Search This Blog

Friday, October 24, 2014

Bintan

Bintan ကိုသွားလည် ကြမယ်ဆိုတော့ သီရိက agoda.com မှာဝင်ပြီး ဟိုတယ်ကို book လုပ်တယ်။ Bintan ဟိုတယ်တွေအကြောင်း review တွေဖတ်ကြည့်တော့ စိတ်တိုင်းမကျကြတာများလို့ အဆင်ပြေပါ့မလား လို့ပူမိသေးတယ်။ ဒါပေမယ့် သီရိက review တွေသေချာဖတ်ကြည့်ထားပြီး စျေးသက်သာပြီး review တွေကောင်းတဲ့ Bintan Cabana Beach Resort ဆိုတဲ့ဟိုတယ်ကိုရွေးလိုက်တာ တော်တော်အဆင်ပြေပါတယ်။ ၂၀၁၂ မေ မှာသွားလည်ခဲ့ကြပြီး အဲဒီဟိုတယ်ကို ပဲ အခု ၂၀၁၄ သြဂုတ် မှာ နောက်တစ်ခေါက်ပြန်ထပ် သွားကြတယ်။

Bintan ကိုသွားဖို့ ဖယ်ရီ သင်္ဘောလက်မှတ်လည်း သီရိပဲ သူ့ဟာသူရှာပြီး online ကနေ လက်မှတ်ဝယ်ပြီး Bintan Resort Ferries ဆိုတဲ့ဟာနဲ့ သွားကြတယ်။ ဟိုကို ရောက်တော့လည်း အင်ဒိုနီးရှားက မြန်မာပတ်စပို့ဆိုရင် ဆိုက်ရောက်ဗီဇာရတော့ တစ်ခါထည်း တန်းစီဝင်လိုက်ရုံပါပဲ။ ပထမတစ်ခေါက်တုန်းက တော့ ကလေးကလည်းငယ်သေး၊ အဖိုး၊အဘွားတွေလည်းပါတော့ အဲဒီကဝန်ထမ်းက တန်းမစီရတဲ့ ဦးစားပေးလမ်းက ဝင်မလားလာမေးသေးတယ်။ စင်ကာပူကလို မဟုတ်ပဲ ပိုက်ဆံ ဘယ်နှစ်ဒေါ်လာဆိုလား သူ့ကို ပေးရမယ်ဆိုလို့ ဦးစားပေးလမ်း မသွားပဲ ကိုယ့်ဟာကိုယ်တန်းစီပြီးပဲ သွားခဲ့လိုက်တယ်။ ဖယ်ရီဆိပ်က ထွက်လာတော့ ဟိုတယ်က ဘစ်ကားက အဆင့်စောင့်ကြိုနေတော့ တက်စီးလိုက်ရုံပါပဲ။ သင်္ဘောစီးတာ ၄၅ မိနစ်၊ ဟော်တယ်ရောက်အောင် ဘစ်ကားစီးရတာ ၁ နာရီလောက်ကြာတယ်။

ဟိုတယ်ရောက်တော့ ၁၂ နာရီကျမှ check in ဝင်လို့ရမှာမို့ ဧည့်ကြိုကောင်တာ ရှိတဲ့ စားသောက်ဆိုင်မှာ ထိုင်အမောဖြေ စားသောက်ရင်း စောင့်ကြတယ်။ ပထမ အခေါက်ကတော့ ပင်လယ်နဲ့ မျက်နှာချင်းဆိုင်နေတဲ့ အခန်းလေးတွေထဲက အနီရောင်ခေါင်မိုးလေးရဲ့ အလယ်အခန်းရပါတယ်။


နောက်တစ်ခေါက်ကျတော့ ရေပေါ်ကို ထွက်နေတဲ့ ဖက်က အစွန်ဆုံးအခန်း။

ရေကသိပ်မကြည်လောက်ဘူး မှန်းထားပေမယ့် ထင်သလောက် မဆိုးပါဘူး။ ရေကူးလို့ ကောင်းပါတယ်။ ဝင်ကစွပ်တွေ၊ ခရု၊ ဂဏန်း၊ ဂျယ်လီငါးတွေ တွေ့တယ်။ ဂျယ်လီငါး တချို့က အဆိပ်ပြင်းတယ် ကြားလို့ မထိရဲဘူး။ သဲထဲမှာပုန်းနေ တတ်တဲ့ ဂဏန်းလေးတစ်ကောင်တော့ မိအောင်ဖမ်း သမီးကို ပြပြီး ပြန်လွှတ်လိုက်တယ်။ ဂဏန်းလေးက တော်တော်လှတယ်။ ရေထဲဆင်းနေတာဆိုတော့ ဓာတ်ပုံတော့ ရိုက်လို့မရခဲ့ဘူး။ ရေစိုခံရှိရင် ကောင်းမယ်လို့ တွေးမိတယ်။ ပင်လယ်ရေထဲ ကူးပြီးရင် လမ်းဟိုဖက်တခြမ်းမှာရှိတဲ့ ရေကူးကန်မှာ ဆက်ကူးကြသေးတာ။




အွန်လိုင်းကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ညက အေးချမ်းနေ သလိုပဲ။
အခန်းရဲ့ နောက်ဖက်က ရေကန်လေးနားမှာလည်း ပန်းပင်တချို့နဲ့ ကြာပန်းလေးတွေတွေ့တယ်။
ပထမ တစ်ခေါက်တုန်းကတော့ မြို့ထဲဖက်တွေ ဘုံကျောင်းတွေ ဘုရားကျောင်းတွေ လျှောက်လည်၊ ရှော့ပင်းစင်တာတွေမှာ စျေးဝယ်ထွက်၊ စားသောက် ကြပေမယ့် ဒုတိယ တစ်ခေါက်ကျတော့ ဟိုတယ်မှာပဲ အေးအေးဆေးဆေး ကောင်းကောင်းနားကြတယ်။ ညစျေးမှာ ထွက်စားရတာတော့ သဘောကျတယ်။ အစားအသောက်တွေကောင်း စျေးလည်းပေါသလား မမေးနဲ့။

ကားဆရာ ခေါ်သွားတဲ့ Pasar Oleh Oleh ဆိုလား အဲဒီစျေးတွေ၊ အဲဒီဖက်က နာမည်ကြီး စားသောက်ဆိုင် ဆိုတာတွေကြ စင်ကာပူထက်တောင် စျေးကြီးနေသလိုပဲ။ အဲဒီစားသောက်ဆိုင် နောက်မှာ ငါးကန်တွေတွေ့တယ်။

ဒီ Bintan Cabana နဲ့ တွဲရက် ပိုင်ရှင်တစ်ဦးထည်း ဖြစ်မယ်ထင်တယ် Bintan Agro Beach Resort ဆိုတာရှိတယ်။ အဲဒီကို shuttle bus အလကားစီး သွားလို့ရပြီး အဲဒီက စားသောက်ဆိုင်မှာ chili crab စားကောင်းတယ်ဆိုလို့ သွားစားကြတာ ကုန်နေတာနဲ့ ကြုံလို့ ငါးပေါင်းပဲစားလိုက်ရတယ်။ ကျွန်းဆွယ်အငူလေး ထိပ်က စားသောက်ဆိုင်လေးက ကဗျာဆန်ဆန်ပါပဲ။ လပြည့်နေ့ နဲ့ကြုံတယ်။ အဲဒီဖက်က ရေက သိပ်မကြည်သလိုပဲ။
ဒုတိယတစ်ခေါက် ၂၀၁၄ ဩဂုတ် ၁၀ ရက်နေ့က စူပါ moon လို့ခေါ်တဲ့ လပြည့်နေ့ ဆိုလို့ ဘယ်မှမသွားပဲ ကမ်းခြေမှာ ပင်လယ်ဖက်က တက်လာမယ့် လကို ဓာတ်ပုံရိုက်ဖို့ စောင့်နေပေမယ့် မိုးတွေရွာ၊ တိမ်တွေနဲ့မို့ ရိုက်ခွင့် မကြုံလိုက်ဘူး။ ဒါနဲ့ timelaspe တချို့ပဲလျှောက်ရိုက် လိုက်ရတယ်။

No comments:

Post a Comment