အေးကွယ် ငါ့အပေါ်ထပ် တက်ကြည့်လိုက်ဦးမယ် ခလေးကိုခေါ်လို့ ရရင်လည်း ငါခေါ်လာခဲ့ပါ့မယ်ကွယ်” ဟု ဆိုကာ အပေါ်ထပ်သို့တက် ၍သွားလေသည်။


ဟန်နှင့် မာစီပေရီယေးတို့သည် လှေခါးအတိုင်း အပေါ်ထပ် သို့တက်၍သွားသော မဒမ်ပေရီယေး၏ လေးလဲသော ခြေလှမ်းအသံကို နားထောင်နေ၏။ ထို့နောက် ခေတ္တမျှ ခြေသံပျောက်သွားပြီးသည့် နောက် ချက်ခြင်းလိုပင် အပေါ်ထပ်မှ အောက်သို့လှေခါးအတိုင်း ရေးကြီးသုတ်ပြာပြေး၍ ဆင်းလာသော ခြေလှမ်းကို ကြားရပြီးနောက် မဒမ်ပေရီယေးသည် မီးဖိုချောင်ထဲသို့ တစ်ဟုန်တည်း ပြေး၍ ဝင်လာလေတော့သည်။


“မရှိကြတော့ဘူး မရှိကြတော့ဘူး၊ အင်နက်တာလဲ အပေါ် ထပ်မှာမရှိဘူး၊ ပြီးတော့ခလေးလည်းမရှိတော့ဘူး” ဟု မဒမ်ပေရီယေး က မျက်လုံးမျက်ဆံပြူးကာ အလန့်တကြားပြောလိုက်လေရာ မာစီပေရီ ယေးနှင့် ဟန်တို့သည် “ဟယ်” ဟု သံပြိုင်ဆိုမိကြကာ ဘာမျှမစဉ်းစား နိုင်မီအတွင်း အပေါ်ထပ်ရှိ အင်နက်တာ၏ အခန်းသို့ သုံးယောက်သား အပြေးအလွှား တက်သွားမိကြပြန်တော့သည်။ ဆောင်းရာသီမွန်းလွဲ အချိန်၏ စူးရှသော အလင်းရောင်သည် ပြူတင်းပေါက်မှ ဝင်ကာ ဟောင်းမြေစုတ်ချာနေသော အိမ်ထောင်ပရိဘောဂများ ဖြစ်ကြသည့်တစ်ယောက်အိပ်သံခုတင်၊ ဈေးအပေါစား အဝတ်ဘီရို၊ ဟောင်းနွမ်း နေသော တုံးလုံးဘီရိုတို့အပေါ်၌ ဖုံးလွှမ်းလျက် ရှိနေလေတော့သည်။ အခန်းထဲ၌ မည်သူမျှမရှိပေ။


မဒမ်ပေရီယေးသည် “ဪ ဒီကောင်မကလေးကလဲ ခက်လိုက်တာ ဘယ်များထွက်သွားပါလိမ့်” ဟု စိတ်ညစ်သံနှင့် အော်လိုက်ပြီးလျှင် ခန်းကူးစင်္ကြံကလေးအတိုင်းပြေးကာ အခန်း တကာမှ တံခါးများကိုဖွင့်ရင်း “အင်နက်တာ သမီးဘယ်မှာလဲ၊ ဩော် မိုက်လိုက်တဲ့ ကလေးမနှယ်” ဟု အော်ဟစ်ကာ ခေါ်ဝေါ်ရင်း ခြူသံပါအောင် ညည်းညူ၍နေလေတော့သည်။


အောက်ထပ်ဧည့်ခန်းထဲမှာများ ရှိလေမလားဟု ဟန်တို့ သုံးယောက်သားသည် အောက်ထပ်သို့ ပြေး၍ဆင်းလာကြကာ ဆောင်းတွင်းဖြစ်သဖြင့် အေးလွန်းသောကြောင့် အသုံးမပြုဘဲထားသော ဧည့်ခန်းဆီသို့ ကမန်းကတန်း ရောက်လာကြပြန်၏။ တံခါးကို ကဗျာကသီဖွင့်လိုက်ကြသောအခါမှာ အခန်းတွင်း၌ မည်သူမျှမရှိ၊ ရေခဲကဲ့သို့ အေးမြနေသော လေသည် သူတို့သုံးယောက်၏ မျက်နှာ ကို တိုက်ခတ်၍ ပက်ဖျန်းလိုက်လေသည်။ ယင်းသည့်နောက် သုံးယောက်သား ပစ္စည်းအတိုအစများထည့်ထားသည့် စတိုအခန်း တစ်ခုကို ဖွင့်ကြည့်ကြပြန်၏။ သို့သော်မတွေ့။


“အင်နက်တာအိမ်ပြင်သို့ ထွက်သွားပြီထင်တယ် ဒုက္ခဘဲ ဒုက္ခပဲ တစ်ခုခုတော့ ဖြစ်တော့မှာဘဲ” ဟု မဒမ်ပေရီယေးက ညည်းညူနေသည်တွင် ဟန်က သောကမီးတောက်နေသောအသံဖြင့် “ဘယ့်နှယ်လုပ်များ ထွက်နိုင်ပါ့မလဲ” ဟု ကယောင်ကတန်းမေးမြန်း နေမိသည်၌ “အိမ်ရှေ့တံခါးက ထွက်သွားမှာပေါ့ဟဲ့” ဟု မဒမ်ပေရီယေးက ပူပန်သောစိတ်ဖြင့် ပြန်၍ငေါက်လိုက်မိလေတော့သည်။


မာစီပေရီယေးသည် အိမ်ရှေ့တံခါးပေါက်ရှိရာသို့ သွား၍ကြည့် ပြီးနောက်၊ “ဟုတ်တယ်ဟေ့ မင်းတုန်းပြုတ်နေတယ်” ဟု အော်ပြော လိုက်လေသည်။


ထိုအခါတွင် မဒမ်ပေရီယေးက “ဘုရား ဘုရား တယ်ပြီး မိုက်တဲ့ သမီးပါကလား ရူးများရူးနေရော့လား သွေးနုနုကလေနဲ့ ဒီလောက်အေးတဲ့ အပြင်ဘက်ကိုထွက်ရင် ဒင်းတော့သေတော့မှာပဲ” ဟု ငိုသံပါကြီးနှင့် ပြော၍နေပြန်လေသည်။


“လာ လာ ဒါဖြင့်ရှာကြရအောင်” ဟု ကသောကမြော ပြေးရင်း ဟန်သည် သူရောက်နေကျဖြစ်သော၊ သူထိုင်နေကျဖြစ်သော မီးဖိုဆောင်ဘက်သို့ ပြေးလေတော့ရာ လယ်သမား လင်မယားတို့သည် လည်း သူ့နောက်မှ အပြေးအလွှား လိုက်၍လာကြလေ၏။


ဟန်က “ကဲ ကဲဘယ်ကို အရင်စရှာကြမလဲ” ဟု မေးလိုက်၏။


“စမ်းချောင်းကလေးဘက်ကို အရင်စရှာမယ်” ဟု မဒမ် ပေရီယေးက အသက်ရှူမှားနေသော အသံကြီးဖြင့် ပြောလိုက်၏။


ထိုစကားကို ကြားရသောအခါတွင် ဟန်သည် တစ်စုံတစ်ခုကို အပြင်းအထန် စိုးထိတ်လန့်ကြောက်သောစိတ်ဖြင့် ရုတ်တရက် မတုန်မလှုပ် ကျောက်ရုပ်ကြီးလိုရပ်ကာ မဒမ်ပေရီယေး၏ မျက်နှာကို ညိုမဲ၍နေသော ` မျက်နှာကြီးဖြင့် စူးစူးဝါးဝါးကြီး ကြည့်၍နေမိလေသည်။ မဒမ်ပေရီယေးကမူ“အမယ်လေး ဒုက္ခပါပဲ၊ ဒုက္ခပါပဲအင်း ဒုက္ခကြီးတော့ ရောက်ပြီထင်ပါရဲ့” ဟု တုန်ရီလှိုက်လှဲစွာ ရေရွတ် မြည်တမ်းနေပြန်လေသည်။


ပြီးမှဟန်သည် ရုတ်တရက် သတိကို ချုပ်မိကာ မီးဖိုဆောင်မှ အိမ်ပြင်သို့ထွက်သောတံခါးကို ဆွဲ၍ဖွင့်လိုက်၏။ ယင်းသို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း သုံးယောက်သားတို့သည် မျက်လုံးကျွတ်ကျမတတ် အသက်ရှုခေတ္တကင်းပြတ်လျက် မတ်တပ်မှ ယိုင်လဲမသွားကြရအောင် သတိထား၍ နေလိုက်ကြရလေတော့သည်။


အဘယ့်ကြောင့်ဆိုသော် တံခါးပေါက်တွင် အင်နက်တာကို တွေ့မြင်ကြရသောကြောင့် ဖြစ်လေတော့သည်။ အင်နက်တာ၏ ကိုယ်တွင် ပါးလွှာလှသော ညဝတ်ဂါဝန်ကလေးတစ်ထပ်တည်း ဝတ်ထားလျက် ထိုဂါဝန်အပေါ်မှ ပါးလွှာသော ပိုးတု ရေချိုးဝတ်စုံကို ထပ်၍ဝတ်ထားလေသည်။ ထိုဝတ်စုံမှာ ပန်းနုရောင်ဖြစ်ပြီးလျှင် အပြာနုရောင်ပန်းပွင့်များဖြင့် ခြယ်လှယ်၍ ထားလေသည်။ အင်နက်တာ၏ တစ်ကိုယ်လုံးမှာ ရေများစိုရွှဲလျက်ရှိ၏။ ဆံပင်များမှာလည်း ဖိုးယိုးဖားယားဖြစ်၍နေကာ ဦးခေါင်းတစ်ခု လုံးတွင် ရေစို၍နေသောကြောင့် ဆံပင်များကပ်နေလျက် ဆံနွယ် ကလေးများသည်လည်း အင်နက်တာ၏ ပခုံးတစ်ဖက် တစ်ချက်ပေါ်သို့ ပျော့နွဲ့၍ အထွေးလိုက် အထွေးလိုက်ကျဆင်းနေလေသည်။ အင်နက်တာ၏ မျက်နှာမှာ လူသေ၏မျက်နှာကဲ့သို့ ဖြူရော်ရော် ကြီးဖြစ်နေ၏။ မဒမ်ပေရီယေးသည် အင်နက်တာဆီသို့ ပြေးသွား ပြီးလျှင် သမီးအားဖက်လိုက်လေတော့သည်။


“ဖက်ရင်းကလည်း အမယ်လေးသမီးရယ် ဘယ်များသွားရ တာလဲကွယ် သမီးမှာ ရေတွေလဲရွှဲရွှဲစိုလို့ပါလားကွယ် တယ်မိုက်ပါ ကလားသမီးရယ်” ဟု ကြေကွဲစွာပြောလိုက်၏။


သို့သော် အင်နက်တာသည် မိခင်မဒမ်ပေရီယေးအား တွန်းဖယ်၍ပစ်လိုက်ပြီးနောက် ဟန်အား စူးစူးဝါးဝါးကြည့်ကာ လူချင်းရင်ဆိုင်လိုက်လေသည်။ “အဲ ဟန်ကျတယ် နင်လာတာဟာ အချိန်အတော်ပဲ” ဟု အင်နက်တာက သွားကြားမှထွက်လာသော လေသံဖြင့် နာနာကျိတ်ကျိတ်ကြီး ပြောလိုက်၏။


မဒမ်ပေရီယေးက မျက်လုံးပြူးပြူး မျက်ဆန်ပြူးပြူးဖြင့် -“ခလေးကောဟင် ခလေးကော” ဟု ပြာပြာသလဲမေးရှာ၏။


“ကျွန်မချက်ချင်းလုပ်ရတယ်လေ မလုပ်ရင် မဖြစ်ဘူး တကယ် လို့ အချိန်နည်းနည်းပိုပြီးယူမိရင် ကျွန်မစိတ်ဓာတ်အင်အား ပျော့သွားမှာ ကျွန်မသတ္တိကြောင်သွားမှာစိုးတာနဲ့ ချက်ချင်းဘဲလုပ်ရတယ်”


အင်နက်တာ၏အသံမှာ အဝေးအရပ်တိမ်တိုက်တစ်ခုထဲမှ လာ၍နေသောအသံမျိုးဖြစ်၍နေပေသည်။


ဟန်သည် တစ်ကိုယ်လုံး တုန်ရီလှုပ်ရှားနေကြကာ လှိုက်လှဲ သော အသံကြီးဖြင့် “အင်နက်တာ မင်းဘာလုပ်ခဲ့သလဲဟင်” ဟု အသက်မရှူအားဘဲမေးလိုက်သည်၌


“ငါလုပ်စရာရှိတာကို ငါလုပ်ရတယ်လေ . နင့်ကလေးကို ငါ စမ်းချောင်းယူသွားပြီး မသေမချင်းသူ့ခေါင်းကို ရေထဲမှာနှစ်ထား လိုက်ရတယ်”- ဟု ပြောလိုက်၏။


ကျားရဲတိရစ္ဆာန်တစ်ကောင် သေလောက်သောဒဏ်ရာ ရရှိသောအခါ၌ မချိမဆန့် စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံ နက်ကြီးမျိုးဖြင့် ဟန်သည် အသံကုန်အော်လိုက်ပြီးသည့်နောက် သူ့မျက်နှာကို သူ့လက်ဝါးဖြင့်အုပ်ကာ အရက်မူးနေသူကဲ့သို့ ဒယီးဒယိုင်နေသော ခြေလှမ်းများဖြင့် မီးဖိုဆောင် တံခါးမှ ရုတ်တရက် ရူးသွပ်သွားသူသဖွယ် အလျှင်အမြန်ပြေးထွက်၍ သွားလေတော့သည်။ အင်နက်တာကလည်း ကုလားထိုင်တစ်လုံး၌ ပျော့နဲ့စွာထိုင်၍ချလိုက်ပြီးနောက် စားပွဲတွင် တင်၍ထားသည့်တင်းကျပ်စွာဆုပ်ထား သော သူ၏လက်သီးဆုပ်နှစ်ခုပေါ်တွင် နဖူးကိုတင်ကာ အသည်းကွဲအံ့ ကဲ့သို့ ချုံးပွဲချ၍ သည်းထန်စွာ ငိုကြွေးရှာလေတော့သတည်း။


အောင်မြင်


[THE UNCONQUERED BY W. SOMERSET MAUGHAM ကို ဘာသာပြန်ဆိုပါသည်]

No comments:

Post a Comment