Search This Blog

Thursday, January 8, 2015

Photographing the Night Sky

ညအချိန် ကြယ်တွေကို ဓာတ်ပုံ ရိုက်ကြည့်ချင်နေတာ ကတော့ ကြာပြီ။ The Mountain ဆိုတဲ့ ဗွီဒီယိုလေးကို ကြည့်မိပြီး တော်တော် သဘောကျဖူးတယ်။ ဒါပေမယ့် စင်ကာပူမှာက ကောင်းကင် မကြည်လင်တဲ့ ညကများတယ်။ တစ်ခါက ကြယ်တွေကို နည်းနည်းမြင်ရလို့ ဆိုပြီး အိမ်နောက်နားက နည်းနည်းမှောင်တယ် ထင်တဲ့ဖက်ကို သွားရိုက်ကြည့်ဖူးတယ်။ အဲဒါတောင် အနီးအနားက လမ်းမီးတွေ၊ တိုက်တာတွေက ထွက်တဲ့ အလင်းရောင် light pollution တွေက များလွန်းလို့ ထွက်လာတဲ့ ပုံတွေက တစ်ပုံလုံး ဖွေးသာသွားတယ် ကြယ်တွေက ကောင်းကောင်းတောင် မပေါ်ဘူး။ ဒါနဲ့ စိတ်ပျက်ပြီး RAW ဖိုင်တွေကစ အကုန်ပြန်ဖျက်လိုက်တယ်။ လက်ရှိကင်မရာ Nikon D300s ကလည်း ငါးနှစ်လောက်တောင် ရှိပြီဆိုတော့ သူ့ရဲ့ DX Sensor လေးက နောက်ထွက်တဲ့ Sensor တွေနဲ့ စာရင် အလင်းရောင်အားနည်းတဲ့အခါမှာ noise တွေပိုများ လို့များလားပေါ့။ မန္တလေး နားက မြခနောက် တောင်ထိပ်လို နေရာမျိုးကို တက်ရိုက်ရရင်တော့ မဆိုးလောက်ဘူးလို့ စဉ်းစားမိတယ်။

တစ်လောက ကိုညီလင်းသစ် ဘလော့ဂ် မှာ နဂါးငွေ့တန်းကြီး ကို ဓာတ်ပုံရိုက်ထားတာ တွေ့တော့လည်း အရမ်းသဘောကျမိ ပြန်တယ်။ မြန်မာပြည်ကို လည်း တော်တော်နဲ့ မပြန်ဖြစ်ပဲ ကြားထဲမှာ အဲလို ပုံတွေ ဘယ်လိုရိုက်ရသလဲ ဆိုတဲ့ အကြောင်းတွေ ကြုံရင်ကြုံသလို ဖတ်ရင်းပေါ့။ နောက် Tokina 16-28mm f/2.8 FX Nikon mount lens လေး ဝယ်ဖြစ်တယ်။ အခု ၂၀၁၄ နိုဝင်ဘာမှာ မြန်မာပြည် မန္တလေးကို ခဏ ပြန်ဖြစ်တော့ အလင်းညစ်ညမ်းမှု သိပ်မရှိတဲ့ နေရာ တစ်နေရာ ရှာပြီး စမ်းရိုက်ကြည့်ဖို့ စိတ်ကူးရတယ်။

ဒါနဲ့ မန္တလေး နည်းပညာ တက္ကသိုလ် ကို ရေတံခွန်တောင် ဂေါက်ကွင်း ဖက်ကနေ သွားတဲ့လမ်းပေါ်က တနေရာမှာ ရိုက်ဖြစ်တယ်။ အဲဒီနေ့က တန်ဆောင်မုန်း လကွယ်ဆိုတော့ လကြောင့်ဖြစ်တဲ့ အလင်းညစ်ညမ်းမှု ကတော့ မရှိတော့ဘူး။ ဒါတောင် အနောက်ဖက် ကောင်းကင်မှာ မန္တလေးဖက်က အလင်းရောင် ညစ်ညမ်းမှု တွေက အနှောက်အယှက်ရှိနေတုန်းပဲ။ အစကတော့ ညီအငယ်ဆုံးလေး ကလည်း ဓာတ်ပုံရိုက်တာ ဝါသနာပါတော့ သူနဲ့အတူ ညီအကို နှစ်ယောက်သွားရိုက်ကြဖို့။ သူ့ကင်မရာက Nikon D90။ အချိန်က ညသန်းခေါင်နီးနေတော့ အဲဒီလောက် လူသူပြတ်တဲ့ နေရာကို ကင်မရာ ပစ္စည်းထုပ်တွေထမ်းပြီး ညီအကိုနှစ်ယောက်ထဲ သွားရမှာ စိတ်သိပ်မချတာနဲ့ အဖေ့ကိုပါ လိုက်ပို့ဖို့ နားပူနားဆာလုပ်ပြီး သုံးယောက်သွားကြတယ်။

အစကတော့ မြွေပါးကင်းပါး ကလည်းစိတ်ပူမိသေးတယ်။ စက်မှုတက္ကသိုလ် ကျောင်းသား ဘဝတုန်းကတော့ အဲဒီလမ်းတွေ ပေါ်မှာက မြွေတွေဘာတွေ ဖြတ်သွားတာမျိုးက ခဏခဏတွေ့ဘူး တာကိုး။ ကားလမ်းနဘေး ဖြစ်ပြီး ကားသံတွေဘာတွေ ရှိတာကြောင့်ရော၊ ခြုံပုတ်တွေ၊ မြက်ပင်တွေ မရှိပဲ ရှင်းနေပြီး မြေကွပ်လပ်လေး ဖြစ်နေကြောင့်ရော နည်းနည်းတော့ စိတ်အေးသွားတယ်။ ကင်မရာတွေ ဘာတွေ ဆင်နေတုန်း ခဏရှိသေးတယ် ခြင်တွေက တဝီဝီ စရောက်လာ တာနဲ့ အဆင်သင့်ယူလာတဲ့ ဓာတုဗေဒ ပစ္စည်းတွေ မပါပဲ lemon ကနေလုပ်ထားတဲ့ ခြင်ဆေးလေး ထုတ်ကပ်လိုက်တော့ မလာတော့ဘူး။ အလင်းရောင်သိပ် မစူးမပြင်းတဲ့ LED လက်နှိပ်ဓာတ်မီး သေးသေးလေး ပါတာက လည်း အဆင်ပြေတယ်။ အမှန်တော့ ညသန်းခေါင်မှာ ဒီလမ်းပေါ်မှာ လူတော်တော်ရှင်းရမှာ။ ဒါပေမယ့် အဲဒီညက ရှမ်းနှစ်သစ်ကူးညမို့ ၃၅လမ်း ရှမ်းပွဲကနေ လာကြတာလား မသိဘူး ကားတွေ၊ ဆိုင်ကယ်တွေ ခဏခဏ ဖြတ်သွားတယ်။ ကံကောင်းတာက ရာသီဥတုက တော်တော်ကြည်လင်တယ်။ မန္တလေးမှာ ရာသီဥတုက အေးနေပြီ။ နှင်းတွေကျ နေတဲ့ လယ်ကွင်းတွေ အလယ်မှာ အေးလို့အေးရကောင်းမှန်း မသိအောင်ကို ကြယ်တွေဖွေးနေတဲ့ ကောင်းကင်ကြီးက ကြည့်မဝ နိုင်အောင် အရမ်းလှနေတယ်။

ပထမဆုံး စမ်းရိုက်ကြည့်တာ ဆိုပေမယ့် ထင်ထားတာထက် ပိုကျေနပ်စရာကောင်းတဲ့ ပုံလေး ရခဲ့တယ်။ မှန်ဘီလူးကို 16mm မှာထားပြီး aperture f/2.8 နဲ့ shutter 30s ထားပြီးရိုက်ထားတာ။ ညကမှောင်လွန်းတာကြောင့် ကင်မရာရဲ့ autofocus ကအလုပ်မလုပ်ပါဘူး။ ကြယ်တွေကို focus မိအောင် ချိန်ဖို့အတွက် lens ကို manual နဲ့ infinity အမှတ်အသားနား ရောက်အောင်လှည့်ပြီး အကြမ်းချိန်ပါတယ်။ ပြီးတော့ ကင်မရာရဲ့ live view ကိုဖွင့်ပြီး တောက်ပတဲ့ ကြယ်တစ်လုံးကို ချိန်ပြီး zoom ကို အဆုံးထိနှိပ်နှိပ်ပြီး ချဲ့ပြီးတဲ့ အခါ မြင်ရတဲ့ အစက်ကလေး ကို အသေးဆုံးဖြစ်အောင် focus ring ကို ဖြည်းဖြည်းချင်း လှည့်လှည့်ပြီး ချိန်လိုက်ပါတယ်။

ကြယ်တွေကို ရိုက်တဲ့အခါမှာ 500 rule ကိုသုံးကြတယ်။ 500 rule ဆိုတာက ၅၀၀ ကို မှန်ဘီလူးရဲ့ focal length နဲ့စားပြီးရတဲ့ တန်ဖိုးကို အကြာဆုံး shutter speed အနေနဲ့ ခန့်မှန်းတာကို ပြောတာပါ။ အခုပုံမှာဆို ၅၀၀ ကို မှန်ဘီလူးရဲ့ ဖိုကယ် ၁၆ နဲ့ စားတော့ ၃၁.၂၅ စက္ကန့်ထက် ပိုမကြာသင့်ဘူး လို့ အကြမ်းဖျင်းခန့်မှန်းလို့ရပါတယ်။ ကြယ်တွေက နေလိုပဲ အရှေ့ကထွက်ပြီး အနောက်မှာဝင်တဲ့အတွက် ကြာလာရင် အစက်အပြောက် မဟုတ်တော့ပဲ ရှည်မျောမျော ဖြစ်လာတဲ့ အတွက်ကြောင့်ပါ။ တကယ်တော့ အရှေ့နဲ့ အနောက် အီကွေတိုရီယယ် တလျှောက် မှာရှိတဲ့ ကြယ်တွေက တောင်မြောက် ဝင်ရိုးစွန်း တဝိုက်က ကြယ်တွေထက် ပိုပြီး ရွေ့လျားတာ မြန်ပါတယ်။

အခု အပေါ်ကပုံမှာဆိုရင် ညာဖက်အပေါ်နားမှာ ကြယ်တွေထဲမှာ အတောက်ပဆုံးမြင်ရတဲ့ ဆီးရီးယက်စ် (Sirius) ကိုမြင်ရတယ်။ ဘယ်ဘက်စွန်း ရှမ်းရိုးမတောင်တန်းကြီးရဲ့ ထိပ်ကပ်ရပ်မှာက ထွက်တယ်ဆိုရုံလေး ထွက်လာခါစ ကြာသပတေးဂြိုဟ် (Jupiter)။ ဘယ်ဘက် အပေါ်ပိုင်းနားမှာ ကြယ်တွေစုစုလေးဖြစ်နေတဲ့ (Beehive Cluster) လို့ခေါ်တဲ့ star cluster လေးကိုပါမြင်နေရတယ်။

အဲဒါက အရှေ့ဖက်က ရှမ်းရိုးမ တောင်တန်းကြီးပေါ့။ အဲဒီရဲ့ မြောက်ဖက်မှာတော့ ရန်ကင်းတောင် ရှိပါတယ်။ မြောက်ဝင်ရိုးစွန်းနဲ့ တည့်တဲ့ ဓူဝံကြယ်ဖက်ကို လှည့်ပြီး ခုနကလို ပုံတွေ သုံးဆယ်စက္ကန့်တစ်ခါ တောက်လျှောက် ပုံခြောက်ဆယ်လောက် ရိုက်လိုက်တယ်။ Nikon D300s မှာ interval timer shooting ပါတဲ့ အတွက် ကင်မရာကို Timer ပေးထားလိုက်ရင် သူ့ဟာသူ အလိုအလျောက်ရိုက်နေတာ ကို ကိုယ်က ထိုင်စောင့်နေရုံ ပဲပေါ့။ အဲဒါ မပါတဲ့ ကင်မရာတွေမှာ ဆိုရင်တော့ intervalometer လို့ခေါ်တဲ့ shutter ကို အလိုအလျောက် ထိန်းပေးတဲ့ ကိရိယာ လေးကို သပ်သပ်ဝယ် ဖို့လိုပါတယ်။ ပုံတွေအများကြီး ရိုက်တာက အဲဒီပုံတွေကို ပေါင်းပြီး star trail ပုံလုပ်ဖို့ရယ်။ နောက် အဲဒီပုံတွေနဲ့ပဲ Time-lapse ဗွီဒီယို လုပ်ဖို့ ရည်ရွယ်ချက်နဲ့ပါ။

အခုလို နိုဝင်ဘာလ ဆိုတာက နဂါးငွေ့တန်း ဂလက်ဆီကြီးရဲ့ အလယ်ဖက်ကို နေကရောက်နေပြီး၊ ညအချိန်မှာတော့ နဂါးငွေ့တန်းရဲ့ ကြယ်တွေသိပ်မထူတဲ့ ပါးလျတဲ့ ဖက်ကို ပဲမြင်နိုင်တော့တာပါ။ နဂါးငွေ့တန်း ဂလက်ဆီကြီးကို ရိုက်ချင်ရင် သြဂုတ်လ ဝန်းကျင်မှာ အကောင်းဆုံး လို့ပြောလို့ရပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ရာသီဥတုက မိုးရာသီဖြစ် နေတဲ့အတွက် ကောင်းကင်ကြည်လင် တဲ့အချိန်ကို စောင့်ရိုက်ဖို့လိုပါမယ်။ ကမ္ဘာတောင်ခြမ်း ဒါမှမဟုတ် အင်ဒိုနီးရှားက ဘရိုမို (Bromo) လောက်ဆိုရင်တော့ ပိုအဆင်ပြေလောက်မယ် ထင်ပါတယ်။

နောက်တရက်မှာတော့ အလင်းညစ်ညမ်းမှု ပိုနည်းအောင်ဆိုပြီး ဦးလေးက ကူမဲ မြို့ဖက်က မန္တလေးနဲ့ မိုင်ငါးဆယ်လောက် ဝေးတဲ့ ကင်းတားဆည်ရဲ့ ဆည်မြောင်း နားမှာရှိတဲ့ သူ့ရဲ့ခြံကို ညအိပ်ခရီး​ ခေါ်သွားပါတယ်။ ခေါင်သီ လို့ခေါ်တဲ့ ရွာနားမှာပါ။ ဒီတစ်ခါတော့ ပုံတွေကို တစ်နာရီခွဲ၊ နှစ်နာရီ စာလောက်ရိုက်မယ်လို့ စိတ်ကူးထားပါတယ်။

ဒါက အဲဒီမှာ ရိုက်ခဲ့တဲ့ ပုံထဲက တစ်ပုံပါ။ ဓာတ်ပုံထဲမှာ ဘယ်ဖက်အောက်နား သစ်ပင်ထိပ်ဖျားဖက်ကနေ ညာအပေါ်ဖက် M ပုံရှိတဲ့ Cassiopeia constellation ဖက် တလျှောက် နဂါးငွေ့တန်းကြီးကို မှိန်ပြပြ မြင်နိုင်ပါတယ်။ သာမန်မျက်လုံးထဲမှာဆိုရင်တော့ ဖြူလွှလွှ မီးခိုး၊တိမ် အငွေ့တန်း လိုလို မြင်ရပါတယ်။ ညီအငယ်ဆုံးကတော့ မျက်စိစူးတယ် ဆိုရမလား၊ တန်းပြီး နဂါးငွေ့တန်းကြီးက ဒီတလျှောက်ကြီး မြင်နေရတယ်ဆိုပြီး ပြတယ်။ ကိုယ်တွေကတော့ ခဏနေမှ တွေ့တယ်။ ဖုန်းထဲက android app Solar System 3D ဆိုတာနဲ့လည်း ပြန်တိုက်ကြည့် မိတယ်။ အဲဒီတုန်းက မကြည့်မိပဲ ပုံတွေ နဲ့ Stellarium ကိုပြန်ကြည့်ပြီးမှ အံ့သြမိတာက အဲဒီပုံထဲမှာ Andromeda Galaxy ကိုပါမြင်နေရတာပါ။ သိပ်မဝေး တော့တဲ့ အနာဂါတ်မှာ ကျွန်တော်တို့ ရဲ့ Milky Way Galaxy ကြီးနဲ့ ဝင်တိုက်၊ ပေါင်းစပ်တော့မယ် ဆိုတဲ့ဟာပေါ့။ အခုဟာက 16mm မှန်ဘီလူးနဲ့ ရိုက်ထားလို့။ 50mm prime lens ဒါမှမဟုတ် 200mm zoom lens လိုဟာမျိုးနဲ့၊ equitorial tracker လိုမျိုး၊ ဒါမှမဟုတ် DeepSkyStacker လိုမျိုး ဟာတွေသုံးရင် ပိုကောင်းကောင်းမြင်ရလောက်တယ်။ အခုလောလောဆယ်တော့ အဲလို deep sky object တွေရိုက်ဖို့ စိတ်မကူး နိုင်သေးပါဘူး။

ကင်မရာကို Tripod တွေ ဘာတွေပေါ်မှာ သေချာဆင်။ Timer ပေးပြီး တူဝရီးတွေက တောင်ကြီး အေးသာယာက ဝယ်လာတဲ့ ဝိုင်လေးသောက်လိုက်၊ တခြား စားစရာတွေ စားလိုက်နဲ့ ထိုင်စောင့်ကြပါတယ်။ ညီအငယ်ကလည်း သူ့ကင်မရာနဲ့ လျှောက်ရိုက်ပါတယ်။ နောက်မှ ထကြည့်တော့ Timer ပေးတုန်းက Setting တစ်ခု နားလည်မှုလွဲသွားတဲ့ အတွက် နာရီဝက်နဲ့ ရပ်သွားတာကို သတိပြုမိပါတယ်။ မနက်ကို စောစောထ ပြန်ဖို့ရှိတာရော ချမ်းချမ်းစီးစီး အစက ပြန်မရိုက်ချင်တော့တာရော ကြောင့် ပုံတစ်ချို့ပဲ ထပ်ရိုက်ပြီး ပြန်ခဲ့ပါတယ်။ တပုံ ကို စက္ကန့် သုံးဆယ်နဲ့ တပုံပြီးတပုံ ဆက်တိုက်ရိုက်ပြီး ရလာတဲ့ပုံ ၆၀ လောက်မှာ ကြယ်လေးတွေရဲ့နေရာက နောက်ပုံမှာ ရှေ့ကပုံထက် နည်းနည်းလေး ဖြည်းဖြည်းချင်း လည်ပြီး ရွေ့နေတာပါ။ ဝင်ရိုးစွန်းနဲ့ တည့်တဲ့ ဓူဝံကြယ်ကို ဗဟိုပြုပြီး တပုံနဲ့တပုံ နေရာနည်းနည်းပဲရွေ့နေတဲ့ ကြယ်တွေရဲ့ပုံကို StarStaX ဆော့ဖ်ဝဲ သုံးပြီး ပေါင်းလိုက်တဲ့ အခါ ကြယ်အလင်းစက်လေးတွေက ဆက်သွားပြီး ကြယ်အလင်းတန်းရှည် star trail ဖြစ်သွားပြီး အောက်ကပုံလေးကို ရလာပါတယ်။

ညဓာတ်ပုံတွေ ရိုက်ရတာ အရှိန်ပါသွားလို့လား တော့မသိဘူး။ နောက်တစ်ခါ ရန်ကုန်ကို ခဏသွားရတော့လည်း ညပိုင်းမှာပဲ သူငယ်ချင်းခေါ်သွားတဲ့ ကန်တော်ကြီးမှာ နည်းနည်းရိုက်ဖြစ်တယ်။ လပြည့်ရက် ဝန်းကျင် ဖြစ်တာတကြောင်း၊ အလင်းညစ်ညမ်းမှု တွေများတာတကြောင်းမို့ ကြယ်တွေကိုတော့ မရိုက်ဖြစ်ခဲ့ဘူး။

No comments:

Post a Comment