ပင်လယ်ကမ်းခြေ ချောက်ကမ်းပါးထိပ်က Uluwatu ဘုရားကျောင်းမှာ လှပတဲ့ ညနေဆည်းဆာ ရှုခင်း နောက်ခံနဲ့ ဘာလီ ရိုးရာ Kecak အက
ပြင်ဆင်မှုများ
ဘာလီကို သွားလည် ကြမယ် ဆိုတော့ ထုံးစံ အတိုင်း သီရိ ကပဲ အွန်လိုင်း ကနေ ဟိုတယ် ကို Agoda မှာဘွတ်ကင် လုပ်၊ လေယာဉ်လက်မှတ် ကို Jetstar ကနေဝယ်ပါတယ်။ ကျွန်တော်တို့ လင်မယား နှစ်ယောက်၊ သမီးနှစ်ယောက်၊ ကျွန်တော့် အဖေ၊ အမေ နဲ့ ညီအထွေး စုစုပေါင်း ၇ ယောက် သွားကြတာ။ ဟိုတယ်က Kuta ဆိုတဲ့ နေရာမှာ Discovery shopping mall ပေါ်က Home @36 Condotel ဆိုတဲ့ဟာ၊ extra bed အတွက်ပါပြီးသား တရက်ကို တခန်း SGD 77 တဲ့။ အပြင်အဆင် သပ်ရပ်ကောင်းမွန် သလို၊ အခန်းက တော်တော် ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ ဘာလီ ရာသီဥတု ကတော့ အောက်တိုဘာလ ကနေ မတ်လ ထိက မိုးပိုများတယ် ဆိုပေမယ့် တစ်နှစ်ပတ်လုံး သာယာတာများတယ်တဲ့။ စင်ကာပူလိုပဲ အီကွေတာနဲ့ သိပ်မဝေးတော့ အမြဲစိမ်းစိုနေပြီး မိုးက တော့ ရွာချင်ရင် ရွာတာပဲတဲ့။ဒီတစ်ခေါက် တော့ ခရီးမထွက်ခင် ဘာတွေကြည့်ရမလဲ၊ ဘယ်နေရာတွေလည်ရမလဲလို့ အင်တာနက် ပေါ်ကြို ရှာဖတ် ကြည့်မိတယ်။ Google မှာ ဗမာလို ရိုက်ရှာတော့ အစ်မ ချစ်ကြည်အေး ရဲ့ ဘလော့ဂ် နဲ့ မသီတာ (စမ်းချောင်း) ရဲ့ ဘလော့ဂ် မှာ ဘာလီ အကြောင်းရေးထားတာတွေ တွေ့တာနဲ့ အားရပါးရ ဖတ်မှတ်သွားတယ်။ မိတ်ဆွေ ကိုမျိုးမင်း ပြောလို့ Denpasar လေဆိပ်က ပြန်အထွက်မှာ လေဆိပ်ခွန်ပေးရ တဲ့ အကြောင်း သတိထားမိတယ်။ ခါတိုင်းဆို အပြန်မှာ ငွေအပိုများများ မကျန်တာများတယ်။ အဲဒါနဲ့ လေဆိပ်ခွန်ကို အစကတည်းက သပ်သပ်ဖယ်ထားလိုက်တယ်။ ဒါတောင် ပြန်အထွက်မှာ လေဆိပ်ခွန်က စျေးတက်နေပြီး တစ်ယောက် ရူပြား နှစ်သိန်း (~SGD 20) ပေးရတယ်။ တစ်နှစ်သမီး သမီးငယ်လေး အတွက်တော့ မပေးရပါဘူး။ နောက်တစ်ခါ lab မှာ နောက်ဆုံးနှစ် project လုပ်နေတဲ့ အင်ဒိုနီးရှားက ကျောင်းသားလေး နှစ်ယောက် ကို ဘာလီ အကြောင်းမေးကြည့်တော့လည်း လည်သင့်တဲ့ နေရာတွေ၊ စားကောင်းမယ့် အစား အသောက်တွေ သေသေချာချာ အားတက်သရော ပြောပြကြထားတော့ အဆင်ပြေတယ်။
ခရီးစဉ်
ဘာလီက Denpasar လေဆိပ်ရောက်တော့ မနက်ဆယ်နာရီ ကျော်။ သီရိက ဟိုတယ် ကို ဘွတ်ကင် လုပ်ကတည်းက လေဆိပ်မှာ လာကြိုဖို့ တစ်ခါတည်း ပြောပြီးသားပါ။ ဟို ရောက်တော့ လာမကြိုပါဘူး။ အဲလို စိတ်ချရတာ။ လေဆိပ် Information counter က ဟိုတယ်ကို ဖုန်းခေါ်ပေး တော့ ကား လွှတ်ပေးမယ်၊ ၁၅ မိနစ်လောက် စောင့်ပေးပါ၊ ရူပြား ၁၅၀၀၀၀ (~SGD 15) ပေးရမယ် ဆိုလို့ သဘောတူလိုက်တယ်။ ဟိုတယ်က လာကြိုတဲ့ ကားဆရာက လမ်းမှာ ဘာလီမှာ လျှောက်လည်ဖို့ ကားစီစဉ် ပြီးပြီလား မေးတယ်။ မစီစဉ် ရသေးဘူး ဆိုတော့ သူ့မိတ်ဆွေ မောင်းတဲ့ကားနဲ့ ချိတ်ပေးတယ်။ အဲဒါနဲ့ သူပြောတဲ့ အဲ့ဒီ ကားပဲ ငှားလိုက်တယ်။ဘာလီမှာ ကားငှားရတာတော့ တန်သလိုပဲ။ တစ်နေကုန် ဆယ်နာရီစာ ကား၊ ကားဒရိုင်ဘာ၊ ဆီ အကုန်ပါပြီးသား၊ ကားဆရာကို ထမင်းသပ်သပ် ကျွေးစရာ မလိုဘူး၊ စားစရာတွေ၊ ဝင်ခွင့်လက်မှတ်တွေ မပါဘူး တစ်ရက် ရူပြား ၄၅၀၀၀၀ (~SGD 45) တဲ့။ ကားဆရာ ကို ထမင်း အတူစားဖို့ခေါ်တော့ ဆိုင်က သူ့ကို ကျွေးတယ်တဲ့။ လိုက်မစားဘူး။ ကားဆရာက တော်တော် သဘောကောင်းပြီး စိတ်လည်းရှည်တယ်။ ကျွန်တော်တို့က ကလေးငယ် တွေနဲ့ ဆိုတော့ ဟိုနေရာကြာ၊ ဒီနေရာကြာ။ လေဆိပ်က ကြော်ငြာ စာရွက်တွေကြည့်၊ ခေါင်းထဲ ကြိုစဉ်းစား ထားတာတွေ ပေါင်းပြီး ဘာလီမှာ လည်ပတ်မယ့် အစီအစဉ်ကို ကားသမား နဲ့ ပြောပြီး ညှိလိုက်တယ်။ သုံးညအိပ် လေးရက် ခရီးအတွက် လမ်းသင့်မယ် ထင်သလို စီစဉ်ထားတဲ့ ခရီးစဉ်က
- ပထမနေ့ က နေ့ကျွန်းရဲ့ တောင်ဘက် တဝိုက်
- GWK (Garuda Wisnu Kencana) ဆိုတဲ့ Cultural park သွားမယ်၊
- တောင်ကမ်းပါးယံ စွန်းက Uluwatu ဘုရားကျောင်း ရယ်၊ အဲဒီက Kecak အက ကြည့်မယ်၊
- အပြန် Jimbaran ကမ်းခြေမှာ romantic dinner စားမယ်။
- ဒုတိယနေ့ ကျွန်းရဲ့ အနောက်မြောက်ပိုင်း တလျှောက်
- Ulun Danu ဆိုတဲ့ တောင်ပေါ်က ရေကန်ဘေးက ဘုရားကျောင်း နဲ့
- Monkey Forest သွားမယ်၊
- Tanah Lot ဘုရားကျောင်းမှာ sunset အလှ ခံစားမယ်။
- တတိယနေ့ ကျွန်းရဲ့ အရှေ့မြောက် တလျှောက်
- Ubud နားက Tegalalang Rice Terrace မှာ လှေခါးထစ် စပါးစိုက်ခင်း တွေနဲ့ ဓာတ်ပုံရိုက်မယ်၊
- ပြီးရင် Ubud မှာပဲ နေ့လည်စာကို Bebek လို့ခေါ်တဲ့ ဘဲကင် နဲ့ စားမယ်၊
- Kintamani ကိုသွားပြီး Mount Batur နဲ့ Lake Batur ရှုခင်းကြည့်ပြီး ဓာတ်ပုံရိုက်မယ်၊
- အပြန်မှာ Besakih ဘုရားကျောင်းကို ဝင်မယ်
ပထမနေ့
ပထမနေ့ ကတော့ ဟိုတယ်ရောက်ပြီး ခဏနား၊ ခလေးတွေ ထမင်းကျွေးပြီးတဲ့ သကာလ နေ့လည် ၁ နာရီ စထွက်တဲ့ အချိန် မိုးတွေက ရွာလို့။ အဲဒီ တောင်ဘက် နားမှာ ပဲ Nusa Dua ကမ်းခြေဆိုတာ နာမည်ကြီးတယ်။ ဗိုက်မှာ မှန်အကြည်တပ်ထားတဲ့ မော်တော်ဘုတ် တွေ စီးပြီး ပင်လယ်ထဲမှာ ပတ်ကြည့်လို့ရတယ်တဲ့။ ဦးစားပေး အစီအစဉ်ထဲ မပါတော့ အချိန်မလောက်မှာ စိုးတာနဲ့ မလည်တော့ဘူး။ မိုးတွေကလည်းရွာနေတော့ အာရုံကလည်း မရပါဘူး။
Garuda Wisnu Kencana
GWK cultural park ရောက်ရောက်ချင်းပဲ အဲဒီက Jendela Bali ဆိုတဲ့ စားသောက်ဆိုင်မှာ အရင်စားကြတယ်။ အဲဒီဆိုင်ကို တော့ သဘောကျတယ်။ အဝင်ဝမှာ ရေတွေဖြည့်ထားပြီး ကြာပန်းတွေ ပွင့်နေတဲ့ အိုးကြီးတွေနဲ့ ပြင်ဆင်ထားသလို အဝင်လမ်း မှာ ရိုးရာ ပန်းပုရုပ်တွေနဲ့ တန်ဆာဆင်ထားတယ်။ ဆိုင်ထဲမှာ ရိုးရာ ဝတ်စုံဝတ်ထားတဲ့ သူတွေက ပတ္တလားလို တူရိယာ ပစ္စည်းတွေ တီးပြီး ငြိမ့်ညောင်းတဲ့ ဂီတတွေနဲ့ တီးခတ်ဖျော်ဖြေနေကြတယ်။ နောက်တစ်ခါ ဘာလီကျွန်း ကို အပေါ်စီးကနေ လှမ်းမြင်နေရတယ်။ အစားအသောက်တွေက စျေးမကြီးဘူး။ ထမင်းဟင်း တခါထဲပါတဲ့ တစ်ယောက်စာ set တွေ (~SGD 7 ဝန်းကျင်တွေ)။ စားလို့ကောင်းပါတယ်။ စုစုပေါင်းမှ ရူပြား ၄ သိန်းခွဲ (~SGD 46) လောက်ပဲကျတယ်။GWK cultural park မှာရှိတဲ့ Jendela Bali စားသောက်ဆိုင် ကနေ ဘာလီကျွန်းကို အပေါ်စီးက လှမ်းမြင်နေရတဲ့ မြင်ကွင်းတခု
GWK Cultural Park ဆိုတာက အခုနောက်ပိုင်းမှ အသစ်ဆောက်နေတဲ့ နေရာတစ်ခု ပါ။ အထဲမှာ ဆောက်လက်စ ရုပ်ထုကြီးတွေနဲ့၊ နေရာ သုံးလေးနေရာ လောက်မှာ တနေ့လုံး သူ့အချိန်ဇယား အလိုက် ရိုးရာ ယဉ်ကျေးမှု အက၊ တေးဂီတ တွေကို တင်ဆက်ဖျော်ဖြေတာတွေ ရှိပါတယ်။ ဗိဿနိုး နတ်ဘုရား (Wisnu) က ဂဠုန် (Garuda) ကြီးကို စီးနေတဲ့ ကမ္ဘာ့ အကြီးဆုံး၊ အမြင့်ဆုံး စာရင်းထဲမှာ ပါလာမယ့် ခေတ်ပေါ် ရုပ်ထုကြီးကို ဆောက်နေတာပါ။ ပြီးသွားရင် ၁၂၆ မီတာလောက်မြင့်မှာဖြစ်ပြီး၊ ကြေးတန်ချိန် ၃၀၀၀ လောက်နဲ့ တည်ဆောက်မှာလို့ဆိုပါတယ်။
ဘာလီမှာ ရိုက်ထားတဲ့ ပုံတွေ အများစုက Nikon D300s ကင်မရာနဲ့ Tokina 16-28mm f/2.8 FX lens သုံးပြီးရိုက်ထားတာပါ။ တစ်ခါတလေတော့ Samsung K-zoom ဖုန်းကင်မရာနဲ့ပဲ ရိုက်ခဲ့ပါတယ်။ တစ်ချို့ကတော့ ကျွန်တော့် ညီအထွေး ရန်နောင်အေး က Nikon D90 နဲ့ ရိုက်ထားတဲ့ပုံတွေကို ယူသုံးထားတာပါ။
GWK ထဲကို ဝင်ကြေးက တယောက် ရူပြား တစ်သိန်း (~SGD 10)။ ကလေးတွေ အတွက်မပေးရပါဘူး။ အထဲ မှာ သူ့အချိန်အလိုက် ရိုးရာ ဖျော်ဖြေတင်ဆက်မှုတွေ ကိုတခုမှ မကြည့်ခဲ့ လိုက်ရပါဘူး။ ကလေးတွေလဲ ပါတော့ စားသောက်ဆိုင်မှာတင် တော်တော်ကြာခဲ့တာရော၊ အထဲမှာ လည်း ဖြေးဖြေးပဲ ပတ်လျှောက် တာမို့ အချိန်သိပ်မကျန်တော့ တာရော၊ အပြင်ကနေ ကြားနေရတဲ့ တီးလုံးသံတွေအရ သိပ်လည်း စိတ်မဝင်စား တာရော ပါတာပေါ့။
Uluwatu
GWK ကနေ ညနေလေးနာရီလောက်ထွက်လာကြပြီး Uluwatu ဘုရားကျောင်းကို သွားကြတယ်။Uluwatu ဘုရားကျောင်းက ဘာလီ ကျွန်းရဲ့ တောင်ဘက်စွန်းနားမှာရှိပြီး အနောက်ဘက်ကမ်းရိုးတန်းရဲ့ ချောက်ကမ်းပါးစွန်းမှာ ၁၁ ရာစုလောက်က တည်ဆောက်ထားတဲ့ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းပါ။ ဘာလီစကားနဲ့ ဆိုရင် Ulu ဆိုတာ ထိပ်ဖျား၊ watu ဆိုတာ ကျောက်တုံး လို့ အဓ္ိပ္ပာယ် ရပါတယ်တဲ့။ ဘုရားကျောင်း ဝင်ကြေးက ရူပြား နှစ်သောင်း (~SGD 2) လောက်ပေးရပါတယ်။ အထဲဝင်ခါနီး ခါးမှာ သူတို့ ဆီက အလကားငှားပေးတဲ့ ခါးစီးအဝတ်စည်း၊ ဒါမှမဟုတ် လုံချည်စ ပတ်ပြီး ဝင်ရတယ်။
Uluwatu ဘုရားကျောင်းကနေ မြောက်ဘက်ကို လှမ်းမျှော်ကြည့်တဲ့ အခါမြင်ရတဲ့ ပင်လယ်ကမ်းခြေ ချောက်ကမ်းပါးကြီး
အထဲကို လမ်းလျှောက်ဝင်လိုက်တော့ လမ်းတလျှောက်မှာ မျောက်တွေကို တွေ့ရပါတယ်။ ကားဆရာက မျက်မှန်တွေ ချွတ်ထားဖို့ သတိပေးတယ်။ အထဲက မျောက်တွေက ကင်မရာတို့၊ဘာတို့ ပစ္စည်းတွေကို လုယူတတ်ပြီး စားစရာတို့၊ ပိုက်ဆံတို့ပေးမှ သူတို့လုယူသွားတဲ့ ပစ္စည်းကို ပြန်ပေးသတဲ့။ အဲဒီထဲမှာ Kecak ကပွဲ လက်မှတ်ရောင်းတဲ့နေရာရှိပြီး၊ လက်မှတ်တစောင် ရူပြား တစ်သိန်း (~SGD 10) ပေးရတယ်။ မယ်သီတာ၊ ရာမ ဇာတ်ထုပ်ကို ကပြတာပါ။ ဘေးမှာ လူတွေက ဝိုင်းထိုင်ပြီး ချတ်ချတ် ချတ်ချတ် နဲ့ ပါးစပ်ဆိုင်းတီး ပြီးကပြကြပါတယ်။ ဒဿဂီရိတို့၊ ဟနုမာန်တို့လည်း ပါ ပါတယ်။
Uluwatu ဘုရားကျောင်းရှိတဲ့ ကမ်းပါးထိပ်ကနေ တောင်ဘက်ကို ကြည့်လိုက်ရင် လှပတဲ့ ပင်လယ်ကမ်းပါးနဲ့ ကပွဲလုပ်မယ့် ပွဲကြည့်စင်ကို မြင်နေရပါတယ်
Jimbaran Bay
Kecak ကပွဲပြီးတော့ မှောင်နေပြီ၊ Jimbaran ကိုညစာ စားဖို့ ဆက်ချီတက်ကြပါတယ်။ ကမ်းခြေတလျှောက် စားသောက်ဆိုင်တွေက အများကြီး တွေ့ပါတယ်။ ကားဆရာကို ဘယ်ဆိုင်ကောင်းလည်းလို့ မေးတော့ ဆိုင်တွေအားလုံး အကုန်အတူတူပဲလို့ ဖြေပါတယ်။ အင်း... သူမသိဘူးဆိုတဲ့ အဓိပ္ပာယ် ပဲလို့ စိတ်ထဲက ကောက်ချက်ချမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်စာရင် နည်းနည်းတော့ ပိုသိမလားလို့တွေးပြီး သူ့ကိုပဲ ရွေးခိုင်းလိုက်တော့၊ စားသောက်ဆိုင်ကလူတချို့ ထွက်ပြီးကားကို ကားပါကင်ထဲ ထိုးဖို့ လက်ပြနေတဲ့ တွေ့တွေ့ချင်းဆိုင်ထဲကိုပဲ ဝင်လိုက်တာနဲ့ ဇာတ်သိမ်းသွားပါတော့တယ်။ စားသောက်ဆိုင်တွေ အားလုံး ကမ်းခြေ သဲသောင်ပြင်က စားပွဲလေးတွေမှာ ဖယောင်းတိုင်နဲ့ မီးအိမ်လေး တွေ ထွန်းထားကြတယ်။ နေဝင်ဆည်းဆာ ဆိုရင် ပိုလှမယ်ထင်ပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်ကတော့ မှောင်နေပါပြီ။ ဆိုင် ဘက်က စင်မြင့်ပေါ်မှာလည်း ဆန်းဆန်းပြားပြား တောက်တောက်ပပ ရိုးရာဝတ်စုံတွေနဲ့ မိန်းမပျိုလေးတွေက တေးသီချင်းတွေ နဲ့ ကပြဖျော်ဖြေ နေကြတာပေါ့လေ။ကျွန်တော်ကတော့ သမီးလေးတွေက သူတို့စားနေကျ အိမ်မှာချက်တဲ့ ထမင်း မရတဲ့ အတွက် အစားအသောက် အဆင်မပြေ ကြတော့ စိတ်ထဲက မကောင်း နေဘူး။ သမီးငယ်လေးက အိပ်သွားလို့ သီရိက ချီထားရတာ ကြာပြီ။ သူလည်း ပင်ပန်းနေရော့မယ်။ ကမ်းခြေက ခုံတွေက ကလေးကို ချပြီး သိပ်ထားဖို့ကလည်း အဆင်မပြေ။ လေတွေကလည်း တဖြူးဖြူးတိုက်နေတော့ ကလေးတွေဖျားမှာ ကလည်းပူ။ ခဏနေတော့ မိုးတွေက ကျလာတော့ ဆိုင်ထဲက စားပွဲကို ပြန်ပြောင်းရ ပြန်ရော။ ပုစွန်၊ ဂဏန်း၊ ငါး နဲ့ အသီးအရွက် တချို့ မှာ စားကြတာ။ ရူပြား ၁၈ သိန်း (~SGD 180) ကျော် ကျတယ်။ တခြားဆိုင်တွေတော့ မသိဘူး ဒီ Grand Matahari Cafe ဆိုတဲ့ဆိုင်က ချက်ပြုတ်ထားတာ ကတော့ တော်တော် ညံ့တယ်။ စားလို့ မကောင်းဘူး။ အပြင်စာ သိပ်မစားတတ်တဲ့ သမီးကြီးက လုံးဝ မစားပါဘူး။ သူကြိုက်မယ်ထင်တဲ့ ခေါက်ဆွဲကြော်လို ဟာမျိုးသပ်သပ် မှာကျွေးတာလည်း မစားပါဘူး။
ဒီလိုနဲ့ စားနေတုန်း အမျိုးသား သုံးယောက် ဂစ်တာ၊ တယော၊ cello တွေနဲ့ ဝင်လာကြပြီး ကျွန်တော်တို့ကို ဘယ်နိုင်ငံကလည်းလို့ မေးပါတယ်။ ဧည့်သည် လာတဲ့ နိုင်ငံက သီချင်းကို ဖျော်ဖြေတတ်ကြပြီး၊ သီချင်း တောင်းလို့လည်းရတယ်လို့ ကြားဘူးပါတယ်။ မြန်မာ နိုင်ငံကလို့ လည်းဖြေလိုက်ရော တစ်ခါတည်းတန်းပြီး အင်္ဂလိပ် သီချင်းတစ်ပုဒ်ဆိုပြီး ဖျော်ဖြေပါလေရော။ ဘာမှပြောခွင့်၊ တောင်းဆိုခွင့်တောင် မရလိုက်ဘူး။ မြန်မာ လို မရလို့ ထင်ပါရဲ့ :P။ ဆို၊ တီး ပြီးတော့မှ အလှူငွေ တောင်း လို့ ထည့်လိုက်ပါတယ်။ တီးကြဆိုကြတုန်းက သမီးငယ်လေးက လန့်နိုးပြီး ငိုပါလေရော။ ကဲ ဘယ်လောက် ငြိမ့်ညောင်း သာယာတဲ့ တေးဂီတလဲလို့။ သူတို့ကလည်း ဆို၊ ကလေးကလည်းငို၊ ကိုယ်ကလည်း ခံတွင်းသိပ်မတွေ့ခဲ့တဲ့ ညစာလေးကိုမျို ရင်းပေါ့။ ရိုမန်း.... မတစ် နိုင်ခဲ့ပါဘူး။
ဒုတိယနေ့
ဒုတိယနေ့ မှာတော့ မနက်ကိုးနာရီ လောက် ဟိုတယ်ကနေ ထွက်လာကြတယ်။ မနက်စာကို ဟိုတယ်မှာ မစားဘဲ ဘာလီ အစားအသောက် မနက်စာ စားမယ်ဆိုပြီး ကားဆရာကို လိုက်ပို့ခိုင်းတော့ သူကလည်း ယောင်လည်လည်နဲ့ ဆိုင်လိုက်ရှာကြတာ တော်တော်နဲ့ မတွေ့ဘူး။ ဆိုင်တွေက မဖွင့်ကြသေးဘူး။ မန္တလေး မှာဖြင့်ပေါမှပေါ။ ဘာလီက လူတွေက မနက်စာကို အိမ်မှာပဲ စားကြတာလား မသိဘူး။ နောက်မှ နာမည်က Coto Makassar ဆိုလား ဆိုင်တဆိုင်တွေ့ပြီး စားကြတာ။ သူတို့ဒေသ အစားအစာ တွေပါပဲ။ စားရတာ အဆင်ပြေပါတယ်။ ကောင်းတယ်။ စျေးကလည်း ပေါတယ်။ Sup Saudara ၊ Coto Makasar တို့၊ Mie Kering တို့၊ စားကြတာ တစ်ပွဲမှ ရူပြားနှစ်သောင်း (~SGD 2)၊ ကော်ဖီတွေ လက်ဖက်ရည်တွေ အပြီးအစီး အားလုံးပေါင်းမှ ရူပြား တစ်သိန်းခွဲလောက် (~SGD 16) ပဲ ကျတယ်။
လက်ဖက်ရည်တို့၊ ကော်ဖီတို့မှာ တုန်းက ရွာလည်နေသေးတာ။ အဲဒါတွေက လက်ညှိုးထိုးပြပြီး မှာဖို့ ပုံမပါဘူးလေ။ ပါးစပ်နဲ့ ပြောမှာတော့ စားပွဲထိုးက နားမလည်ဘူး။ တစ်ယောက်တစ်ပေါက် နားလည်မယ် ထင်တဲ့ စကားလုံးလေးတွေနဲ့ ပြောရင်း ပြောရင်း လည်ထွက်နေတာ။ လာချတော့ ရေနွေးကြမ်း။ Google မှာ ရှာပြီး လက်ဖက်ရည်ကို နို့နဲ့ ဖျော်ထားတာကို ရိုက်ထားတဲ့ ဓာတ်ပုံပြလိုက်မှ အဆင်ပြေသွားတယ်။ "A picture is worth a thousand words" ဆိုတာဒါမျိုး ထင်ပါရဲ့။ ရောက်ခါစက လေဆိပ်မှာ ကားစောင့်နေတုန်းက ရူပြား ၁ သိန်းခွဲ (~SGD 15) တန် 3G SIM Card ဝယ်ထားမိတဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပေါ့။
Ulun Danu
Ulun Danu (Pura Bratan) ကို အရင် စသွား ကြပါတယ်။ အသွားလမ်းမှာ ကော်ဖီစိုက်ခင်းတွေ ဝင်ကြည့်ဦးမလားလို့ ကားဆရာ ကမေးတယ်။ အားလုံးက သိပ်စိတ်မဝင်စားကြတာနဲ့ မဝင်ဖြစ်ခဲ့ပါဘူး။ တောင်ပေါ်ကို ကားနဲ့ တော်တော်တက်ပြီးတဲ့ အခါ Lake Beratan ဆိုတဲ့ ရေကန် ရဲ့ ကန်စောင်း ပေါ်က Ulun Danu ဘုရားကျောင်းကို ရောက်ပါတယ်။ ခရစ်နှစ် ၁၆၆၃ လောက်က တည်ဆောက်ခဲ့တဲ့ ဟိန္ဒူဘုရားကျောင်းလို့ ဆိုပါတယ်။ တစ်ယောက်ကို ဝင်ကြေး ရူပြား တစ်သောင်းခွဲ၊ ကလေးတွေ အတွက်ပါပေးရပါတယ်။ သူတို့က ပါးစပ်နဲ့ပဲပြောပြီး ဝင်ခွင့်လက်မှတ်လည်း မပေးတော့ ဆိုင်မဆိုင်တော့ မသိဘူး မြန်မာပြည်က ကားဘီးခွန်ကောက်တဲ့ သူတွေ ကို စိတ်ထဲ သတိရမိပါတယ် :P ။ အထဲဝင်တဲ့ အခါ ခါးစည်းအဝတ်တွေ ဘာတွေတော့ စည်းစရာ မလိုပါဘူး။ဘုရားကျောင်း ဝန်းကျင်ကတော့ ပန်းခြံ လေးနဲ့ စိမ်းစိမ်းစိုစို ရှိပြီး တော်တော်လေး အေးချမ်းသာယာပါတယ်။ ရာသီဥတု ကလည်း အေးအေးလေးနဲ့ နေလို့ကောင်းပါတယ်။ မေမြို့လို ရာသီဥတုမျိုးပါပဲ။ တောင်တန်းကြီးနဲ့ တိမ်တွေကို နောက်ခံပြုထားတဲ့ ရေကန်လေးထဲမှာ လှေလျှောက်စီးလို့လည်း ရပါတယ်။
အဲလိုနဲ့ Ulun Danu မှာ တော်တော်ကြာသွားပါတယ်။ နေ့လည်စာကို အဲဒီ Lake Beratan နားက Mentari Restaurant ဆိုတဲ့ ဘူဖေး ဆိုင်မှာစားတာ တစ်ယောက် ရူပြား တစ်သိန်း (~SGD 10) နဲ့ လူကြီးငါးယောက်စာပဲ ပေးရပါတယ်။ မဆိုးပါဘူး။ သာမန်ပါပဲ။ စားသောက်ဆိုင်က ပြန်ထွက်လာတော့ အပြန် တောင်ပေါ်လမ်း တလျှောက် အသီးအနှံ တွေလည်း တော်တော်ပေါတာကို တွေ့ရပါတယ်။ အဲဒါနဲ့ အပြန်လမ်းမှာတွေ့တဲ့ စျေးလေးမှာ အသီးအနှံတွေ ဝင်ဝယ်စားကြပါတယ်။
အဲဒီနောက် Monkey Forest ကို ဝင်ဖို့ အချိန်မလောက်တော့တဲ့အတွက် နေဝင်ဆည်းဆာချိန်မှာ အလှဆုံးလို့ ကားဆရာ ညွှန်းတဲ့ Tanah Lot ဘုရားကျောင်း ကိုပဲ တန်းပြီး သွားလိုက်ပါတယ်။
Tanah Lot
Tanah Lot မှာ ကားရပ်တဲ့ ဂိတ်ကနေ စျေးတန်းလေး တလျှောက် လမ်းလျှောက်ဝင် သွားရပါတယ်။ ဝင်ခွင့်လက်မှတ်တွေကို ကား toll gate မှာ တစ်ခါတည်း ကားဆရာက ဝယ်ပေးလိုက်တာပါ။ ပြီးတော့ ဂိတ်ပေါက်လေး ဝင်ပြီးတာနဲ့ ဘယ်ဘက်ကို လမ်းမတန်း ကြီးတလျှောက် စျေးတန်းအတိုင်းလိုက် သွားလိုက်ရင် ဘုရားကျောင်းရောက်ပြီလို့ လမ်းညွှန်လိုက်ပါတယ်။ ကျွန်တော်တို့တွေက လည်း သူညွှန်တဲ့ အဲဒီလမ်းမကြီး အတိုင်း မသွားဘဲ ဟိုတဘက်က စျေးဆိုင်တွေကြားက လမ်းကြားဘက် အဝင်မှာ လက်မှတ်စစ်တဲ့ ဂိတ်လေး တွေ့လို့ အဲဒီ လမ်းဘက်ကို ဝင်ပြီး သွားကြပါတယ်။ ခပ်တည်တည်နဲ့ လက်မှတ်တွေထုတ်ပြတော့ လက်မှတ်စစ်တဲ့ သူက ဘယ်နိုင်ငံကလဲ တဲ့။ မြန်မာပြည်က ဆိုတော့ သူက ဒီလက်မှတ်တွေက local တွေအတွက်လက်မှတ်တဲ့၊ လက်မှတ်ရောင်းတဲ့ နေရာကို ပြန်သွားခိုင်းပြီး foreigner လက်မှတ်တွေနဲ့ အလိုက်ပေးပြီး လဲခဲ့ပါတဲ့။ အဲဒီမှ ဇာတ်ရည်လည်တယ်။ ကားဆရာက စေတနာ ဗလပွနဲ့ စျေးသက်သာတဲ့ ဟာကို ဝယ်ပေးသွားတာကိုး။ ဖြစ်မှဖြစ်ရလေ။ ထင်တော့ထင်သား ဒီဘုရားကျောင်းက ဝင်ကြေးသက်သာသဟ လို့။ နောက်ဆုံးတော့ တစ်ယောက် ကို ဝင်ကြေး ရူပြား သုံးသောင်း (~SGD 3) ကျပါတယ်။ဘုရားကျောင်းက ရေလယ်ကျွန်းလေးပေါ်မှာ ရှိတာပါ။ ရေကျနေရင် ဘုရားကျောင်းဆီ လမ်းလျှောက်သွား လို့ ရပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ ဒီရေ တက်ချိန်နဲ့ ကြုံနေလို့ ဘုရားကျောင်းထိ သွားလို့ မရပါဘူး။ အဲဒီဘုရားကျောင်းအောက်နားက လှိုဏ်ဂူထဲမှာ holy snake ကြီး ရှိတယ် ဆိုပဲ။ အလှူငွေ ထည့်ရင် ကိုင်ကြည့်လို့ ရသတဲ့။ Tanah Lot ဆိုတာ ဘာလီ စကားနဲ့ ဆိုရင် 'Land (in the) sea' ဆိုတဲ့ အဓိပ္ပာယ်တဲ့။ ၁၆ ရာစုလောက်က တည်ဆောက်ခဲ့တဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်းအောက်ခြေတဝိုက် ရေတိုက်စားလို့ ဖြစ်ပေါ်နေကြတဲ့ လှိုဏ်ခေါင်းတွေထဲမှာ နေကြတဲ့ အဆိပ်ပြင်းတဲ့ ပင်လယ်မြွေတွေက ဘုရားကျောင်းကို စောင့်ရှောက်နေကြတယ်လို့ ယုံကြည်ကြတယ်လို့ ဆိုပါတယ်။
လှပတဲ့ ဆည်းဆာရှုခင်းနဲ့ Tanah Lot ဘုရားကျောင်း။ ရေတက်နေတဲ့ အချိန်မို့လို့ ဘုရားကျောင်းထိရောက်အောင် လမ်းလျှောက်သွားလို့ မရခဲ့ပါဘူး။
ဘုရားကျောင်းကနေ နောက်ထပ် မြောက်ဘက် အပေါ်ဘက် ကို ဆက်လျှောက်လာတော့ ပင်လယ်ဘက်ကို ထွက်နေတဲ့ အငူ ပေါ်မှာ ပန်းခြံလေးနဲ့ နားနေစရာ နေရာ၊ ထိုင်ခုံ လေးတွေနဲ့ အငူ တစ်ခုကို ထပ်ရောက်ပါတယ်။ တောင်ဘက်ကို ကြည့်လိုက်တဲ့အခါ Tanah Lot ဘုရားကျောင်းကို အပေါ်စီးက မြင်နေရပြီး၊ မြောက်ဘက်ကို ကြည့်လိုက်တဲ့အခါ နောက်အငူ တစ်ခုရဲ့ အလှကို နေဝင်ချိန်မှာ လိမ္မော်ရောင် တိမ်တွေ နောက်ခံနဲ့ ရှုမောဖွယ်ရာ မြင်ရပါတယ်။
Kuta
Tanah Lot ဘုရားကျောင်း ကနေ ဟိုတယ်ပြန်ရောက်တော့ မှောင်ပြီ။ Shopping Centre ရှေ့က Jalan Kartika လမ်းတလျှောက် မြောက်ဘက်ကို လမ်းလျှောက်ပြီး ဘယ်ဆိုင်စားရရင် ကောင်းမလဲ လျှောက်ကြည့်ကြပါတယ်။ Kuta က အရင်က တံငါရွာလေးဖြစ်ပေမယ့် အခု အခါ မှာတော့ လေဆိပ်နဲ့နီးတာရော၊ တည်းစရာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေ အများကြီးရှိတာကြောင့်ရော တိုးရစ်တွေ အများဆုံးတည်းတဲ့နေရာပါ။ ဖြူဖွေးရှည်လျားတဲ့ သဲသောင်ပြင် ကမ်းခြေတွေရှိတာကြောင့်လည်း ပါမှာပါ။ တော်တော်လျှောက်ကြည့်ပြီးတော့ B Couple Bar ဆိုတဲ့ ဆိုင်မှာ ဝင်စားဖြစ်ကြပါတယ်။ အပြင်အဆင် တော်တော်သပ်ရပ်ပါတယ်။ ဝန်ထမ်းတွေရဲ့ service ကလည်းကောင်းတယ်။ အစားအသောက် တွေကလည်း စျေးသိပ် မကြီးပဲ အရသာလည်းရှိတယ်။ အဲဒီမှာ ဝက်ပေါက်ကင် (Babi Guling) ပါရတာနဲ့ စားခဲ့လိုက်တယ်။ စုစုပေါင်း ရူပြား ဆယ့်နှစ်သိန်း ကျော်ကျပါတယ်။တတိယနေ့
ဟိုတယ်ကနေ ထုံးစံအတိုင်း မနက်ကိုးနာရီ လောက်ထွက်လာကြပါတယ်။ ဘာလီမှာ နေတဲ့ သူတွေရဲ့ ၈၅ % လောက်က ဟိန္ဒူ ဘာသာ ကိုးကွယ်တဲ့ သူတွေတဲ့။ ကားဆရာကလည်း ပြောတယ် သူက ဟိန္ဒူတဲ့။ ဘာလီက အိမ်တိုင်းလိုလိုမှာ အိမ်ရှေ့တွေမှာ ဝါးတိုင်တွေ ကို မွမ်းမံ အလှဆင်ပြီး ထောင်ထားတဲ့ penjor လို့ခေါ်တဲ့ ဘာသာရေး အထိမ်းအမှတ်တိုင်တွေ တွေ့ရပါတယ်။ အိမ်ရှေ့မှာ အဲဒါ စိုက်ထားရင် ဟိန္ဒူ အိမ်ပဲတဲ့။ Galungan လို့ခေါ်တဲ့ ဓမ္မ က အဓမ္မကို အနိုင်ရတဲ့ပွဲ ကျင်းပတဲ့ အမှတ်အသားလို့ ဆိုပါတယ်။ မြို့ထဲ၊ ရွာတွေထဲ ဖြတ်သွားရင်လည်း ဘုရားကျောင်းတွေက နေရာတိုင်းလိုလိုမှာ တွေ့ရပါတယ်။နောက်ရှိပါသေးတယ် နတ်တင်တာလား ဘာလားတော့ မသိဘူး စားစရာတို့၊ ပန်းတို့ ကို ဆိုင်တွေရှေ့နား မြေကြီးတွေပေါ်မှာ ချချထားတာ လည်း နေရာတော်တော်များများမှာ တွေ့ရတယ်။ ကားလမ်း မီးပွိုင့်လို လမ်းဆုံ တွေ တော်တော်များများမှာ လည်း ရုပ်ထုတွေတွေ့ရတယ်။ လက်ရာ တွေကောင်းလိုက်တာ လို့ထင်မိပါတယ်။
မှောင်စပျိုးပြီး အလင်းရောင်နည်း နေချိန်မှာ အရှိန်နဲ့ မောင်းနေတဲ့ ကားပေါ်က လှမ်းရိုက်ထားတာဆိုတော့ ခပ်ဝါးဝါးပဲ။ Reverse panning လို့ပဲ ကိုယ့်ဟာကိုယ် ခေါ်လိုက်တယ်။ အဲ့ဒါကိုက မထင်မှတ်ဘဲ ရုပ်ထုမှာ ပိုအသက်ဝင် သွားသလားလို့ ဖြေတွေးလေး ဇွတ်တွေးလိုက်ပါတယ်။
Ubud
Ubud ကတော့ ဘာလီ အနုပညာ၊ ယဉ်ကျေးမှု တို့ရဲ့ အချက်အချာ ဖြစ်တဲ့ မြို့တစ်မြို့ပါ။ တောင်တန်းတွေရဲ့ အစပ်မှာ စပါးခင်း၊ သစ်တောအုပ်တွေ ကြားမှာရှိပါတယ်။ နာမည်က ဘာလီစကား Ubad (medicine) ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ၁၉၁၀ လောက်က Ubud ကို အုပ်ချုပ်ခဲ့တဲ့ နောက်ဆုံးမင်း နေသွားတဲ့ Puri Saren Agung ဆိုတဲ့ နန်းတော်လည်း ရှိပါတယ်။ အဲဒီဘေးက ဖြတ်သွားတော့ ကားဆရာက အဲဒါ နန်းတော်ဆိုပြီး ပြပါတယ်။ ဒါပေမယ့် ဝင်မကြည့်ခဲ့ပါဘူး။ ပန်းချီကားတွေ၊ ပန်းပုတွေ အများကြီး လုပ်နေ၊ ရောင်းနေကြတာ တွေ့ခဲ့ပါတယ်။ မြန်မာပြည်မှာဆိုရင် တော့ မန္တလေးလို မြို့မျိုး နဲ့ ဆင်မယ် ထင်ပါတယ်။ အမှတ်တရ ပစ္စည်း လေးတွေရောင်းတဲ့ ဆိုင်တွေ၊ ပန်းချီကားရောင်းတဲ့ ဆိုင်တွေကြားမှာ Tegalalang Rice Terrace ကို ကြည့်စရာ နေရာလေးတွေရှိပြီး၊ အဲဒီမှာ ဓာတ်ပုံရိုက် ကြပါတယ်။တောင်စောင်းက ပန်ချီးကားအရောင်းဆိုင်လို ဆိုင်မျိုးလေးတွေကနေ လှေခါးထစ် စပါးခင်းတွေကို လှမ်းကြည့်၊ လှမ်းဓာတ်ပုံ ရိုက်လို့ရတယ်
ပြီးတော့ နေ့လည်စာကို Bekek Tepi Sawah ဆိုတဲ့ ဆိုင်မှာ စားကြပါတယ်။ အဲဒီဆိုင်ကို တော့ ဘာလီမှာ စားခဲ့သမျှသဘောအကျမိဆုံးပါပဲ။ လိပ်စာက Jl. Raya Goa Gajah, Br. Teges, Peliatan, Ubud 80571 Bali - Indonesia. တဲ့။ ဆိုင်က တော်တော်ကျယ်ပြီး အထဲမှာ ပန်းခြံတွေ၊ စပါးခင်းတွေ၊ ရေကန်တွေ၊ ရုပ်ထုတွေနဲ့ တော်တော်သာသာယာယာ အေးအေးဆေးဆေး ရှိပါတယ်။ သန့်စင်ခန်းတွေ ဘာတွေကလည်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်။ ဆိုင်ထဲမှာလည်း ရိုးရာတေးဂီတတွေ၊ အကတွေနဲ့ ဖျော်ဖြေ နေကြတယ်။ စျေးလည်းမကြီးဘူး။
အဲဒီမှာ Bebek တွေ၊ soto ayam ဆိုတဲ့ မုန့်ဟင်းခါးလိုမျိုး ကြက်သား soup နဲ့ ဒေသစာ တချို့ စားကြပါတယ်။ ဘာလီမှာ နာမည်ကြီးတဲ့ Kopi Luwak ဆိုတာလည်း တစ်ခွက် ရူပြား ငါးသောင်းခွဲ ဆိုတာနဲ့ ဝယ်သောက်ကြည့် လိုက်သေးတယ်။ ညီအကို နှစ်ယောက်ပဲ မှာကြပြီး ကျန်တဲ့သူတွေက ဘယ်သူမှ မသောက်ကြပါဘူး။ အဲဒီကော်ဖီကလည်း ဘာလီစကားနဲ့ Luwak လို့ခေါ်တဲ့ ကြောင်ကတိုး (civet) တစ်မျိုးက ကော်ဖီသီးတွေကို စား၊ ပြီးတော့ အီးပြန်ပါတဲ့အခါ ထွက်လာတဲ့ အီးတွေထဲက ကော်ဖီစေ့တွေကို ပြန်ဆေးပြီး ပုံမှန်ကော်ဖီစေ့တွေကို process လုပ်သလို ပဲ ကော်ဖီ ပြန်လုပ်ထားတာပါ။ သောက်ကြည့်တော့ သိပ်မထူးပါဘူး။ အနံ့အရသာ ပိုပျော့၊ ပိုညက် သွားသလားလို့။ အဲဒီဆိုင်မှာ အားလုံးပေါင်းမှ ရူပြား ကိုးသိန်းခွဲလောက် (~SGD 94) ကျပါတယ်။
Kintamani
အဲဒီနောက် Mount Batur နဲ့ Lake Batur ရှုခင်းတွေကို လှမ်းကြည့်ဖို့ Kintamani ဆိုတဲ့ နေရာကို ဆက်သွားကြပါတယ်။ တကယ်တော့ ဘာလီ ခရီးမတိုင်ခင်တုန်းက စိတ်ဝင်စားမိတာက Mount Batur ဆိုတဲ့ မီးတောင်ရှင် ကြီးပေါ်တက်ပြီး နေထွက်တာကို ကြည့်တဲ့ ခရီးစဉ်ကိုပါ။ မနက် ၂ နာရီလောက် Kuta ကဟိုတယ်တွေကို လာကြိုပေးပြီး အဲဒီကို သွားတဲ့ package တွေကို တွေ့ပါတယ်။ သူငယ်ချင်း ရှမ်းကြီး တို့ ဇနီးမောင်နှံ အဲဒီတောင်ထိပ် တိမ်တွေပေါ်မှာ နေထွက်ချိန် ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ဖူးတာ တော်တော် သဘောကျမိ ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အဲလို သွားဖို့ မလွယ်လို့ မိသားစုနဲ့ပဲ Kintamani ကိုသွားခဲ့ပါတယ်။တောင်ပေါ်လမ်းတလျှောက် အေးအေးချမ်းချမ်းနဲ့ အသီးအနှံတွေလည်း ပေါတာကို တွေ့ရပါတယ်။ Kintamani ကို ရောက်တော့၊ ပတ်ဝန်းကျင် တစ်ခုလုံးမဲမှောင်လာပြီး မကြာခင်မှာပဲ မိုးဖွဲလေးတွေ ကျလာတာမို့ Mount Batur ကိုရော၊ Lake Batur ကိုရော ဘာရှုခင်းမှ ကောင်းကောင်း မမြင်ရတော့ပါဘူး။ ဘေးတဝိုက်မှာလည်း သော့တွဲ၊ တီရှပ် အစရှိတဲ့ အမှတ်တရ ပစ္စည်းလေးတွေ လိုက်ရောင်းတဲ့ မိန်းမတွေနဲ့ ၊ ကလေးတွေက ဇွတ်အတင်း လိုက်ရောင်းပါတယ်။ နားတွေကို တလျှောက်လုံး ပူနေခဲ့အောင် သွားတဲ့နေရာတွေကို လိုက်လာပြီး၊ ဇွဲကောင်းကောင်းနဲ့ ရောင်းကြပါတယ်။ သူတို့တွေ ခမျာလည်း ခရီးသည်လေး ရှိတဲ့ အခိုက် တဝမ်းတခါး ကြိုးစားရှာဖွေ ကြရတာ မလွယ်ကြပါလား လို့ ကိုယ်ချင်းစာမိပါတယ်။ ကလေးတယောက်ဆီက အရုပ်လေးတွေပါတဲ့ ခဲတံလေးတွေတော့ ဝယ်လိုက်ပါတယ်။ လမ်းမှာ ကားပေါ်ကနေ လှစ်ကနဲ မြင်လိုက်ရတဲ့ Mount Batur ကို ဓာတ်ပုံရိုက်ခွင့် ရမလားလို့ ၁၅ မိနစ်လောက် နည်းနည်း စိတ်ရှည်ရှည်ထားပြီး ထပ်စောင့်ကြည့်ပေမယ့် ပိုပြီးပဲ မြူတွေထူ မှုန်ဝါးလာတာမို့ လက်လျှော့ ပြန်ခဲ့ပါတယ်။
Besakih
Besakih ဘုရားကျောင်းက ဘာလီမှာ အမြင့်ဆုံးတောင် ဖြစ်တဲ့ Mount Agung ဆိုတဲ့ မီးတောင်သေ ကြီးရဲ့တောင်စောင်းမှာရှိပြီး ဘာလီမှာ အကြီးဆုံး၊ အရေးအပါဆုံး ဟိန္ဒူ ဘုရားကျောင်းကြီး ဖြစ်ပါတယ်။ ၈ ရာစုနှစ် ကတည်းက စဆောက်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်း ဘုရားကျောင်းတွေ ထပ်ထပ်ဆောက်ရင်း အကြီးကြီး တောင်စောင်းတလျှောက်ဖြစ်လာတယ် ဆိုပါတယ်။ အရှေ့မြောက်ဘက်ကို ကြည့်လိုက်ရင် နောက်ဘက်မှာ Mount Agung တောင်ကြီး နောက်ခံနဲ့ ဘုရားကျောင်းကို တွေ့ရမှာ ဖြစ်ပြီး၊ ဘုရားကျောင်းပေါ် တောင်စောင်းကနေ အနောက်တောင်ဘက်ကို ကြည့်လိုက်ရင်တော့ ဘာလီ တကျွန်းလုံးကို အပေါ်စီးကနေ လှပစွာ မြင်ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ သွားတုန်းကတော့ မိုးရွာနေလို့ ဘာမှ မမြင်ခဲ့ရပါဘူး။Besakih ဘုရားကျောင်းကို သွားမယ်လို့ ကားဆရာကို ပထမဆုံး ပြောတဲ့ အချိန်က သူ့ကြည့်ရတာ သိပ်သွားချင်ပုံ မရသလိုဘဲ လားလို့။ ဝေးလို့များလားပေါ့။ အခု Kintamani ကအပြန် အဲဒီကို သွားတဲ့လမ်းမှာ သူက 'အဲဒီက လူတွေက မကောင်းဘူး' လို့ ပြောပြန်တယ်။ လမ်းကြုံနေတဲ့ အတွက် ဝေးတာနဲ့တော့ မဆိုင်တော့ဘူး၊ ဘာတွေ မကောင်းတာလဲ တော့ မသိဘူးပေါ့။ ထပ်တော့ မမေးမိလိုက်ဘူး။
အဲဒီကို ရောက်တော့ မိုးတွေက သဲသဲမဲမဲ ရွာနေတုန်း။ ဝင်ခွင့်လက်မှတ်ကို သူသွားပြီး ဆင်းဝယ်ပေးတယ်။ တစ်ယောက် ရူပြား တစ်သောင်းခွဲ။ ဘုရားကျောင်း အဝင်နားရောက်တော့ သီရိက သူအသင့်ဝယ်လာတဲ့ တစ်ခါသုံး မိုးကာ တွေပေးတာနဲ့ ဝတ်ပြီး၊ ကားပေါ်ကဆင်းတော့ ခါးစည်းတွေလာပေးတဲ့ သူတွေက ခါးစည်း မဖြစ်မနေ အားလုံးစီးရမယ်၊ ခါးစည်းငှားခ တစ်ခု တစ်သောင်း ဆိုလို့ ပိုက်ဆံထုတ်ပေး လိုက်တယ်။ Uluwatu မှာတုန်းက အလကားငှားပေးပြီး၊ ဒီကလူတွေကကျ ငှားခပေးရတယ်။ ရိတ်တယ်ဟ လို့တွေးမိပါတယ်။ ပိုက်ဆံများလို့ မဟုတ်ပါဘူး အဲဒီအတွက် ပေးရတယ် ဆိုလို့ပါ။ အဲ အထဲဝင်မယ် ဆိုတော့ အဲဒီက ရိုးရာ ဝတ်စုံ ဝတ်ထားတဲ့ ယောက်ျား တချို့နဲ့ ကားဆရာ နဲ့ စကား တချို့ ပြောပြီး၊ မျက်စိမျက်နှာ သိပ်မသာမယာနဲ့ ကားဆရာက "အထဲကို ဝင်ဖို့ တိုးရစ်ဂိုက်တစ်ယောက် မဖြစ်မနေငှားရမှာ ဖြစ်ပြီး ရူပြား သုံးသိန်း ပေးရမယ်၊ ဝင်မှာလား" လို့မေးပါတယ်။ သဘောက ရူပြားသုံးသိန်း မပေးရင် မဝင်ရဘူးပေါ့။ မိုက်ကြေးခွဲ တာပေါ့လေ။
တစ်နေ့လုံး ပင်ပင်ပန်းပန်း ကားမောင်းပို့ရတဲ့ ကားဆရာတောင် ကားခ ရူပြား လေးသိန်းခွဲမှာ မနက်က ကားဆီဖြည့်တာ ရူပြား နှစ်သိန်းဖိုးလောက် ဆိုတော့ အုံနာဖိုးပါထပ်နုတ်လိုက်ရင် ဘယ်လောက်မှ မကျန်ဘူး၊ သူက ဘုရားကျောင်းကို တပတ် ပတ်ပြယုံနဲ့ ရူပြား သုံးသိန်း ဆိုတော့ မတရားတောင်းတယ်လို့ တွက်ဆမိပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဝင်ပေါက်မှာ တရားဝင် ဝင်ကြေး ပေးထားပြီးသားပါ။ အပန်းဖြေလာတဲ့ အခိုက် တော်ရုံတန်ရုံ နည်းနည်းပါးပါး ဆိုလည်း သိပ်မပြောတော့ဘူးလို့ စဉ်းစားထားပါတယ်။ ဒါနဲ့ အဖေ့ကို လှမ်းကြည့်လိုက်တော့ အဖေတို့က မဝင်ဘူးလို့ ပြောပါတယ်။ အဖေက ဂိတ်ပေါက်မှာ ဝင်ခွင့် လက်မှတ်ရောင်း ထားတဲ့ သူတွေကို ပြန်သွားပြော မလို့ပါ။ ဒါနဲ့ မဝင်တော့ဘူး လို့ ပြန်ဖြေလိုက်ပါတယ်။ ဘာဆက်လုပ်ရ မလဲ ဖြစ်နေကြတုန်း၊ ဘာမှတောင် မပြောရသေးဘူး၊ ချက်ချင်းပဲ အဲဒါဆို တစ်သိန်းပဲ ပေးတော့တဲ့။ အဲဒါနဲ့ အိုကေ ဆိုပြီး စျေးတည့်သွားတယ်။
နောက်ဆုံး အားလုံးပေါင်း ပေးလိုက်ရတာ ပြန်တွက်ကြည့်ရင်လည်း Tanah Lot ဘုရားကျောင်း နဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် တရားဝင် လက်မှတ်မှာ စျေးသက်သာပြီး၊ အဲလိုတွေ တောင်းတာခံရတော့ စိတ်က အီလည်လည်နဲ့ ဘယ်လိုပြောရမလဲ၊ မြန်မာပြည်မှာ ကင်မရာခွန်ဆိုပြီး ထပ်အကောက်ခံရ သလိုမျိုး သိပ် ဘဝင်မကျဘူးပေါ့။ ကားဆရာကတော့ အပြန်မှာ ဒီလို လူတွေ လုပ်တာနဲ့ အဲဒီဘုရားကျောင်းတို့၊ ဘာလီတို့တော့ နာမည်ပျက်တော့ မှာပဲဆိုပြီး မျက်နှာ ပူပူနဲ့ ပြောရှာပါတယ်။ ဘုရားကျောင်းထဲ ဝင်တော့ လမ်းမှာ ကလေးတွေက ဓာတ်ပုံ အစရှိတဲ့ အမှတ်တရ ပစ္စည်းတွေကို အတင်းလိုက်ရောင်းပါတယ်။ ပို့စကတ်ပုံ ၅ ပုံကို ရူပြားတစ်သောင်း လို့ ကြားလို့ ဝယ်လိုက်တော့ သုံးပုံပဲ ပေးပြီး ငါးပုံဆိုရင် အဲစျေးမဟုတ်ဘူး ထပ်ပေးရမယ်လို့ ပြောပါတယ်။ အိုကေပါပြီ လို့ပဲ ပြောဖြစ်ပါတယ်။ အစကတည်းက သူတို့လေးတွေကို မုန့်ဖိုး ပဲဖိုးလေးပဲ ဖြစ်ဖြစ် ရစေလိုတဲ့ သဘောနဲ့ ဝယ်လိုက်တာဆိုတော့။
A View Point
Besakih ကပြန်လာတော့ လမ်းမှာ Bukit Jambul ဆိုတဲ့ ရှုခင်းလှတဲ့ တနေရာ တွေ့တာနဲ့ ကားဆရာကို ရပ်ခိုင်းပြီး ဓာတ်ပုံဆင်းရိုက်ကြသေးတယ်။လေဆိပ်နားက ပင်လယ်ပေါ်မှာ ဖြတ်ပြီး ဖောက်ထားတဲ့ ကားလမ်းမကြီးကလည်း တစ်မျိုးလေး လှပါတယ်။
Discovery Shopping Mall
ဟိုတယ်ပြန်ရောက်တော့ Discovery shopping mall ထဲကပဲ အောက်ထပ်က ဟိုတယ် reception နားက Solaria ဆိုတဲ့ စားသောက်ဆိုင် တဆိုင် မှာပဲ စားကြတယ်။ ဆိုင်က သိပ်မကြီး ပေမယ့် လူတွေအများကြီး စားနေကြတာ။ အဆင်ပြေပါတယ်။ အားလုံးပေါင်းမှ ရူပြား နှစ်သိန်းကျော်ပဲ ကျတယ်။ ပြီးတာနဲ့ ရှေ့နားက Batik Keris ဆိုတဲ့ ပါတိတ်အထည်တွေ ရောင်းတဲ့ ဆိုင်မှာ အမေတို့၊ သီရိတို့ စျေးဝယ်ကြတာ။ ဆိုင်ကြီးက တော်တော်ကို ကြီးတာ။ ကလေးတွေ အထဲမှာ လျှောက်ဆော့လို့ရတယ်၊ ထိုင်စောင့်ဖို့ ခုံရှည်တွေလည်းရှိတယ်။ နောက်တော့ ဆိုင်ထဲမှာပဲ ရှေ့ဘက်နားက အအေးတွေ ရောင်းတဲ့ နေမှာသွားပြီး အအေးတို့၊ ဘီယာသောက်ရင်း ထိုင်စောင့်လို့လည်း ရတယ်။အပြန်
နောက်နေ့ မနက်ပြန်တော့ ကားဆရာက လေဆိပ်ကို လိုက်ပို့ခကို ကြိုက်သလောက်ပဲ ပေးပါတဲ့။ အလာတုန်းက အတိုင်း ရူပြား တစ်သိန်းခွဲ ပေးလိုက်ပါတယ်။ သူ့အတွက် ထပ်ပြီး tip ရူပြား သုံးသိန်း ပေးလိုက်ပါတယ်။ လေဆိပ်ထဲဝင်တော့ မြန်မာပြည်မှာလိုပဲ လူတယောက် ရောက်လာပြီး မပြောမဆိုနဲ့ အထုပ်တွေဝင်ဆွဲ၊ လှည်းပေါ်တင်ပေးပြီး၊ လှည်းကို လေဆိပ်ပေါက်ထိ လိုက်တွန်းပေးတာ။ ကျွန်တော်က ရူပြားသုံးသောင်း ထုတ်ပေးတော့၊ မရဘူးတဲ့ ငါးသောင်း ပေးရမယ် ဆိုလို့ အကြွေတွေရှာပြီး ပေးရသေးတယ်။ အဲလို စျေးအတိအကျ သတ်မှတ်ထား ရင်လည်း ပြောပြောကစော ပါတော့လား၊ ကိုယ့်ဟာကိုယ် တွန်းမှာပေါ့လို့ :P ။ နောက် လေဆိပ်ဂိတ် ဖြတ်ပြီးတဲ့ အခါ လေယာဉ်မထွက်ခင် အထဲကဆိုင်တွေမှာ စျေးထပ်ဝယ်ကြ၊ စားသောက်ဆိုင်မှာ စားကြတယ်။ပြန်စဉ်းစားကြည့်မှ ဘာလီမှာ ကမ်းခြေကို လုံးဝ မဆင်းခဲ့ရဘူး။ ဘာလီခရီးစဉ်ကို အားလုံး ခြုံပြောရရင်တော့ ပျော်ရွှင်၊ အဆင်ပြေ၊ ကျေနပ်ခဲ့တဲ့ ခရီးတစ်ခုပါ။
No comments:
Post a Comment