Search This Blog

Thursday, August 3, 2017

KiCad အားစတင်အသုံးပြုခြင်း

KiCad ဆိုတဲ့ free software လေးက PCB ဆားကစ်ဘုတ်တွေ ဒီဇိုင်း လုပ်ဖို့ တော်တော် အဆင်ပြေတယ်။ အလကားပေးထားတာရယ်၊ ကန့်သတ်မှုတွေ မရှိပဲ စိတ်ကြိုက်သုံးနိုင်တာတွေရယ်ကိုတော်တော်သဘောကျမိတယ်။ စီးပွားဖြစ် အမြောက်အများထုတ်ရင် အသုံးဝင်တဲ့ BoM ၊ Gerber ဖိုင် လိုမျိုးတွေထုတ်ဖို့၊ ဒီဇိုင်းကို 3D မြင်ကွင်းနဲ့ ကြည့်ဖို့ တွေအတွက်ပါ ကိရိယာတွေပါတယ်။ Olimex တို့လို နာမည်ကြီး development ဆားကစ်ဘုတ် ပစ္စည်းကိရိယာ တွေလုပ်ရောင်းတဲ့ ကုမ္ပဏီတွေတောင် အခုနောက်ပိုင်း KiCad ကို ပြောင်းသုံးတယ်ဆိုပါတယ် [KiCad on Wikipedia]



ကျွန်တော် ကိုယ်တိုင်လည်း ဆားကစ်ဘုတ် တချို့လုပ်ပြီး သုံးကြည့်တာ အားလုံး အဆင်ပြေတာ တွေ့ရတယ်။ ဒါနဲ့ ကိုယ်တိုင်သုံးကြည့်လို့ ရတဲ့ အတွေ့အကြုံ၊ နည်းလမ်းလေးတွေကို စုပြီး မှတ်ထားချင်တာနဲ့ ၊ သူ့ရဲ့ Getting Started guide နဲ့ပေါင်းစပ်ပြီး၊ ကောင်းမယ်ထင်တဲ့ နမူနာလေးတွေနဲ့ မြန်မာလို KiCad သုံးနည်းစာအုပ်လေး ရေးဖြစ်တယ်။ စိတ်ဝင်စားရင် အောက်ကလင့်ခ်မှာ ယူပြီး ဖတ်ကြည့်ပါဦး။

https://yan9a.github.io/KiCad/kicadmm.pdf

အပေါ်ကပုံလေးကတော့ KiCad ကို သုံးပြီး design လုပ်ထားတဲ့ အလွှာ ၈ လွှာပါတဲ့ 8 layered PCB လေးပါ။ အလကား ပေးတာ ဆိုပေမယ့် သုံးရတာ လွယ်ကူ အဆင်ပြေပြီး တော်တော်ကောင်းပါတယ်။ Project manager ပါတယ်။ Schematic ပုံတွေဆွဲ ဖို့ Eeschema ဆိုတဲ့ editor ပါတယ်။ ဆွဲပြီးရင် electrical rule check လုပ်လို့ရတယ်။ Bill of Material ကို generate လုပ်လို့ရတယ်။ Component အသစ်တွေအတွက် library ဖန်တီးရတာလွယ်တယ်။ သုံးရင်း သုံးရင် နောက်ပိုင်းကြ component တခုသုံးမယ်ဆို library ရှိပြီးသားလားလို့ online မှာ တောင် မရှာတော့ ဘူး။ ကိုယ့်ဟာကိုယ်ပဲ ဆွဲလိုက်တော့တယ်။ ပိုလွယ်လို့ ။ Pcbnew ဆိုတဲ့ PCB layout editor ပါတယ်။ Footpirnt editor ပါတယ်။ ဆွဲပြီးရင် design rule check လုပ်လို့ရတာကလဲ တော်တော်အဆင်ပြေတယ်။ အခုဒီကောင်လေး ကို ဆွဲတော့ လည်း အထဲမှာ ဆက်သွယ်တဲ့ လျှပ်စစ်ကြိုးလိုင်းလေးတွေက ရာချီပြီး အများကြီး ဆက်ရတာ ဆိုတော့ ပြန်စစ်လိုက်မှ မေ့ကျန်တာတွေ ပြန်တွေ့ပြန်ဆက်ရတာတွေရှိတယ်။ Clearance မလွတ်တာတွေ ပြတယ်။ ပြီးရင် manufacture လုပ်ဖို့ Gerber ဖိုင်၊ drill ဖိုင်တွေ ထုတ်ရတာလည်း လွယ်တယ်။ Drill ဖိုင်တွေဆို buried via တွေပါတဲ့ အခါ layer တွေ သူ့အတွဲနဲ့ သူ အကုန် ထုတ်ပေးတယ်။ Gerber viewer ပါတယ်။ 3D viewer နဲ့ ထွက်လာမယ့် PCB ကို ကြည့်လို့ရတယ်။ အခု ဒီ PCB လေးဆို လျှပ်စစ် လမ်းကြောင်း trace လေးတွေ နဲ့ clearance က ဆံချည်မျှင်လောက်လေး ၀.၁ မီလီမီတာ ပဲရှိတယ်။ ကပ်ရပ် အလွှာ အချင်းချင်းဆက် ပေးတဲ့ Microvia တွေ၊ ထုတ်ချင်းပေါက် မဟုတ်ပဲ အထဲ အလွှာ တွေမှာတင် ရပ်သွားတဲ့ blind via တွေ၊ အပြင်ကို မရောက်ပဲ အထဲ မှာရှိတဲ့ အလွှာတွေအချင်းချင်း ဆက်ဖို့ မြှုပ်ထားတဲ့ buried via တွေ သုံးထားတာ က အချင်း ၁၀၀ မိုက်ကရိုမီတာ ပဲ ရှိတဲ့ အပေါက် ပုစိညှောက်တောက် သေးသေးလေးတွေ။ သုံးထားတဲ့ dual core ARM မိုက်ကရို ကွန်ထရိုလာက 3 မီလီမီတာ ပဲ ရှိတဲ့ chip သေးသေးလေး WLCSP (wafer level chip-scale package) နဲ့၊ footprint က BGA (Ball Grid Array) ကိုမှ pitch က သေးတော့ blind via တွေ ကမသုံးမဖြစ် သုံးရ ရော။ Assembly လုပ်ဖို့ နဲ့ soldering အတွက်က stencil လုပ်မှ ရတော့တယ်။ အကုန်လုံးက ပထမဆုံး အကြိမ် လုပ်ကြည့်တာ ဆိုတော့ အဆင်ပြေပါ့မလား စိတ်ပူမိပေမယ့်၊ အခုရောက်လာတဲ့ ကောင်တွေ test လုပ်ကြည့်တော့ အကုန်လုံး အနာအဆာမရှိ OK နေတာ တွေ့တော့ တော်တော် သဘောကျသွားတယ်။

အောက်ကပုံကတော့ ပီဇို actuator တွေကို မောင်းနှင်ပေးနိုင်တဲ့ ဗို့အားမြင့် amplifier လေးတစ်ခုပါ။ ကြေးအလွှာ လေးလွှာပါပြီး အရွယ်အစား သေးသေးလေးမှာ ဗို့အား တစ်ရာကျော်ထုတ်ပေးနိုင်တဲ့ amplifier သုံးစုံပါပါတယ်။ KiCad နဲ့ ဒီဇိုင်းလုပ်၊ gerber ဖိုင်ထုတ် လုပ်လိုက်ပြီး စမ်းကြည့်တော့ တစ်ခါထဲ နဲ့အဆင်ပြေ သွားတာကိုတွေ့ရပါတယ်။

No comments:

Post a Comment